Latest News

Wednesday, December 27, 2017

ငွေဆောင်အပန်းဖြေစခန်း၌ ခရီးသွားများပြားသောကြောင့် ဟိုတယ်အခန်းခများ ဈေးတက်

ငွေဆောင်အပန်းဖြေစခန်း၌ ခရီးသွားများပြားသောကြောင့် ဟိုတယ်အခန်းခများ ဈေးတက်

ငွေဆောင် ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်အပန်းဖြေစခန်းတွင် ယခုနှစ်ခရီးသွားရာသီ၌ ပြည်တွင်း ပြည်ပ ခရီးသွားများ လာရောက်လည်ပတ် အပန်းဖြေသူများလာသောကြာင့် ဟိုတယ် အခန်းခများ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ ဟိုတယ်မှာ နောက်တစ်ပတ်လောက်အထိ အခန်းတွေက မအားပါဘူး၊ ရန်ကုန်က သူတွေက ကြိုတင် ဘိုကင်ယူထားကြတာပါ၊ ဒီဇင်ဘာကျောင်းပိတ်ရက်လည်းဖြစ်၊ ရုံးပိတ်ရက်လည်းဖြစ်တာကြောင့် လာရောက်လည်ပတ် အပန်းဖြေသူတွေနဲ့ စည်ကားနေတာ ဖြစ်ပါတယ်၊အခန်းခတွေကတော့ အမျိုးအစားအလိုက် ဈေးနှုန်းက အမျိုးမျိုးရှိပါတယ်၊ ခြောက်သောင်း$ကနေ မိသားစုငါးယောက်ဆို ငွေကျပ် သုံးသိန်းအထိရှိပါတယ်''ဟု ငွေဆောင်ရှိ ဟိုတယ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ တချို့ ဟိုတယ်၊ တည်းခိုခန်း များသည် ပြည်တွင်း ပြည်ပ ခရီးသွားများလာရောက်မှု များပြားသည့်အတွက် အခန်းခများကို ပုံမှန်ထက် နှစ်ဆခန့် တောင်းယူနေပြီး ဝန်ဆောင်မှုများလည်း မပြည့်စုံကြောင်း ရုံးပိတ်ရက်တွင် ငွေဆောင်သို့လာရောက်အပန်းဖြေသည့် မဇင်မာက ပြောသည်။

''ကျွန်မက ရန်ကုန်ကပါ၊ ရုံးပိတ်ရက်လေး အပန်းဖြေချင်တာနဲ့ သူငယ်ချင်းတွေနဲ့ စုပြီး ငွေဆောင်ကို လာရောက် အပန်းဖြေဖြစ်တာပါ၊ ဒီမှာ ဟိုတယ်အခန်းတွေ လိုက်ရှာ တော့ ဈေးက နှစ်ဆလောက် တက်နေတာကို တွေ့ရပါတယ်၊ တချို့ ဟိုတယ်တွေဆို နောက်တစ်ပတ် နှစ်ပတ်လောက်အထိ အခန်းတွေ မအားဘူး၊ အခန်းအားတဲ့ ဟိုတယ် တွေဆိုရင်လည်း ဈေးက တိုးတောင်းထားတာတွေရှိတာကြောင့် ကျွန်မတို့အဖွဲ့ ရွာထဲမှာရှိတဲ့ တည်းခိုခန်းတွေမှာ ငှားဖြစ်တယ်၊ အဲဒီက အခန်းခက နှစ်ယောက်အိပ် တစ်ခန်းကို နှစ်သောင်းဆိုတော့ အဆင်ပြေတာနဲ့ ရွာထဲမှာပဲ ငှားဖြစ်ပါတယ်၊ ငွေဆောင် အပန်းဖြေစခန်းမှာ လာရောက်အပန်းဖြေသူတွေ များပြားတာကြောင့် ဈေးဆိုင်တွေ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များကလည်း ဈေးနှုန်းများကို အဆမတန် တင်ရောင်းနေ တာတွေရှိပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

ယခုခရီးသွားရာသီတွင် ငွေဆောင်အပန်းဖြေစခန်း၌ ပင်လယ်ရေဖြင့် ဆော့ကစား သူများ၊ လှိုင်းလုံးစီးသူများ၊ ကမ်းစပ်တစ်လျှောက်တွင် စက်ဘီး၊ ဆိုင်ကယ်၊ မြင်းစီး သူများနှင့် လေညင်းခံသူ ခရီးသွားများဖြင့် ယခင်နှစ်များကထက် ပိုမိုစည်ကား လျက်ရှိကြောင်း သိရသည်။

သတင်း- မောင်ကျော်ကြီး

No comments:

Post a Comment