ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများ၊ အကြံဉာဏ်များ၊ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းလမ်းစဉ်များ ချမှတ်နိုင်မည်
ရန်ကုန် ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပသည့် ရုပ်ရှင်ညီလာခံကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီး များဖြစ်ကြသော ဦးစိန်တင်၊ ဦးညွန့်ဝင်း၊ စည်သူဒေါ်မြင့်မြင့်ခင် နှင့် ဒေါ်ဝါဝါဝင်းရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေဖြင့် နှစ်ပေါင်းများစွာ မကျင်းပဖြစ်ခဲ့သည့် ရုပ်ရှင်ညီလာခံကြီးကို ကျင်းပနိုင်ခြင်းဖြစ်သည့်အတွက် များစွာ ဝမ်းမြောက်ရပါကြောင်းနှင့် ယနေ့ကျင်းပသည့် ညီလာခံမှ ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဥာဏ်ကောင်း များ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ ရုပ်ရှင်အနုပညာသည် လူအများ၏ စိတ်ကို နည်းလမ်းပေါင်းစုံဖြင့် ဆွဲဆောင်နိုင်သည့် အနုပညာ တစ်ရပ်ဖြစ်ပါကြောင်း၊ လူ၏နှလုံးသားကို တိုက်ရိုက် ထိမှန်စေသည့် အားကောင်းသည့် အနုပညာဖြစ်သည့် အလျောက် ပရိသတ်အပေါ် သက်ရောက်မှု အလွန်ကြီးမား ပါကြောင်း၊ ၂ဝ၁၇ ခုနှစ် မတ် ၁၈ ရက်က ကျင်းပခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပေးပို့ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ရုပ်ရှင်ဇာတ်ကားများက လူ့အဖွဲ့အစည်းကို အထူးသဖြင့် လူငယ်လူရွယ်များအပေါ် အင်မတန် သြဇာကြီးသော ကြောင့် ရုပ်ရှင်လောကသားများ၏ တာဝန်သည် အလွန်ကြီးမားသည်ကို သုံးသပ်ပြောဆိုခဲ့ခြင်းများ ရှိပါ ကြောင်း၊ ရုပ်ရှင်လောကသားများအနေဖြင့် မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းကို မြှင့်တင်ပေးနိုင်မည့် အနု ပညာရှင်များဖြစ်အောင် စွမ်းဆောင်ကြရန် တိုက်တွန်းသွား သည်ကို တွေ့ရပါကြောင်း။
ဆင်နွှဲနိုင်တော့မည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အကြံပြု တိုက်တွန်းချက်သည် ရုပ်ရှင်လောကသားများ၊ မြန်မာ့ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အထူးအလေးထားသင့်သည့် လမ်းညွှန်ချက်တစ်ရပ် ဖြစ်သည်ကို တွေ့မြင်ရပါကြောင်း၊ မြန်မာ့ရုပ်ရှင်သည် လာမည့် ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလတွင် နှစ် ၁ဝဝ ပြည့်မြောက်တော့မည်ဖြစ်၍ ရုပ်ရှင်လောကသားများ အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူစွာ ရာပြည့်အထိမ်းအမှတ် ပွဲတော်ကို များမကြာမီ ဆင်နွှဲနိုင်တော့မည် ဖြစ်ပါကြောင်း ပြောကြားသည်။
သိသိသာသာ တိုးတက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်အနုပညာသမားများနှင့်အတူ ပူးတွဲ ဆောင်ရွက်နေမှု၊ ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနေမှုနှင့် ၂ဝ၁၈ ခုနှစ်တွင် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပနိုင်ရန် စီစဉ် လျက်ရှိမှု၊ ရုပ်ရှင်ဥပဒေပေါ်ထွန်းရေး၊ ရုပ်ရှင်ဥပဒေ၏ အရေးပါမှုနှင့် ရုပ်ရှင်အသိုင်းအဝိုင်း နစ်နာဆုံးရှုံးမှု များအတွက် ဥပဒေ၏ အကာအကွယ်ရရှိနိုင်မှု၊ မြန်မာ့ ရုပ်ရှင်အနေဖြင့် ထုတ်လုပ်မှုအပိုင်းတွင် သိသိသာသာ တိုးတက်နေမှု၊ ၂ဝ၁၂ ခုနှစ်မှာ ၁၄ ကား၊ ၂ဝ၁၃ ခုနှစ်မှာ ၁၇ ကား၊ ၂ဝ၁၄ ခုနှစ်မှာ ကိုးကား၊ ၂ဝ၁၅ ခုနှစ်မှာ ၃၂ ကား စသဖြင့် ရှိခဲ့ရာမှ ၂ဝ၁၆ ခုနှစ်မှာ ၉၈ ကား၊ ယခုနှစ် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလကုန်အထိ ရုပ်ရှင်ဇာတ်ကား ၁၄ဝ အထိ တိုးတက် ထုတ်လုပ်နိုင်ခဲ့သည်ကို တွေ့ရှိရမှု၊ ရုပ်ရှင်ရုံအပိုင်းတွင်လည်း ၂ဝ၁၃ ခုနှစ် ဒစ်ဂျစ်တယ် စနစ်ပြောင်းလဲပြီးနောက် ရုပ်ရှင်ရုံ ၁၉ ရုံနှင့် ပိတ်ကား ၁၉ ကားသာရှိခဲ့ရာမှ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ပထမပတ် အထိ ရုပ်ရှင်ရုံ ၉၃ ရုံနှင့် ပိတ်ကား ၁ဝ၇ ကားအထိ တိုးတက်လာမှုစသည်ဖြင့် ပြောကြားပြီး ယနေ့ကျင်းပသည့် ရုပ်ရှင်ညီလာခံမှ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများ၊ အကြံဥာဏ်များ၊ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းလမ်းစဉ်များ ချမှတ်နိုင်မည်ဟု မျှော်လင့်ပါ ကြောင်း၊ ယခုကဲ့သို့ နောင်နှစ်များတွင်လည်း စည်းလုံး ညီညွတ်စွာဖြင့် ဆက်လက်ကျင်းပနိုင်ပါစေဟု ဆန္ဒပြုပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက စည်သူဗိုလ်ကလေးတင့်အောင်ထံမှ ရုပ်ရှင်ညီလာခံသို့ ပေးပို့သော သဝဏ်လွှာကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူက ဖတ်ကြားသည်။
နှစ်ပေါင်း ၁ဝဝ ပြည့် ရုပ်ရှင်လောကကြီးကို ကြိုဆို
ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရုပ်ရှင်ညီလာခံနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ''ညီလာခံကို တစ်ရက်သာ ကျင်းပရတဲ့ အတွက် အကြံပြုတင်ပြလိုတဲ့အချက်များ အားလုံးကို မိမိတို့အလွှာအလိုက် စုစည်းတင်ပြကြဖို့ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ကြေညာခဲ့တာ ဖြစ်ပါတယ်၊ အလွှာ အလိုက်စုစည်းထားတဲ့ အကြံပြုလွှာ ၁ဝ စောင်၊ ပြီးတော့ ပန်းချီဦးစိုးမိုး ဦးဆောင်တဲ့ အကြံပြုလွှာတွေ လက်ခံရေးနဲ့ စိစစ်ရေးကော်မတီမှာ ပြုစုတဲ့အကြံပြုလွှာတစ်စောင် အားလုံးပေါင်း ၁၁ စောင်ကို နံနက်ပိုင်းညီလာခံမှာ ဖတ်ကြားမှာဖြစ်ပါတယ်၊ ညီလာခံက တစ်ခါတည်း အတည်ပြုသင့်တဲ့အချက်တွေကို အတည်ပြုပါမယ်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့အနေနဲ့ ဆက်လက်သယ်ဆောင်သွားပြီး လုပ်ဆောင်ရမယ့်အချက် တွေကို မှတ်တမ်းတင်ပြီး ဒီညီလာခံမှာ တရားဝင်ကြေညာ သွားပါမယ်၊ မကြာခင်မှာ မြန်မာ့ ရုပ်ရှင်က နှစ်ပေါင်း ၁ဝဝ ပြည့်မြောက်တော့ မှာဖြစ်ပါတယ်၊ ရုပ်ရှင်ညီလာခံက မကြာခင်ပြည့်မြောက်တော့မယ့် နှစ်ပေါင်း ၁ဝဝ ပြည့် ရုပ်ရှင်လောကကြီးကို ကြိုဆိုတဲ့အနေနဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်၊ ဒီနေ့ ညီလာခံက ပထမဆုံးပြုပြင်ပြောင်းလဲ သင့်တဲ့အချက်ကို စနစ်တကျပြုပြင် ပြောင်းလဲကြပါစို့''ဟု ပြောကြားသည်။
အကြံပြုချက်များကို ပြန်လည်ပြုစု
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကများဖြစ်ကြသော ပန်းချီဦးစိုးမိုး၊ ဦးကြည်စိုးထွန်းနှင့် ဦးဌေးအောင်တို့က ရုပ်ရှင်ညီလာခံဖြစ်မြောက်ရေး အတွက် ပံ့ပိုးကူညီကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ထို့နောက် ဒါရိုက်တာအလွှာမှ ဒါရိုက်တာဝိုင်း၊ ရုပ်ရှင်ထုတ်လုပ်သူအလွှာမှ လပ်ကီးဆဲဗင်း ကိုအုန်းဝင်း၊ ဇာတ်ညွှန်းအလွှာမှ ဦးကိုကိုလေး၊ အဓိကသရုပ်ဆောင် အလွှာမှ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ၊ တည်းဖြတ်မှတ်တမ်းအလွှာမှ အကယ်ဒမီ ဦးဥာဏ်ဝင့်၊ ဇာတ်ပို့ ဇာတ်ရံအလွှာမှ ဦးဝင်းမြိုင်၊ ဗီဒီယိုအလွှာမှ နေထူးနိုင်၊ စက်မှု/လက်မှုအလွှာမှ ဦးကျော်ညွန့်၊ ရုပ်ရှင် ပြဇာတ်နှင့် တေးဂီတအလွှာမှ ဦးထူးသာနှင့် အုပ်ချုပ်/ ဖြန့်ချိအလွှာမှ ဦးလှသိန်းတို့က အကြံပြုလွှာများကို ဖတ်ကြားကြပြီး အကြံပြုလွှာများ လက်ခံရေးနှင့် ပြုစုရေးကော်မတီဝင် ဒေါ်အိအိခိုင်က အလွှာလိုက်တင်ပြ ကြသည့် အကြံပြုလွှာများထဲမှ ရုပ်ရှင်တစ်လောကလုံးနှင့် သက်ဆိုင်သော အကြံပြုချက်များကို ပြန်လည်ပြုစုပြီး တင်ပြသည်။
ဆန္ဒနှင့်အညီ ဆုံးဖြတ်
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကများဖြစ်ကြသော ပန်းချီ ဦးစိုးမိုး၊ ဦးကြည်စိုးထွန်းနှင့် ဦးနှင်းမိုးတို့က အကြံပြုလွှာများ အတည်ပြုရေးနှင့် မှတ်တမ်းရယူရေးအတွက် ခုံသမာဓိများအဖြစ် ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တွဲဖက် အတွင်းရေးမှူး ဦးဇော်မြင့်ဦးက အကြံပြုလွှာများ အတည်ပြုခြင်းနှင့် မှတ်တမ်းရယူခြင်းများ ပြုလုပ်နိုင်ရန် တင်ပြသည်။
ထို့နောက် အဆိုပါအကြံပြုချက်များထဲမှ ၈၆ ချက်ကို မှတ်တမ်းတင် အတည်ပြုချက်ရယူပြီး အကြံပြုချက် လေးချက်ကို ရုပ်ရှင်လောကသားများ၏ ဆန္ဒနှင့် အညီ ဆုံးဖြတ်ကာ အတည်ပြုချက်ရယူခဲ့ကြောင်း သိရ သည်။ သတင်းစဉ်
Wednesday, December 13, 2017
ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများ၊ အကြံဉာဏ်များ၊ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းလမ်းစဉ်များ ချမှတ်နိုင်မည်
ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများ၊ အကြံဉာဏ်များ၊ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းလမ်းစဉ်များ ချမှတ်နိုင်မည်
Reviewed by Ar Ti
on
7:43 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment