ဝါရှင်တန် ဒီဇင်ဘာ ၂၆
ရုရှားသည် မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ အကြား နှစ်ဖက်စလုံးက မဖြစ်မနေဆန္ဒရှိပါက ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်းနှင့် နှစ်ဖက်စလုံးက ဆန္ဒရှိရန်သာ လိုအပ်ကြောင်း ကရင်မလင်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့၏ ပြောဆိုချက်အရသိရသည်။
ထိုကဲ့သို့လမ်းဖွင့်ပေးခြင်းသည် အမေရိကန်နှင့် မြောက်ကိုရီးယားတို့၏ သဘောထား တင်းမာမှုများကို လျှော့ချရန် နည်းလမ်းဖြစ်ကြောင်း ပက်စကော့က ဆက်ပြောသည်။ ဒီဇင်ဘာလအစောပိုင်းတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တယ်လီဖုန်းဖြင့် စကားပြောဆိုရာတွင် ထရမ့်က ရုရှားအနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားပြဿနာကို ကူညီဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။
ထို့ပြင် ယင်းကိစ္စကို ဖြေရှင်းရာတွင် ရုရှား၏ ထောက်ခံမှုအပေါ် အားထားရမည်ဖြစ်ကြောင်း၊ ရုရှား၏ ကြားဝင်ဖျန်ဖြေပေးမှုသည် အလွန်အရေးပါ အရာရောက်သည်ဟု အမေရိကန်က သုံးသပ် ထားကြောင်း ထရမ့်ကဆိုသည်။
အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့် ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ မည်သည့်အချိန်တွင်မဆို ဆွေးနွေးရန် အသင့်ရှိကြောင်း၊ သို့သော် ထိုကဲ့သို့ဆွေးနွေးရာတွင် အလွန်ယုံကြည်စိတ်ချရသော ကြားဝင်စေ့စပ်သူ ရှိရမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရတ်တေလာဆန်က အလေးပေးပြောဆိုထားသည်။
မြောက်ကိုရီးယား၏ အကြိမ်ကြိမ် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများကြောင့် ဒေသတွင်း ပဋိပက္ခများဖြစ်ပေါ်လာပြီးနောက် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား စမ်းသပ်မှုများကို ရပ်တန့်ကာ အမေရိကန်နှင့် တောင်ကိုရီးယား အနေဖြင့် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများကို လျှော့ချသင့်ကြောင်း ရုရှားနှင့်တရုတ် အစိုးရတို့က တိုက်တွန်းထားသည်။(MWD)
No comments:
Post a Comment