Latest News

Friday, December 29, 2017

မီခီတာရန်အား မန်ယူအသင်း ရောင်းချဖြစ်ဖွယ်ရှိနေ

မီခီတာရန်အား မန်ယူအသင်း ရောင်းချဖြစ်ဖွယ်ရှိနေ

မန်ယူအသင်း မန်နေဂျာ  မော်ရင်ညို၏  ကြိုက်နှစ် သက်ခြင်းခံရမှုနည်းပါးနေသူ  တောင်ပံတိုက်စစ် ကစားသမား    မီခီတာရန်သည်    လာမည့် ဇန်နဝါရီဈေးကွက်ကာလအတွင်း  ရောင်းချ ခံရဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။

စီးရီးအေကလပ်  အင်တာမီလန်အသင်း သည် အာမေးနီးယားကစားသမား မီခီတာရန် အား ခေါ်ယူရန် စိတ်ဝင်စားမှုရှိသော်လည်း အပြီး သတ် ဝယ်ယူနိုင်ရန်  အခက်အခဲများရှိနေခြင်းကြောင့် ဇန်နဝါရီဈေးကွက်ကာလအတွင်းတွင် အငှားဖြင့် ခေါ်ယူသွားရန်  ရည်ရွယ်ထား သည်ဟုဆိုသည်။ မန်ယူအသင်းသည် တောင်ပံကစားသမား မီခီတာရန်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ရရှိရန် ဆန္ဒရှိပြီး အင်တာမီလန်အသင်းသည် ဘဏ္ဍာရေး ထိန်းညှိမှုစည်းမျဉ်းကြောင့် မီခီတာရန်အား အပြီးသတ်ခေါ်ယူမည် ဆိုပါက မန်ယူအသင်းမှ တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးပမာဏကို သုံးစွဲရန် အတွက် အသင်းမှ ကစားသမားတစ်ဦးကို ဦးစွာရောင်းချရန် လိုအပ်နေကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။

အသက် ၂၈ နှစ်အရွယ်ရှိ  မီခီတာရန်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက် နောက်ပိုင်းမှစတင်ကာ မန်ယူအသင်း၏ ပွဲထွက်စာရင်းတွင် ပါဝင်ခွင့် မရရှိခဲ့ဘဲ မန်ယူအသင်း နောက်ဆုံး ကစားခဲ့သော ရှစ်ပွဲအနက် ငါးပွဲတွင်လည်း မန်ယူအသင်း ကစားသမားစာရင်းမှ ချန်လှပ်ခံခဲ့ရသူဖြစ်သည်။

မန်ယူအသင်းမန်နေဂျာ မော်ရင်ညိုက  ''အသင်းမှာ မပျော်ရွှင်တဲ့ ကစား သမားတွေကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချသင့်တယ်လို့ ကျွန် တော်ထင်ပါတယ်''ဟု ယခုလအစောပိုင်းက ပြောဆိုခဲ့ဖူးသည်။

ယခုအစောပိုင်း၌  မန်ယူအသင်း၏  လေ့ကျင့်ရေးအစီအစဉ် များတွင် မန် နေဂျာ မော်ရင်ညိုနှင့် မီခီတာရန်တို့ အငြင်းပွားမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်  ၄င်းတို့နှစ်ဦးကြား  ဆက်ဆံရေး မပြေလည်မှုများ    ဖြစ်ပေါ်လာခဲ့သည်ဟု    မန်ယူအသင်းနှင့် နီးစပ်သူများက ပြောဆိုခဲ့ကြသည်။  ထို့အပြင် မီခီတာရန်သည် မန်ယူပထမအသင်း  ကစားသမားများရှေ့တွင်  မော်ရင်ညိုအား  သူ၏ ခံစစ်ပိုင်း အားနည်းမှုကို ပြစ်တင်ပြောဆိုခဲ့ခြင်းကြောင့် မော်ရင်ညိုအနေဖြင့် မီခီတာရန် အပေါ် မကျေမနပ်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

တောင်ပံတိုက်စစ်ကစားသမား မီခီတာရန်အား သူ၏ အသင်းဟောင်း ဒေါ့မွန် အသင်းကလည်း ပြန်လည်ခေါ် ယူရန် စိတ်ဝင်စားမှုရှိနေသည်။ မီခီတာရန်သည် ၂ဝ၁၆ ခုနှစ် ဇူလိုင်လအစောပိုင်းတွင် ဒေါ့မွန်အသင်းမှ မန်ယူသို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃ဝ နီးပါးဖြင့် ပြောင်းရွှေ့လာခဲ့ကာ ပရီမီယာလိဂ်ကလပ်တစ်သင်းတွင် ပါဝင်ခွင့်ရသည့် ပထမဆုံး အာမေးနီးယားကစားသမားဖြစ်လာခဲ့သူ ဖြစ်သည်။
ထက်အောင်

No comments:

Post a Comment