ဒေါ်ခင်ကြည်ဆေးရုံတွင် သားဖွားဆရာမသင်တန်း ဖွင့်လှစ်မည်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်တည်ထောင်ခဲ့သည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံတွင် သားဖွားဆရာမသင်တန်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောသည်။
''ကျွန်တော်တို့နိုင်ငံ ကျေးလက်တောရွာတွေမှာ မိခင်နဲ့ကလေးကျန်းမာရေး စောင့်ရှောက်မှု တွေပေးနေကြတဲ့ သားဖွားဆရာမတွေကို ဒီဆေးရုံကနေTraining Centre တစ်ခုအနေနဲ့ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်၊ ဆရာမတွေကို ဒီဆေးရုံမှာ လူနာတွေကိုကုသပေးရင်းနဲ့ သားဖွားဆရာမသင်တန်းသူတွေကို လေ့ကျင့်မွေးထုတ်ပေးဖို့ ရည်ရွယ်ပါတယ်၊ နောင်တစ်ချိန်မှာ ဒေါ်ခင်ကြည်ဆေးရုံဟာ သားဖွားဆရာမတွေကို မွေးထုတ်ပေးတဲ့ သင်တန်းဌာနတစ်ခုအနေနဲ့ ဖြစ်လာဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်''ဟု ဒေါက်တာ သာထွန်းကျော်က ပြောသည်။
ယင်းဆေးရုံတွင် ဆေးရုံအုပ်ကြီးအပါအဝင် သားဖွားမီးယပ်အထူးကုဆရာဝန်၊ မေ့ဆေး ဆရာဝန်၊ ကလေးအထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များဖြင့် ကျန်းမာရေးဝန်ဆောင်မှု များ ပေးလျက်ရှိကြောင်း၊ လိုအပ်ပါက ရန်ကုန်ဆေးတက္ကသိုလ် (၁)နှင့် (၂)တို့တွင်ရှိသည့် သားဖွားမီးယပ်ဌာန၏ ပါမောက္ခဌာနမှူးများ အစီအစဉ်ဖြင့် တစ်ပတ်နှစ်ကြိမ် သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများကိုယ်တိုင် လာရောက်ကုသပေးရန် စီစဉ်ထားကြောင်း သိရသည်။
ထို့အပြင် လက်ရှိတွင် ဆေးရုံမှာ ခုတင် ၅ဝ ဆေးရုံဖြစ်ပြီး နောက်ပိုင်းတွင် ခုတင် ၁ဝဝ ဆေးရုံအဖြစ် တိုးမြှင့်ရန်စီစဉ်ထားကြောင်း သိရသည်။
ဇာနည်မောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment