Latest News

Wednesday, December 13, 2017

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အားပေး

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အားပေး

နေပြည်တော်    ဒီဇင်ဘာ     ၁၂

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ  မဏိရတနာကျောက်စိမ်းခန်းမ၌  ကျင်းပရာ       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူ တက်ရောက်အားပေးချီးမြှင့်သည်။

ပြပွဲသို့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  ဦးဝင်းမြင့်၊  ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဦးသိန်းဆွေ၊ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ မြန်မာ နိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်၊ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မဏိရတနာကျောက်စိမ်းခန်းမ၌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် အဖွဲ့ဝင်များအား ၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ခင်းကျင်းပြသရောင်းချမည့်အခြေအနေများကို Video Clip ဖြင့် ပြသသည်။

ယင်းနောက် ဒုတိယသမ္မတသည် ပြပွဲအတွင်း ခင်းကျင်းပြသထားသည့် ကျောက်မျက်ရတနာ ပြခန်းများနှင့် ကျောက်မျက်ရတနာအရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခု ပြသရောင်းချသည့် ၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသည် ၉၂ ပွဲမြောက်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၉ဝ နှင့် ကျောက်စိမ်း အတွဲပေါင်း ၆၆၈၅ တွဲ ပြသရောင်းချမည်ဖြစ်ပြီး ကျောက်မျက်အတွဲများကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကာ ဒီဇင်ဘာ ၁၅ ရက်တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ ကျောက်စိမ်းတွဲများကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ခင်းကျင်းပြသွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်မှ ၂၁ ရက်ထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွား မည်ဖြစ်သည်။ ကျောက်မျက်အတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံ ဈေးမှာ ယူရိုငွေ ၅ဝဝ ဖြစ်ကြောင်း၊ ကျောက်စိမ်းအရိုင်းအတွဲများအတွက် သတ်မှတ်ထားသည့်အခြေခံဈေးမှာ   ယူရိုငွေ ၄ဝဝဝ   ဖြစ်ကြောင်းနှင့်  ကျောက်စိမ်းအချောထည် အတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံဈေး မှာ ယူရိုငွေ ၁ဝဝဝ ဖြစ်ကြောင်း သိရသည်။                    
သတင်းစဉ်

No comments:

Post a Comment