Yangon Water Bus ခရီးစဉ်အတွက် တိုးချဲ့ပြေးဆွဲရန် ရေယာဉ်အသစ်ငါးစင်း ရောက်ရှိ
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက် ဖြေလျှော့ပေးနိုင်ရန်Yangon Water Bus ကို ပြေးဆွဲခဲ့ပြီး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အင်းစိန်- ဗိုလ်တထောင်ခရီးစဉ်ကို သွားလာလျက်ရှိရာ ရုံးပိတ်ရက်နှင့် နေ့ကြီး၊ ရက်ကြီးတို့တွင် စီးနင်း သူများပြားသောကြောင့် စင်းရေတိုးမြှင့် ပြေးဆွဲသည့်အနေဖြင့် ရေယာဉ်အသစ်ငါးစင်း ရောက်ရှိပြီဖြစ်၍ ရေယာဉ်စစ်ဆေးမှုပြီးစီးပါက ပြေးဆွဲမည့် အစီအစဉ်ကို သတင်းထုတ်ပြန် သွားမည်ဟု သိရသည်။
''ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာနက သင်္ဘောတွေကို စစ်ဆေးပြီးသွားရင် သတင်း ထုတ်ပြန်လို့ရပါပြီ၊ အသစ် ငါးစင်း ရောက်နေပါတယ်၊ သတ်မှတ်သင်္ဘောနှစ်စင်းနဲ့ ရိုးရိုး စပိဘုတ် သုံးစင်းရောက်နေပါပြီ၊ လက်ရှိ ရှစ်စင်းနဲ့ ပြေးဆွဲနေပါတယ်၊ တိုးချဲ့အစင်းရေနဲ့ ဆိုရင် အားလုံး ၁၃ စင်း ပြေးဆွဲမှာပါ''ဟု တင့်တင့်မြန်မာကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းလင်းနိုင်က ပြောသည်။
အင်းစိန်နှင့် ဗိုလ်တထောင်ဆိပ်ကမ်းတို့မှ နံနက် ၇ နာရီတွင် စတင်ပြေးဆွဲပေးလျက်ရှိပြီး ည ၉ နာရီတွင် ခရီးစဉ် ပြီးဆုံး ကာ အင်းစိန်ဆိပ်ကမ်းမှ လှိုင် (ရွှေပိတောက်) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်ဆိပ်ကမ်း၊ လမ်းသစ်ဆိပ်ကမ်း၊ ပန်းဆိုးတန်း ဆိပ်ကမ်းနှင့် ဗိုလ်တထောင်ဆိပ်ကမ်းသို့ နေ့စဉ်ပြေးဆွဲပေး လျက်ရှိ၍ နတ်တော်လပြည့်နေ့သည် ရုံးပိတ်ရက်နှင့်လည်း တိုက်ဆိုင်ခဲ့သောကြောင့် ရေယာဉ်စီး ခရီးသွားပြည်သူတို့ဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
ခရီးသည်စီးနင်းမှုများပြားသော ရုံးပိတ်ရက်နှင့်ရက်ကြီး၊ အခါကြီးတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ စီးနင်း နိုင်ရန် ရေယာဉ်အသစ်ငါးစင်းရောက်ရှိနေပြီဖြစ်ပြီး စစ်ဆေးမှု ပြီးစီးပါက စုစုပေါင်း ရေယာဉ် ၁၃ စင်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်းနှင့် တိုးချဲ့ရေယာဉ်အတွက်လည်း သတင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment