Latest News

Wednesday, December 13, 2017

မန်ချက်စတာဒါဘီ မန်စီးတီးအလွန်အမင်း အောင်ပွဲခံမှုအပေါ် ပြစ်တင်စရာ မရှိ

မန်ချက်စတာဒါဘီ မန်စီးတီးအလွန်အမင်း အောင်ပွဲခံမှုအပေါ် ပြစ်တင်စရာ မရှိ

တနင်္ဂနွေနေ့    မန်ချက်စတာဒါဘီ ပွဲသိမ်းခရာမှုတ်သိမ်းချိန်မှာ မန်စီးတီး ကစားသမားတွေဟာ ပရိသတ်တွေရှေ့ သွားရောက်ပြီး   အကြီးအကျယ် သွားရောက်အောင်ပွဲခံခဲ့သလို နည်းပြ အဖွဲ့ဝင်တွေကလည်း ပါဝင်အောင်ပွဲခံ ခဲ့ပါတယ်။ ဒါပေမယ့်  မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ နည်းပြအဖွဲ့ဝင် တွေနဲ့အတူ အောင်ပွဲခံဖို့ ငြင်းပယ်ခဲ့ပြီး ရှုပ်ထွေးမှုဖြစ်နိုင်မယ့် အခြေအနေကို ရှောင်လွှဲခဲ့ပါတယ်။

အဲဒီနောက်    မန်ယူနည်းပြ မော်ရင်ဟိုနဲ့    မန်စီးတီးဂိုးသမား အီဒါဆင်တို့ ပေါ်တူဂီဘာသာစကားနဲ့ စကားလုံးတိုက်ပွဲနွှဲခဲ့တာ၊ မန်စီးတီး နည်းပြအဖွဲ့ဝင် အတီတာကော်ရေဘူး နဲ့ ပစ်ပေါက်ခံလိုက်ရတာ၊ မော်ရင်ဟို က ဧည့်သည်အသင်း အဝတ်လဲခန်း အပြင်ဘက်မှာ ခံစားချက်ကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်ခဲ့တာ    စသဖြင့် နောက်ပိုင်း   ပြဿနာတွေကိုပါ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။

အတီတာဟာ         ရေဘူးနဲ့ ပစ်ပေါက်ခံခဲ့ရတာကြောင့်  မျက်နှာ ပေါ်အထိ သွေးတွေစီးကျခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့သလို   ဒီဇင်ဘာ ၁၁ ရက် မန်စီးတီးအသင်း လေ့ကျင့် ရေးကွင်းကို  ရောက်လာချိန်  အသင့် စောင့်ဆိုင်းနေတဲ့   သတင်းသမား တွေကိုရှောင်လွှဲဖို့ နဖူးကို လက်နဲ့ကာ ထားတာကိုတွေ့ရပါတယ်။ ထိုရေဘူးကို ပစ်ပေါက်ခဲ့သူက မန်ယူတိုက်စစ်မှူး လူကာကူ ဖြစ်တယ်လို့ The Sun  သတင်းဌာနက   ဖော်ပြခဲ့ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ အတည်ပြုနိုင်ခြင်း  မရှိသေးပါဘူး။ ဒါ့အပြင် ဘယ်လ်ဂျီယံကစားသမားနှစ်ဦးဖြစ်တဲ့  လူကာကူနဲ့   ကွန်ပနီ တို့ဟာ ဥမင်အတွင်း အချေအတင်ဖြစ် ခဲ့သေးတယ်လို့လည်း သိရပါတယ်။

ဒီပြဿနာဟာ   မန်ယူကွင်း အိုးထရက်ဖို့ဒ်ကွင်းမှာ   မန်စီးတီး ကစားသမားတွေ လွန်လွန်ကျူးကျူး အောင်ပွဲခံမှုကြောင့် ဖြစ်လာတာဆိုတဲ့ ပြစ်တင်မှုတွေလည်း ရှိနေပေမယ့် အာဆင်နယ်ကစားသမားဟောင်း အီယန်ရိုက်ကတော့ မန်စီးတီးဘက်ကို အပြစ်တင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုက် ပါတယ်။ အီယန်ရိုက်က ''လူတွေက သူတို့အနေနဲ့ အဆင့်တစ်ခုမှ ရှိမနေ ဘူးလို့   စွပ်စွဲဝေဖန်နေကြပါတယ်၊ သူတို့တွေက ပြောနေကြတယ်၊ အနိုင် ရရင် ဘယ်လိုပြုမူသင့်သလဲဆိုတာ ကိုပေါ့၊ ဒါပေမယ့် ဒီနိုင်ပွဲက ပြိုင်ဘက် ကောင်းကို အနိုင်ယူပြီး ၁၄ ပွဲဆက် အနိုင်ရတယ်ဆိုတဲ့ မှတ်တမ်းတစ်ခုကို ချိုးဖျက်နိုင်တဲ့ နိုင်ပွဲဆိုတာ စဉ်းစား ပေးရမယ်''လို့  တုံ့ပြန်ခဲ့တာ ဖြစ်ပါ တယ်။

အီယန်ရိုက်ကတော့ မော်ရင်ဟို အနေနဲ့  ဒီလို   ကိုယ့်အိမ်ကွင်းမှာ ပြိုင်ဘက်က အလွန်အကျူးအောင်ပွဲခံ သွားတဲ့ အခြေအနေကို ဥပမာထားပြီး မန်ယူကစားသမားတွေကို နိုင်ပွဲ ဆာလောင်  စိတ်ဖြစ်လာအောင်သာ  တိုက်တွန်း သင့်တယ်လို့     အကြံပြုခဲ့ ပါတယ်။ နှစ်သင်းစလုံးကတော့ ဒီကိစ္စရပ် အတွက် တစ်ဖက်ကို တစ်ဖက်ပြစ်တင် ဝေဖန်ခဲ့ကြပြီး    အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်(အက်ဖ်အေ)က  ဒီဖြစ်ရပ် အတွက်   စုံစမ်းမှုတွေ  ပြုလုပ်သွား မယ်လို့ ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန် ကြေညာထားပြီးဖြစ်ပါတယ်။

မေလဲ့သင်း(MMAL)

No comments:

Post a Comment