Latest News

Saturday, December 30, 2017

မယ်ဆိုင်ချောင်းအတွင်းရှိ အတားအဆီးများအား ထိုင်းဘက်မှ ဖယ်ရှားဆောင်ရွက်မှု လတ်တလောပြီးစီး

မယ်ဆိုင်ချောင်းအတွင်းရှိ  အတားအဆီးများအား  ထိုင်းဘက်မှ  ဖယ်ရှားဆောင်ရွက်မှု လတ်တလောပြီးစီး


 မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်  တာချီလိတ်မြို့နှင့်  မယ်ဆိုင်မြို့တို့အကြားရှိ  မယ်ဆိုင်-မယ်ဟောက် ချောင်းအတွင်း ကျန်ရှိနေသည့် အတားအဆီးများအား ထိုင်းဘက်မှ ရှင်းလင်းဖယ်ရှားမှုမှာ   ဒီဇင်ဘာ ၂၉ ရက်၊  နေ့လည်ပိုင်းအချိန်က  လတ်တလော ပြီးစီးကြောင်း သိရသည်။ အဆိုပါ မယ်ဆိုင်-မယ်ဟောက်ချောင်းအတွင်းရှိ ရေတားများ ရှင်းလင်းဖယ်ရှားခြင်းကို    ထိုင်းနိုင်ငံ ဘက်မှ  တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အနီး  BRP-458 (ဂရင်းဆိပ်)တွင် ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ရက် နေ့အထိ  အလျား(၃၀)ပေ၊ အနံ(၁၅)ပေ၊ အနက် (၃)ပေရှိ ကွန်ကရစ် ကျောက်တန်းစွယ်များ၊ ကျောက်ခဲများ၊ နုန်းနှင့် သဲများအား ဘက်ဟိုးယာဉ်တစ်စီးဖြင့် ဖယ်ရှားခြင်း၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင်  ရန်အောင်မြေရပ်ကွက် အနီး BRP-392(ငှက်ပျောဆိပ်)ရှိ ထု(၅)ပေ၊ အကျယ်(၁၅)ပေ၊ ကျောက်တန်းအဖြစ်စုပုံထားသည့် ကျောက်ကြီး များအား ရှင်းလင်းရာ ၀ါးငုတ်အချို့ပေါ်ကာ ချောင်းရေ တစ်ပေခန့်ကျဆင်းပြီး၊ ချောင်းမှာ မူလထက် (၁၂)ပေခန့် ပိုကျယ်လာခဲ့ကြောင်း၊    ဒီဇင်ဘာ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ   ပုန်းထွန်ရပ်ကွက်အနီး BRP-492(၀ါးဆိပ်)တွင် အကျယ်(၅၀)ပေ၊  အနံ(၈၀)ပေ၊ အနက် (၄)ပေရှိ ဧရိယာတွင် ကျောက်တုံးများ၊ ကျောက်များ၊ နုန်းများနှင့် ကိုင်း ပင်များအား ဖယ်ရှားခဲ့ပြီး၊ ယနေ့  နံနက်တွင် ဂရင်းဆိပ်မှ  ကျန်ရှိသည့်ကျောက်များအား  ဆက်လက်ရှင်းလင်း ဖယ်ရှားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊  ရေစီးရေလာပိုမိုကောင်းမွန်ရေး  ချောင်းရေအနည်းငယ်တက်လာသည့် အတွက်  ရေကျချိန်၌ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံ ဘက်မှ မယ်ဆိုင်ချောင်းအတွင်း   ငှက်ပျောဆိပ် နှင့် ဂရင်းဆိပ်အနီးတွင် ၀ါးဖြင့်  ယာယီ ရေတားဆောင်ရွက်၍  စိုက်ပျိုးရေ ရယူရာတွင်  ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကာလအတွင်းသာ  ဖျက်သိမ်းရန်လွယ်ကူသည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊   ယင်းယာယီ ၀ါးရေတားများကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၇ ရက်နေ့ အတွင်း အပြီး ပြန်လည်ဖယ်ရှားမည်ဖြစ်ကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံဘက်မှ ဖယ်ရှားရှင်းလင်းခြင်းမပြုပါက  မြန်မာနိုင်ငံဘက်မှ မိုးရာသီကာလတွင် မြေနိမ့်ပိုင်းများ၌  ရေကြီးရေလျှံမှုများ ကာကွယ်ရန်အလို့ငှာ ၀င်ရောက်ဖျက်သိမ်းဆောင်ရွက် သွားမည်ဖြစ်သည်။ အဆိုပါ မယ်ဆိုင်-မယ်ဟောက်ချောင်းအတွင်း ရေတားများဖယ်ရှားရှင်းလင်းခြင်းကို  မြန်မာ-ထိုင်းနှစ် နိုင်ငံ မယ်ဆိုင်-မယ်ဟောက်ချောင်းရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာဆပ်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးမှ  နှစ်ဖက်သဘောတူ ဆုံးဖြတ်ချက်များအရ   ဆောင်ရွက်ခြင်းဖြစ်ပြီး၊    ထိုသို့ ဖယ်ရှားဆောင်ရွက်ရာတွင်  ဆပ်ကော်မတီအတွင်းရေးမှူး  တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ   နှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်  ဦးဆောင်သည့် ဌာနဆိုင်ရာများ၊  ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး Mr.Paskom Boonyalug   ဦးဆောင် သည့်  ဌာနဆိုင်ရာများ က ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 ဝေယံလင်း(ပြန်/ဆက်)


No comments:

Post a Comment