Latest News

Tuesday, December 26, 2017

ကြက်သွန်နီမျိုးစေ့ ဈေးကြီး၍ နေပြည်တော်၌ စိုက်ဧကလျော့နည်းလာ

ကြက်သွန်နီမျိုးစေ့ ဈေးကြီး၍ နေပြည်တော်၌ စိုက်ဧကလျော့နည်းလာ

ယခုနှစ်တွင် ကြက်သွန်မျိုးစေ့ ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက် သွားသည့်အတွက် ဆောင်းကြက်သွန်  စိုက်ဧကများ လျော့ကျ သွားကြောင်း နေပြည်တော်တပ်ကုန်းမြို့နယ် ကြက်သွန်နီ၊ကြက် သွန်ဖြူစိုက်တောင်သူများ တောင်သူကွန်ရက်မှ သိရသည်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူစိုက် တောင်သူကွန်ရက်ဝင် တောင်သူ ဦးကြီးမြင့်က ''အရင်နှစ် ဒီလိုအချိန်တုန်းက ဧက ၅ဝဝကျော်လောက် စိုက်ပြီးပြီ၊ ဒီနှစ်တော့ စိုက်ဧက ၃ဝဝ ကျော် လောက်ပဲ ရှိသေးတယ်၊ စိုက်ဧက နည်းနေတာက ပျိုးထောင်ချိန် မျိုးစေ့ဈေးကြီးနေတာကြောင့်ရယ်၊ ဒီဘက်မှာက တချို့မြို့နယ် တွေမှာ နွေစပါးအတွက် ရေမပေးတာကြောင့်ရယ် ရေမလုံ လောက်နိုင်တာကြောင့် စိုက်ဧက လျှော့စိုက်လာလို့ အထွက် နှုန်းမှာလည်း ဒီနှစ်နည်းနိုင်တယ်၊ နိုင်ငံတော်အစိုးရအနေနဲ့ လည်း စပါးတင်မကဘဲ တခြားရေလိုအပ်ချက်ရှိတဲ့ သီးနှံတွေ တိုးချဲ့စိုက်နိုင်အောင် ရေကိုသုံးစွဲနိုင်အောင် စီမံပေးဖို့ တောင်း ဆိုပါတယ်''ဟု ပြောသည်။

နေပြည်တော် တပ်ကုန်း၊ ဒက္ခိဏသီရိ၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ ဇဗ္ဗူသီရိ မြို့နယ်များတွင် နှစ်စဉ် မိုး၊ ဆောင်း နှစ်ခုပေါင်း ကြက်သွန်နီဧက ၂ဝဝဝ ကျော် စိုက်ပျိုးကြပြီး ဆောင်း ကြက်သွန်နီကို ဧက ၁၃ဝဝ နီးပါး စိုက်ပျိုးကြောင်း သိရသည်။

''မျိုးစေ့ဈေးက တစ်ပြည်ကို တစ်သိန်းလောက် ရှိနေတာ လေ၊  မြို့ပေါ်က  ပွဲရုံအများစုက   မျိုးရောင်းတာနည်းတော့ ပျဉ်းမနားမြို့အထိ တက်ဝယ်ရတယ်၊ ကြက်သွန်ပွဲစားတွေက တော့ ပေါ်ချိန်ကို သူတို့ရောင်းချရမယ့် စနစ်နဲ့ မျိုးစေ့တွေ ထုတ် ပေးကြတယ်၊ သူတို့ထုတ်ပေးတဲ့ မျိုးအများစုက ဒေသစိုက်ပျိုးမှု နဲ့ ကိုက်ညီလို့  တောင်သူအများစုက အကြွေးဝယ်ကြတယ်၊  အကြွေးဆိုရင် မျိုးတစ်ပြည်ကို ၁၁ဝဝဝဝ ကျော်လောက် ပေါက် နေတယ်။ နောက်မ္တလေးတိုင်းဘက်က မျိုးတွေလည်း အဝင် များတယ်''ဟု လယ်ဝေးမြို့နယ်ရှိ ကြက်သွန်နီစိုက်တောင်သူ ဦးစိုးရွှေက ပြောသည်။

ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ပျိုးကြဲပါက စိုက်ကွက် အနေဖြင့် စိုက်ကွက်ပေါင်း ၅ဝ ကျော် ရရှိပြီး ဧကအနေဖြင့် ၁ဝ ဧကမှ ၁၅ ဧကအထိရှိကြောင်း သိရသည်။ ကြက်သွန်နီ စိုက်ပျိုး ရာတွင် မျိုးစေ့မှ အပင်ပေါက်နှင့် မျိုးကြက်သွန်ဥ မြေကြီးထဲမြှုပ် ၍လည်း စိုက်ပျိုးကြောင်း သိရသည်။

ကြက်သွန်နီသည် ပြည်တွင်းစားသုံးမှု မြင့်မားသည့် သီးနှံ အမယ်ဖြစ်ပြီး ထွက်ရှိမှုနှင့် ပိုလျှံမှု နှိုင်းယှဉ်၍ ပိုလျှံမှသာ ပြည်ပ သို့ တင်ပို့ကြခြင်းဖြစ်သည်။ နှစ်အလိုက် ကြက်သွန်နီအထွက်နှုန်း အနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၁ သိန်းနီးပါး၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂ သိန်းခွဲကျော်၊  ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂ သိန်းခွဲကျော်နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၁ သိန်းခွဲနီးပါး  ထွက်ရှိ ခဲ့ကြောင်း သိရသည်။
ဇာလင်းသူ (AMIA)၊ ဓာတ်ပုံ-ကေဇူး(AMIA)

No comments:

Post a Comment