Latest News

Friday, December 22, 2017

နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဆောင်းပါး သိမ်မွေ့သော ကျူးကျော်မှုများနှင့် လွတ်လပ်ရေး

နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဆောင်းပါး
သိမ်မွေ့သော ကျူးကျော်မှုများနှင့် လွတ်လပ်ရေး

သေရာပါ အမာရွတ်တစ်ခု
ငယ်စဉ်က  အမေနှင့်အတူ  အဘွားတို့နေထိုင်ရာ  တောရွာ လေးသို့   သွားရောက်ခဲ့စဉ်က   ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို   ပြန်လည်သတိရမိသည်။   ဦးလေး ဖြစ်သူ   စီးနင်းသည့်  စက်ဘီးကို  နောက်မှ   ထိုင်လိုက်ရင်း  ဘယ်ဘက်ခြေထောက် စက်ဘီးစမုတ်တိုင်ကြားသို့ ညပ်သွား၏။ မိမိအနေဖြင့် ဘာဖြစ်သည်ကို မသိ၊  နာလွန်း၍  အော်ငိုတော့မှ  ဦးလေးဖြစ်သူက စက်ဘီးကို  ရပ်လိုက်၏။  ထိုအချိန်အထိ ခြေထောက်မှာ ထိုင်ခုံထောက်တိုင်နှင့် စမုတ်တိုင်ကြားထဲတွင် ညပ်နေဆဲပင်။
ဦးလေးဖြစ်သူက ညပ်နေသည့် ခြေထောက်ကို ဆွဲထုတ်၍  စက်ဘီးကို နေရာတွင် လှဲထားခဲ့ပြီး ကျေးလက်ဆေးမှူးအိမ်သို့  ထမ်း၍ ပြေးလေ၏။ ခြေထောက်ညပ်သည့် အချိန်မှ ဆေးမှူး၏အိမ်ရောက်သည်အထိ နာလွန်း၍  အော်ငိုနေသည်မှာ  မရပ် တော့ပေ။ ဆေးမှူးအိမ်ရောက်မှ  မိမိနာကျင်သည့် နေရာကို ကြည့်မိရာ    ခြေမျက်စိအောက်   အပြင်ခြေဖနောင့်တွင် အရေပြားလန်ကာ အရိုးပေါ်နေသည်ကို တွေ့ရ၏။
ဆေးမှူးက အနာကို ဆေးကြောသန့်စင်၍ ဆေးထည့် ပေးချိန်တွင် မငိုနိုင်တော့။ မနာတော့၍ မဟုတ်၊ နာလွန်း၍ မငို နိုင်တော့သည့်  သဘောဖြစ်မည်ထင်၏။  ထိုအနာပျောက်ရန် အချိန်တစ်လကျော်ကြာမြင့်ခဲ့၏။ နေ့စဉ်ဆေးထည့်တိုင်း နာ၍ အော်ခဲ့ရသည်ချည်းပင်။ ထိုအနာပျောက်ကင်းသွားသော်လည်း အမာရွတ်ကား ယခုတိုင် ထင်ရှားနေဆဲ။ သေရာပါအမာရွတ်ဟု  ဆိုနိုင်ပေသည်။
ထိုအဖြစ်အပျက်ကလေးကို ကြည့်လျှင် စမုတ်တိုင်ကြား  ခြေထောက်ညပ်သွားသည်မှာ   စက္ကန့်ပိုင်းမျှသာဖြစ်သည်။ အသံထွက်၍ မငိုနိုင်လောက်အောင် နာကျင်ခဲ့ရသည်။ အနာ ပျောက်ကင်းရန် အချိန်တစ်လကျော်ကြာအောင် ကုသခဲ့ရ သည်။ အနာပျောက်ကင်းသွားသော်လည်း သေရာပါအမာရွတ် ကျန်ခဲ့သည်။ ထိုအကြောင်းအရာသည် ကိုယ်တိုင်ကြုံတွေ့ခံစား ခဲ့ရသည်မှာ အမှန်ပင်။
မကြုံဖူးလို့ မယုံဘူးဆိုသော်လည်း
ထိုအကြောင်းကို  ထိုသို့မကြုံတွေ့ခဲ့ဖူးသူ  တစ်ဦးဦးအား  ပြောပြမိမည်ဆိုလျှင်လည်း ထိုမျှနာကျင်ခဲ့သည် ဆိုသည်ကို  လက်ခံယုံကြည်ရန် ခက်ခဲနေပေလိမ့်မည်။ ထို့အတူ စက်ဘီး နောက်တွင် လိုက်ပါစီးနင်းလာသည့် ကလေးငယ်တစ်ဦးကို မိမိကဲ့သို့  မဖြစ်စေရန်  သွန်သင်ပြောပြပေးမည်ဆိုလျှင်လည်း  အလေးထားချင်မှ ထားပေလိမ့်မည်။ အကြောင်းမှာ ကိုယ်တိုင် မကြုံတွေ့ဖူးခြင်းသည်ပင်လျှင်      အကြောင်းအရာအပေါ် ယုံကြည်မှုနှင့် အလေးထားမှုကို လျော့ပါးစေသည့် အကြောင်း တရားဟု ထင်မြင်မိပါသည်။
   ထို့အပြင် အချိန်ကာလဆိုသည်ကလည်း အဖြစ်အပျက် တို့ကို မှုန်ဝါးမေ့လျော့သွားစေနိုင်ပါသည်။ တစ်ချိန်က အသည်း ခိုက်အောင် နာကျင်ခဲ့ပါသည်ဆိုသော မိမိကိုယ်တိုင်ပင် ယနေ့ တွင် ထိုသေရာပါဒဏ်ရာ ဒဏ်ချက်ကို ဖြစ်ပေါ်စေခဲ့သည့် ဖြစ်စဉ် ကို မေ့လျော့နေလေပြီ။ ဤသည်လည်း လူသားတို့၏ သဘာဝ  တစ်ခုပင် ဖြစ်ပေသည်။ သေသောသူ ကြာလျှင်မေ့ ဟုပင်  ဆိုကြသည် မဟုတ်ပါလား။
ထိုအဖြစ်အပျက်  အကြောင်းအရာမှာ လူပုဂ္ဂိုလ်တစ်ဦး၏  အသေးအဖွဲ  ကိစ္စတစ်ခုသာဖြစ်ပါသည်။ မေ့လျော့သွားသော် လည်း အရေးမကြီး ၊ မည်သူ့ကိုမျှ ထိခိုက်ခြင်း မရှိနိုင်ပါ။ သို့ရာ တွင် ထိုအဖြစ်အပျက်  အကြောင်းအရာမှ ဖော်ထုတ်ရရှိသည့် သဘောတရားကတော့ အရေးကြီးသည်၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်နေသည်ဟု ဆိုချင်ပါသည်။
နိုင်ငံတော်အနေဖြင့် ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်မှာ နှစ် ၇ဝ ပြည့်တော့ပေမည်။ နှစ် ၇ဝ ဟူသည့်  အချိန်ကာလသည် လူတစ်ဦး၏ သက်တမ်းဖြစ်ပါသည်။ ဆိုလိုသည်မှာ နယ်ချဲ့ကိုလိုနီခေတ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ ဖူးသူအရေအတွက်မှာ  အတော်ပင်နည်းသွားပေပြီ။   ကျန်လူ အများစုမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ လူဖြစ်လာကြသူ များပင် ဖြစ်လေသည်။ သို့ဖြစ်၍ ရှေးယခင်က လွတ်လပ်ခဲ့သော၊  သူ့ကျွန်ဘဝတွင်   ဖြစ်ပျက်ခဲ့သမျှသော၊   လွတ်လပ်ရေးကို ပြန်လည်အရယူခဲ့ရသော အကြောင်းအရာများကို ကိုယ်တိုင် ဖတ်မှတ် လေ့လာခြင်းနှင့် တစ်ဆင့်စကားတို့အရသာ သိနိုင်ကြ ပေမည်။
သို့ရာတွင် ထိုသို့ ဖတ်မှတ်လေ့လာခြင်းနှင့် လက်ဆင့်ကမ်း  ပြောကြားချက်တို့အရ သိရှိလာကြသည့် အကြောင်းအရာ တို့သည် စိတ်ကူးယဉ်အဖြစ်အပျက်များ မဟုတ်ခဲ့ပေ။ မြန်မာ တစ်မျိုးသားလုံး၏ သွေး၊ ချွေး၊ မျက်ရည်တို့ဖြင့် ရင်းခဲ့ရသည့် ဖြစ်ရပ်အမှန်များဖြစ်ကြသည်ကို    သိရှိထားအပ်ပေသည်။ သို့မှသာ လွတ်လပ်ရေး၏ အနှစ်သာရ၊ လွတ်လပ်ခြင်း၏ တန်ဖိုး တို့ကို   သိရှိနားလည်နိုင်ကြပေလိမ့်မည်။   လွတ်လပ်ရေးကို ချစ်မြတ်နိုးစွာ  ဝိုင်းဝန်းထိန်းသိမ်း   ကာကွယ်စောင့်ရှောက် ကြရမည့် တာဝန်မှာ မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေး တာဝန်  ဖြစ်သည်ဟူသည့်  အသိတရားတို့  ထွန်းကားနိုင်ပေ မည်။
သမိုင်းကြောင်းထဲက အမှန်တရားများ
ရှည်လျားလွန်းသည့်  သမိုင်းကြောင်းထဲမှ  ကိုလိုနီနယ်ချဲ့  အင်္ဂလိပ်တို့၏ ကျူးကျော်မှုတို့ကို ပြန်ကြည့်မည်ဆိုလျှင် မြန်မာ ပိုင်နက်ဖြစ်သော  အာသံ၊  မဏိပူရ  ပြည်တွင်းရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ရှင်မဖြူကျွန်းကို ကျူးကျော်သိမ်းပိုက်  တပ်စွဲခြင်းတို့ကြောင့်  တိုက်ပွဲများ စတင်ဖြစ်ပွားကာ  ၁၈၂၄ ခုနှစ်  မတ်လ ၅ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် လော့အမ်းဟတ် က မြန်မာနိုင်ငံကို စစ်ကြေညာ၍ ပထမ အင်္ဂလိပ် - မြန်မာ ကျူးကျော်စစ်ကို    ဆင်နွှဲခဲ့ကြသည်။    ၁၈၂၆    ခုနှစ်  ဖေဖော်ဝါရီလ  ၂၄  ရက်နေ့တွင်  ချုပ်ဆိုသော ရ္တပိုစာချုပ် အရ   ရခိုင်နှင့်  တနင်္သာရီနယ်ကို  မြန်မာတို့  လက်လွှတ်ခဲ့ရ လေသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာတို့၏ မြေပေါ်တွင် ခြေကုပ် ရသွားသောအခါ  အကြောင်းအမျိုးမျိုးပြ  အ$ကျပ်ကိုင်ကာ စစ်ကြေညာခြင်းမရှိဘဲ ၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ ကျူးကျော်စစ်ကို  ဆင်နွှဲ၍  ၁၈၅၂ ခုနှစ်  ဒီဇင်ဘာလ  ၂ဝ  ရက်နေ့တွင်  အောက်မြန်မာနိုင်ငံကို  သိမ်းပိုက်ကြောင်း ကြေညာခဲ့ပြန်သည်။
နယ်ချဲ့အင်္ဂလိပ်တို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသော   စစ်ဦးစီးပေါ်လစီမှာ  မြန်မာဘုရင်ကို  ပြည်နှင်ဒဏ်ပေးရန်၊ မြန်မာတစ်နိုင်ငံလုံး လုံးဝရိုသေပျပ်ဝပ် ကျိုးနွံစေရန်နှင့် ဘုရင် နှင့် လူမျိုးပါ ပျက်သုဉ်းစေရန်ဟူသည့် အချက် ၃ ချက်ဖြစ်ပါ သည်။ ထိုပေါ်လစီအတိုင်း ဘုံဘေဘားမားသစ်ကုမ္ပဏီ သစ်ခိုး ထုတ်သည့် ကိစ္စကို အကြောင်းပြုကာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၁  ရက်နေ့တွင်  စစ်ကြေညာ၍  တတိယ အင်္ဂလိပ်-မြန်မာ ကျူးကျော်စစ်ဖြင့် မြန်မာပြည်သိမ်းစီမံချက်ကို အကောင် အထည်ဖော်လေတော့သည်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာတို့၏သီပေါဘုရင်ကို နန်းချ၍ နိုဝင်ဘာလ ၂၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် သီပေါဘုရင်နှင့် မိသားစုအား သူရိယသင်္ဘော ပေါ်သို့ တင်ဆောင်ကာ နယ်ချဲ့အင်္ဂလိပ်တို့၏ စစ်ဦးစီးပေါ်လစီ တွင် ပါရှိသည့်အတိုင်း ပြည်နှင်ဒဏ်ပေးရန် စီစဉ်ခဲ့ကြလေသည်။  ထိုရက်များသည် မြန်မာတို့၏ အချုပ်အခြာအာဏာ လက်လွတ် ဆုံးရှုံးခဲ့ရသည့် ရက်စွဲများပင် ဖြစ်ပါသည်။ သူ့ကျွန်ဖြစ်ခဲ့ရသည့်  နိဒါန်းရက်စွဲများဟုလည်း ခေါ်နိုင်ပါသည်။
၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်က   ''ဧကရီဘုရင်မကြီး၏    အမိန့်တော်ကို ဦးထိပ်ရွက်ပန်ဆင်ကာ  ဤကြေညာချက်ကို   ထုတ်ပြန်သည့် အချိန်မှ အစပြုပြီးလျှင် ယခင်က သီပေါဘုရင်အုပ်စိုးခဲ့သော  တိုင်းပြည်နယ်ပယ်မှန်သမျှ အားလုံးတို့သည် သီပေါဘုရင်၏ အုပ်ချုပ်မှုအောက်တွင် ရှိလိမ့်မည်မဟုတ်တော်မူ၍ ဧကရီ ဘုရင်မကြီး၏  နိုင်ငံတော်အစိတ်အပိုင်းအဖြစ်  သိမ်းသွင်းပြီး ဖြစ်လေရာ  ဧကရီဘုရင်မကြီး၏  သဘောတော်ကျ  အိန္ဒိယ ဘုရင်ခံချုပ်ကြီးက  အခါအားလျော်စွာ  အရာရှိများ  ခန့်အပ် အုပ်ချုပ်သွားစေလိမ့်မည် ဖြစ်ပေကြောင်း''ဟူ၍ ကြေညာချက် ထုတ်ပြန်ခဲ့လေသည်။
ထိုနေ့တွင်ပင်  မဟာဝန်ရှင်တော်မင်းကြီး  ဆာချားလ် ဘားနတ်ကလည်း  ''အိန္ဒိယဘုရင်ခံချုပ်၏  အမိန့်တော်အရ အထက်မြန်မာနိုင်ငံကို ဧကရီအရှင်မဖုရားပိုင် နိုင်ငံတော်များနှင့် အတူ အမြဲပေါင်းစည်းထားရှိပြီးဖြစ်သည့်အတိုင်း ယခုမှစ၍  အင်္ဂလိပ်အစိုးရအရာရှိမင်းတို့ တိုက်ရိုက်အုပ်စိုးခြင်းကို ခံကြရ မည်။ မြန်မာနိုင်ငံအတွင်း မည်သည့် မင်းတစ်ပါးပါးမျှ အစိုးရနိုင် တော့မည်မဟုတ်'' ဟူ၍  ကြေညာချက် ထုတ်ပြန်ခဲ့လေသည်။ ဤကြေညာချက်ဖြင့်  မြန်မာနိုင်ငံသည်  ကျွန်ဇာတ်သွင်းခြင်း ခံခဲ့ရလေသည်။
ဖော်ပြခဲ့သည့်  အကြောင်းအရာ  အဖြစ်အပျက်တို့သည် ရှည်လျားလှသည့်  မြန်မာသမိုင်းကြောင်းနှင့်  ယှဉ်လိုက်လျှင် လျှပ်တစ်ပြက်မျှသာ ဖြစ်ပေလိမ့်မည့်။ သို့ရာတွင် ထိုအချိန်က မြန်မာတစ်မျိုးသားလုံး    လွန်စွာနာကျင်ခံစားခဲ့ကြရသည့် လက်တွေ့ ဖြစ်စဉ်များ၊ အမှန်တရားများဖြစ်ကြပါသည်။ ပိုင်ဆိုင် ထားသည့် လွတ်လပ်ရေးကို ဂရုမထားမိ၊ ထိန်းသိမ်းကာကွယ် နိုင်သည့် စွမ်းအားမရှိ၊ စည်းလုံးညီညွတ်မှု မရှိကြလျှင် လွတ်လပ် ရေးကို အချိန်တိုအတွင်း ဆုံးရှုံးသွားနိုင်သည်ကို သတိပြုကြရ ပေမည်။
ပေးဆပ်လိုက်ရသည့် အချိန်နှင့် ရင်းနှီးမှုများစွာ
နယ်ချဲ့အင်္ဂလိပ်တို့၏ ပထမကျူးကျော်စစ်ပြီးကတည်းက  လွတ်လပ်ရေး ပြန်လည်ရရှိသည်အထိ တိုင်းရင်းသားပြည်သူ တို့၏ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများစွာ ဆင်နွှဲခဲ့ကြသည်ကို  တွေ့ရပေသည်။  စစ်ရေးအရ  တွန်းလှန်တိုက်ခိုက်ခဲ့ကြသလို  နိုင်ငံရေးအရလည်း     ဆန့်ကျင်တိုက်ခိုက်ခဲ့ကြရပေသည်။ ခဏတာအတွင်း ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးကို ပြန်လည်ရရှိ အောင် ကြိုးပမ်းကြရာတွင် နှစ်ပေါင်းတစ်ရာကျော် ကြာမြင့်ခဲ့ ပေသည်။
ထိုကာလအတွင်း နယ်ချဲ့တို့သည် တိုင်းပြည်၏ မြေပေါ် မြေအောက် သယံဇာတတို့ကို မတရားထုတ်ယူသွားခဲ့ကြသည်။ ယဉ်ကျေးမှုအမွေအနှစ်တို့ကို ပျက်စီးစေခဲ့ကြသည်။ ပညာရေး၊ လူမှုရေးတို့ နိမ့်ကျအောင် စီမံခဲ့ကြသည်။ ထိုစဉ်ကပင် နိုင်ငံ တကာက ပြစ်တင်ရှုတ်ချရလောက်အောင် မြန်မာအမျိုးသားထု  အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြသည်။ အဆိုးဆုံးမှာ မြန်မာတိုင်းရင်းသားအချင်းချင်း သွေးကွဲစေရန် သွေးခွဲ၍ အုပ်ချုပ်ခဲ့ကြသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည်   ၄င်းတို့၏   မြန်မာနိုင်ငံအပေါ် ထားရှိသော စစ်ဦးစီးပေါ်လစီနှင့်အညီ သီပေါဘုရင်နှင့် အမျိုး အနွယ်တို့ကို အိန္ဒိယနိုင်ငံ မဒရပ်၊ ¤င်းမှ ရတနာဂီရိသို့ ပို့ဆောင် ၍ ပြည်နှင်ဒဏ်ပေးခဲ့သည်။ ဘုရင်ကို သေသည်အထိ အကျဉ်းစံ ဘဝနှင့် ထားခဲ့ကြသည်။ မဟာဆီမဟာသွေးကို ပျက်ယွင်းသွား စေသည်အထိ  အကွက်ကျကျ  ဖန်တီးခဲ့ကြသည်။  သို့ရာတွင် မြန်မာတစ်နိုင်ငံလုံး  လုံးဝရိုသေပျပ်ဝပ်  ကျိုးနွံစေရန်ဆိုသည့် အချက်ကိုကား ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြပေ။ မြန်မာတို့၏ မျိုးချစ်စိတ်ကို     ချိုးနှိမ်နိုင်ခြင်းမရှိခဲ့ဟူ၍လည်း     ဆိုနိုင်ပါ သည်။
မည်သို့ပင်ဆိုစေကာမူ လွတ်လပ်ရေးကို ပြန်လည်ရရှိရေး အတွက်  မြန်မာတိုင်းရင်းသားတို့၏  အသက်၊  သွေး၊  ချွေး မြောက်မြားစွာ ရင်းနှီးပေးဆပ်လျက် အချိန်ကြာမြင့်စွာ ကြိုးပမ်း ခဲ့ကြရပေသည်။
မျက်မှောက်ခေတ်နှင့် လွတ်လပ်ရေး
နယ်ချဲ့အင်္ဂလိပ်တို့သည်  မြန်မာတို့အပေါ်  ကျူးကျော်စစ်  သုံးကြိမ်ဆင်နွှဲ၍  ကျွန်ပြုအုပ်ချုပ်ခဲ့ကြသည်။  နယ်ချဲ့တို့၏ ကျူးကျော်မှုသည် ထင်သာမြင်သာရှိခဲ့ပေသည်။ မျက်မှောက် ခေတ်တွင် စစ်ရေးအရ ကျူးကျော်မှုကို မလွှဲမရှောင်သာမှသာ  အသုံးပြုကြသည်ကို တွေ့ရပေသည်။ သို့ရာတွင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ယိုင်နဲ့အောင် ထိပါးနေသည့် ကျူးကျော် မှုများမှာ ထင်သာမြင်သာ မရှိသော်လည်း ဘက်ပေါင်းစုံမှ ထိုးနှက်လျက်ရှိသည်ကို သတိပြုကြရပေမည်။
နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေး၊  သဘောတရားရေး၊ သံတမန်ရေး၊   ဝါဒဖြန့်ချိရေး   စသည့်ကဏ္ဍပေါင်းစုံတွင် နည်းလမ်းပေါင်းစုံဖြင့်  ကျူးကျော်လျက်ရှိနေသည်ကို  နိုင်ငံ တကာတွင်  လတ်တလောကြုံတွေ့နေရသည့် ဖြစ်စဉ်သာဓက များစွာနှင့် နှိုင်းယှဉ်၍ မြင်နိုင်စွမ်းရှိကြရပေမည်။ ထိုသို့သော ကျူးကျော်မှုများသည် စစ်ရေးအရ ပေါ်ပေါ်ထင်ထင် ကျူးကျော် ခြင်းထက် ထိရောက်မှုရှိသည့်အပြင် ကျူးကျော်ခံရမှန်း မသိ လောက်အောင်လည်း သိမ်မွေ့နေတတ်ပေသည်။  အချုပ်အခြာ အာဏာ  တည်တံ့ခိုင်မြဲနေမှသာ  လွတ်လပ်သည့်  တိုင်းပြည် တစ်ခုဟု ခေါ်နိုင်သလို အချုပ်အခြာအာဏာကို ထိပါးခံရလျှင်  လွတ်လပ်ရေးကို ခြိမ်းခြောက်ခံရခြင်းပင် ဖြစ်ပေသည်။ သို့ဖြစ်၍ လွတ်လပ်ရေးကို   ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် နယ်ပယ်သည်  စစ်ရေးအရ ကျူးကျော်မှုသာမက  ထိုထက်ပင် ကျယ်ဝန်းနေပြီဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင်   တိုင်းရင်းသားလူမျိုးပေါင်းစုံ  မှီတင်းနေထိုင်လျက်ရှိကြသော အမိနိုင်ငံတော်ကြီး၏ လွတ်လပ် ရေး  အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက်  အတိတ်သမိုင်း ကြောင်းတွင်   ကြုံတွေ့ခဲ့ရသော    လွတ်လပ်ရေး ဆုံးရှုံးမှု၏ ခါးသီးသည့်    အတွေ့အကြုံများကို    သင်ခန်းစာယူရင်း မျက်မှောက်ခေတ်တွင်  ကြုံတွေ့နေရသည့်  ကျူးကျော်မှု အပေါင်းကို   သတိကြီးစွာထားကာ    စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် တွန်းလှန်ကာကွယ်ကြပါစို့လို့ တိုက်တွန်းနှိုးဆော် အပ်ပါသည်။          ။ ဆောမျိုးနွယ်(မြန်မာ့အလင်း)

No comments:

Post a Comment