Latest News

Tuesday, December 26, 2017

ဂျွန်ဟွန်းကွယ်လွန်စဉ်က ပုံရိပ်တွေကို ထုတ်ဖော်ပြောကြား

ဂျွန်ဟွန်းကွယ်လွန်စဉ်က ပုံရိပ်တွေကို ထုတ်ဖော်ပြောကြား

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ  ကွယ်လွန်သွားခဲ့တဲ့  တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ဂီတကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဂျွန်ဟွန်းကို သူကွယ်လွန်သွားခဲ့တဲ့ တိုက်ခန်းမှာ ဝင်ရောက်ရှာဖွေစဉ်က တွေ့မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကို အရေးပေါ် ကယ်ဆယ်ရေးသမားတစ်ဦးက လတ်တလောမှာ ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပြောကြားချက်အရ ဂျွန်ဟွန်းငှားရမ်းခဲ့တဲ့ ဂန်းနန်းက ဟိုတယ်တိုက်ခန်းကို ဝင်ရောက်ရှာဖွေရာမှာ တစ်ခန်းလုံးဟာ မီးခိုးတွေနဲ့ ပြည့်နေတာကြောင့် မီးခိုးတွေကို အရင်ဖယ်ရှားပြီးမှ တိုက်ခန်းအတွင်းမှာ သူ့ကို ရှာခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

ဂျွန်ဟွန်းကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူက အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားရုပ်သံလိုင်းတစ်ခုဖြစ်တဲ့  KBS2ရဲ့ ''Entertainment Weekly''အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ  ဂျွန်ဟွန်းကို  အိပ်ရာရဲ့ ဘေးမှာ လဲလျောင်းနေတဲ့ အနေအထားနဲ့ တွေ့ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီအချိန်ကတည်းက ဂျွန်ဟွန်းက လှုပ်ရှားမှုတစ်စုံတစ်ရာမရှိတော့ဘဲ နှလုံးလည်း မခုန်တော့တာဖြစ်ပါတယ်။ သူ့ကို ဆေးရုံကို သယ်ဆောင်သွားခဲ့ပြီး ဆေးရုံအရောက်မှာတော့ သေဆုံးခဲ့ပြီးဖြစ်ကြောင်းကိုသာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရဲတွေကတော့ ဂျွန်ဟွန်းဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ဖွယ် ရှိကြောင်းနဲ့  သူကွယ်လွန်ရတဲ့အကြောင်းအရင်းကတော့  ကာဗွန်မိုနောက် ဆိုက်ဒ်အဆိပ်သင့်ခဲ့တာဖြစ်နိုင်ကြောင်းလည်း မှတ်ချက်ချခဲ့တာဖြစ်ပါတယ်။ ဂျွန်ဟွန်းရဲ့ မိသားစုဝင်တွေကတော့ ပေါ့ပ်ကြယ်ပွင့်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး နောက်ထပ်စုံစမ်းမှုတွေ မပြုလုပ်လိုကြောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျွန်ဟွန်းမကွယ်လွန်မီနာရီပိုင်းအလိုက သူ့ရဲ့နောက်ဆုံးနှုတ်ဆက်စာကို ညီမဖြစ်သူထံကို ပေးပို့ခဲ့တာဖြစ်ပြီး အဲဒီစာမှာတော့ သူက ''ငါနာကျင်ခံစားခဲ့ရပြီးပြီ။ ငါ့ကိုသွားခွင့်ပြုပါ။  ငါအလုပ်ကြိုးစားခဲ့တယ်လို့  ပြောပေးပါလား။ ဒါငါ့ရဲ့ နောက်ဆုံးနှုတ်ဆက်စကားပါ''လို့ ရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။ ဂျွန်ဟွန်း ညီမဖြစ်သူရဲ့ အကြောင်းကြားမှုကြောင့် ရဲတွေက သူငှားရမ်းနေထိုင်ခဲ့တဲ့ တိုက်ခန်းမှာ သွားရောက်ရှာဖွေပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဂျွန်ဟွန်းက သူရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့Dear Cloud''တေးဂီတအဖွဲ့ရဲ့အဖွဲ့ဝင် နိုင်းဆီကိုလည်း သေကြောင်းကြံခဲ့ကြောင်း စာရှည်ကြီးတစ်စောင်ကို ရေးသားပေးပို့ခဲ့ပြီး အဲဒီစာထဲမှာတော့ သူခံစားနေရတဲ့ စိတ်ဓာတ်ကျတဲ့ခံစားမှုတွေအကြောင်း ရင်ဖွင့်ထားတာဖြစ်ပါတယ်။ ဂျွန်ဟွန်းရဲ့ နောက်ဆုံးခရီးကိုတော့ ပေါ့ပ်ကြယ်ပွင့်တွေ၊ အနုပညာရှင်တွေ၊ မိသားစုဝင်တွေနဲ့ ပရိသတ်များစွာက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး လူမှုကွန်ရက်မီဒီယာတွေပေါ်ကနေတစ်ဆင့်လည်း ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ကြတာတွေ့ရပါတယ်။ ဒေသတွင်းမှာသာမက   ကမ္ဘာတစ်ဝန်းက   သူ့ရဲ့ပရိသတ်တွေကလည်း အထိမ်းအမှတ်နှုတ်ဆက်ပွဲတွေ ပြုလုပ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အေးပြည့်

No comments:

Post a Comment