ရုပ်ရှင်လောက အလွှာအသီးသီးမှ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
ရန်ကုန် ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူး ကျင်းပပြီး အလွှာပေါင်းစုံမှ ရုပ်ရှင် လောကသားများအားလုံး ပါဝင်သည့် ၂ဝ၁၇ ခုနှစ် ရုပ်ရှင်ညီလာခံကြီးကို ယနေ့နံနက် ၉ နာရီခွဲမှစတင်ကာ ညနေ ၄ နာရီ အထိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး နာယကကြီးစည်သူ ဗိုလ်ကလေးတင့်အောင်ထံမှ ရုပ်ရှင်ညီလာခံသို့ ပေးပို့သော သဝဏ်လွှာကို ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူက ဖတ်ကြားခဲ့ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ညီလာခံနှင့်ပတ်သက်၍ ရုပ်ရှင်လောကသား များအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ညီလာခံကြီးတွင် အလွှာ ၁ဝ လွှာမှ တင်သွင်း လာသော အကြံပြုလွှာများကို သက်ဆိုင်ရာ ဒါရိုက်တာအလွှာ၊ ရုပ်ရှင်ထုတ်လုပ်သူအလွှာ၊ ဇာတ်ညွှန်းအလွှာ၊ အဓိကသရုပ်ဆောင်အလွှာ၊ တည်းဖြတ်မှတ်တမ်းအလွှာ၊ ဇာတ်ပို့ ဇာတ်ရံ အလွှာ၊ ဗီဒီယိုအလွှာ၊ စက်မှုလက်မှုအလွှာ၊ ရုပ်ရှင်ပြဇာတ်နှင့် တေးဂီတအလွှာ၊ အုပ်ချုပ် ဖြန့်ချိအလွှာတို့ကို အကြံပြုလွှာများလက်ခံရေး နှင့် ပြုစုရေးကော်မတီမှ ကိုယ်စားလှယ် တစ်ဦးစီက ဖတ်ကြားခဲ့သည်။
ဖတ်ကြားခဲ့သည့် အကြံပြုလွှာများအနက်မှ အချက် ၇၁ ချက်ကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ဆက်လက်ဆောင်ရွက်ရန် ကိစ္စများအဖြစ် ခုံသမာဓိဝင်များက အတည်ပြု ပေးခဲ့သည်။
''ဒါကို အတည်ပြုပြီးရုံနဲ့ မပြီးသေးပါဘူး၊ ဒီအချက်တွေကို ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ ဆက်လက် အကောင်အထည် ဖော်ပေးရဦးမယ်၊ ပြီးတော့ ချက်ချင်းကြီး အကောင်အထည်ဖော် လို့ မရနိုင်သေးပါဘူး၊ တချို့အချက်တွေက တစ်လွှာနဲ့တစ်လွှာ ညှိရမှာတွေ ရှိပါတယ်၊ မညှိဘဲနဲ့ ဒီမှာအများနဲ့ ဆုံးဖြတ်လိုက်မယ်ဆိုရင် တရားမျှတမှု မရှိပါဘူး၊ ဒီမှာ တောင်းဆို သွားတဲ့အချက်ထဲကပဲ ရုပ်ရှင်ဥပဒေတွေ ပေါ်ထွက်လာရေးအတွက်ကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်၊ ကျန်တဲ့ အချက်တွေကိုလည်း တစ်ပြိုင်နက်တည်း လုပ်သွားမှာ ဖြစ်ပါတယ်၊ အားလုံးအကောင် အထည်ဖော်သွားပြီ ဆိုမှသာ အောင်မြင်မှာပါ''ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။
အဆိုပါညီလာခံတွင် အကယ်ဒမီနှင့် ပတ်သက်၍ တင်ပြလာသည့် အချက် ၁၅ ချက်ကိုလည်း ခုံသမာဓိအဖွဲ့ဝင်များက ထပ်မံအတည်ပြုပေးခဲ့သည်။ ယင်းအချက်များ ထဲမှ အချက်ငါးချက်ကို ကောက်နုတ်ဖော်ပြရ လျှင် ဇာတ်ပို့ဆုကို ဇာတ်ပို့အဖြစ် အသက်မွေး ဝမ်းကျောင်းပြုနေသူများအား ဦးစားပေးသင့် ခြင်း၊ ရုပ်ရှင်ဇာတ်ကားများအတွက် ကိုယ်ပိုင် သံစဉ်ဖြင့် ကိုယ်တိုင်ရေးစပ်ဆိုထားသော ရုပ်ရှင်ဇာတ်ဝင်သီချင်းကို ရသမြောက်လာ ပါက အကယ်ဒမီပေးရန်၊ ဝတ္ထုမဟုတ်ဘဲ ကိုယ်ပိုင်ရေးသားထားသော ရုပ်ရှင်ဇာတ်လမ်း ကို ထူးချွန်ပါက ဇာတ်လမ်းဆုချီးမြှင့်ရန်၊ အဝတ်အစားအပြင်အဆင်၊ မိတ်ကပ်ဆံပင် ထုံးဖွဲ့ဆင်ယင်မှု ဆုချီးမြှင့်ရန်နှင့် အကယ်ဒမီ စိစစ်အကဲဖြတ်ရာတွင် ဇာတ်ကား၏ အဓိက သရုပ်ဆောင်၊ ဇာတ်ပို့သတ်မှတ်ချက်ကို ဒါရိုက်တာနှင့် ထုတ်လုပ်သူက ရေးသားတင်ပြ ရခြင်းအား ပယ်ဖျက်၍ အကယ်ဒမီဘုတ်အဖွဲ့ ကသာ တာဝန်ယူခွဲခြားပေးရန်တို့ ဖြစ်သည်။
ထိုအတည်ပြုချက်များကိုမူ ယခုနှစ်ကျင်းပ မည့် အကယ်ဒမီပေးပွဲကြီးတွင် ကျင့်သုံးနိုင် မည်မဟုတ်ဘဲ နောက်နှစ်တွင် ကျင်းပမည့် အကယ်ဒမီပေးပွဲမှစတင်ကာ ဆောင်ရွက်သွား မည်ဟု သိရသည်။
''ဒီအချိန်မှာ ဒီလိုညီလာခံလုပ်ခြင်းက ကျွန်တော်တို့နောင်အနာဂတ် ရုပ်ရှင်အတွက် ကို အင်အားဖြစ်စေပါတယ်၊ ဒီမှာတင်ပြသွား တဲ့အချက်အားလုံးကတော့ ၉ဝ ရာခိုင်နှုန်း လောက် လက်ခံနိုင်ပါတယ်၊ လူကြီးတွေအနေနဲ့ ကိုယ့်ရဲ့ဆရာလိုလည်း ဖြစ်တယ်၊ ဝါရင့်အနု ပညာရှင်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ဆိုတာကျ တော့ အမှားနည်းပါတယ်၊ အတတ်နိုင်ဆုံး တော့ အရှေ့မှာဖြစ်ခဲ့တာရယ်၊ အခုလက်ရှိ ဖြစ်ပေါ်လာမယ့်အရာရယ်၊ ဒါတွေကို သုံးသပ် ဆင်ခြင်ပြီးတော့ အကောင်းဆုံးနည်းလမ်း တစ်ခု ပေါ်ထွက်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်''ဟု ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင်အကယ်ဒမီ နေတိုးက ပြော သည်။
ယင်း ရုပ်ရှင်ညီလာခံတွင် အကြံပြုတင်ပြခဲ့ သည့် အချက်များစွာအနက်မှ အများဆန္ဒဖြင့် ဆုံးဖြတ်အတည်ပြုရန် အချက်လေးချက်ကိုမူ ခုံသမာဓိအဖွဲ့ဝင်များနှင့် ရုပ်ရှင်လောကသား များ အားလုံးက အတည်ပြုခဲ့ကြသည်။ အချက် များမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည်NGO စစ်စစ် လွတ်လပ်သော လူတန်းစား အဖွဲ့အစည်းဖြစ်သည်။ ဥက္ကဋ္ဌသည် အသက် ၄ဝ ပြည့်ပြီးသူ ဖြစ်သင့်သည်။ အမှုဆောင် သက်တမ်းသည် တစ်ကြိမ်လျှင် သုံးနှစ် ဖြစ်သင့်သည်။ အမှုဆောင်အဖြစ် အရွေးချယ် ခံမည့်သူသည် လုပ်ငန်းလုပ်သက် အနည်းဆုံး ငါးနှစ်ရှိရမည်ဖြစ်ပြီး နောက်ဆုံး သုံးနှစ်ကို တဆက်တည်းလုပ်ကိုင်နေသူ ဖြစ်သင့်သည် ဟူ၍ ဖြစ်သည်။
သတင်း-ခင်ဇာလီ
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment