Latest News

Friday, December 29, 2017

အသတ်ခံရသော တရိန်း(မြို) တိုင်းရင်းသားတစ်ဦး၏မိသားစုနှင့် တွေ့ဆုံမေးမြန်း

အသတ်ခံရသော တရိန်း(မြို) တိုင်းရင်းသားတစ်ဦး၏မိသားစုနှင့် တွေ့ဆုံမေးမြန်း

မောင်တော ဒီဇင်ဘာ ၂၈

မောင်တောမြို့နယ် မျောချောင်း (မြောက်)ကျေးရွာအနီး လယ်ကွင်း ပြင်တွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်က သတ်ဖြတ်ခံထားရသော တရိန်း ကျေးရွာသားတစ်ဦး၏ အလောင်းအား တွေ့ရှိရကြောင်း တရိန်းဒေသခံများက ပြောသည်။

သတ်ဖြတ်ခံရသူမှာ မောင်တော မြို့နယ် စံကားပင်ရင်းကျေးရွာအုပ်စု တရိန်း (မြို)ကျေးရွာမှ ဦးလောင်းပျော် (၄၅)နှစ် ဖြစ်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက်က ကျေးရွာသားများနှင့်အတူ ငါးသွား ရောက် ရှာဖွေပြီး တစ်ဦးတည်း ပြန်လာရာ နေအိမ်သို့ရောက်ရှိလာ ခြင်းမရှိဘဲ ပျောက်ဆုံးနေသည့် အတွက် ဒီဇင်ဘာ ၂၇ ရက်တွင် တရိန်း(ရခိုင်)ရွာကင်းစခန်းမှ ဒုရဲအုပ် အောင်မိုး ဦးစီးပြီး ကျေးရွာသူ ကျေးရွာသား ၃ဝ ခန့်နှင့် လိုက်လံ ရှာဖွေရာ မျောချောင်း(မြောက်) ကျေးရွာအနီး လယ်ကွင်းပြင်တွင် သတ်ဖြတ်ခံထားရသော ဒဏ်ရာများ နှင့် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း တရိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က ပြောသည်။

''ကျွန်တော်တို့ မနေ့ညကတည်းက လိုက်ရှာမလို့ပါ၊ ပျောက်နေတဲ့လူက အိမ်ကိုပြန်မရောက်တာ ညဥ့်နက်မှ သိရတာ၊ နောက်တစ်နေ့ မနက်မှာ ရွာသားတွေစုပြီး လုံခြုံရေးအဖွဲ့တွေနဲ့ လိုက်ရှာကြတော့ မနက် ၈ နာရီ ကျော်လောက်မှာ အလောင်းတွေ့တာ ပါ၊ အခုအလောင်းကို မောင်တောမြို့ ဆေးရုံကို သယ်နေပါတယ်''ဟု ဦးအိမ်စိုးမောင်ကဆိုသည်။

''မနေ့က နေ့လယ်ပိုင်းလောက်မှာ ငါးရှာဖို့ အိမ်ကထွက်သွားခဲ့တာပါ၊ ညပိုင်းလောက်အထိ သူများတွေ ပြန်လာကြပေမယ့် သူကပြန်မလာဘူး၊ ဒါနဲ့ မိုးလင်းတာနဲ့ သွားရှာကြတော့ လယ်ကွင်းထဲမှာ သူ့အလောင်းကိုပဲ တွေ့ရတော့တယ်၊ အခု ကလေးက ခြောက်ယောက်တောင် ရှိတယ်၊ အကြီးဆုံးမှ (၁၇)နှစ်ပဲရှိသေးတယ်၊ ကလေးတွေက ငယ်လွန်းတော့ မိခင် တစ်ယောက်အနေနဲ့ ဘယ်လိုဘယ်ပုံ ရှာဖွေကျွေးမွေးရမယ်ဆိုတာ စဉ်းစား လို့တောင်မရဘူး''ဟု အသက် (၄ဝ) အရွယ်ရှိ ဇနီးဖြစ်သူ ဒေါ်ပိုင်တောက် က မောင်တောမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ရောက်ရှိစဉ် ပြောသည်။

''အဖေက ဆုံးပြီဆိုတော့ အခု သမီးက အကြီးဆုံးပေါ့၊ ဘယ်လို လုပ်ကိုင် စားသောက်ရမှန်းမသိ၊ လုပ်တတ်ကိုင်တတ်သူလည်း မရှိ၊ လူမမယ် ညီငယ်၊ ညီမလေးတွေနဲ့ ဘယ်လိုလုပ်ကိုင် စားသောက်ရမှန်း မသိတော့ပါဘူး၊ အားလုံးတော့ ဒုက္ခ တွေရောက်ကုန်ပါပြီ''ဟု သမီးအကြီး ဆုံးဖြစ်သူ မပိုင်ပျော်က ပြောသည်။

မောင်တော မြောက်ပိုင်းတရိန်း ကျေးရွာတွင် ယခုနှစ် ဇွန် ၂၄ ရက် ကလည်း တရိန်းကျေးရွာသားနှစ်ဦး ငါးရှာထွက်စဉ် အကြမ်းဖက်သမား များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ ကြောင်း သိရသည်။

မြင့်မောင်၊ ဇေယျာဓာတ်ပုံ-နေဝင်းထွန်း(မြန်​မာ့အလင်း)

No comments:

Post a Comment