Latest News

Saturday, December 2, 2017

စည်ပင်သို့ လွှဲပြောင်းပေးအပ်ရန်လိုအပ်သည့် ပြစ်ဒဏ်ချမှတ်ထားသော ဒဏ်ငွေများကို ဟင်္သာတမြို့နယ်တရားရုံးမှ တစ်နှစ်ခွဲနီးပါးကြာသည်အထိ ငွေပေးသွင်းခြင်းမရှိသေး

စည်ပင်သို့ လွှဲပြောင်းပေးအပ်ရန်လိုအပ်သည့် ပြစ်ဒဏ်ချမှတ်ထားသော ဒဏ်ငွေများကို ဟင်္သာတမြို့နယ်တရားရုံးမှ တစ်နှစ်ခွဲနီးပါးကြာသည်အထိ ငွေပေးသွင်းခြင်းမရှိသေး

 ဟင်္သာတ ဒီဇင်ဘာ၂

စည်ပင်သို့ လွှဲပြောင်းပေးအပ်ရန်လိုအပ်သည့် ပြစ်ဒဏ်ချမှတ်ထားသော ဒဏ်ငွေများကို ဟင်္သာတမြို့နယ်တရားရုံးမှ တစ်နှစ်ခွဲနီးပါးကြာသည်အထိ ငွေပေးသွင်းခြင်းမရှိသေးကြောင်း စည်ပင် ကော်မတီဥက္ကဌထံမှသိရသည်။

စည်ပင်ဥပဒေကို ချိုးဖောက်သည့်အမှုများနှင့်ပတ်သက်၍ တရားရုံးမှ ပြစ်ဒဏ်ချမှတ် ခဲ့ပြီးဖြစ် သော်လည်း ၂၀၁၆ ခုနှစ်အတွင်း အမှု ၉ မှု၊ ၂၀၁၇ ခုနှစ်အတွင်း အမှု ၁၀ မှုမှ ဒဏ်ငွေများကို စည်ပင်သို့ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးကော်မတီက စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ မည်သူမဆို စည်ပင်သာယာရေးဥပဒေကို ချိုးဖောက်တယ်ဆိုရင် တရားရုံး တင်ပြီး တရားစွဲတာတွေရှိပါတယ်။ အဲလို တရားရုံးတင် တရားစွဲတဲ့အခါ တရားရုံးက ပြစ်ဒဏ်ချရင် ချမှတ်တဲ့ဒဏ်ငွေကို စည်ပင်သာယာကို ငွေစာရင်းခေါင်းစဉ်နဲ့တကွပေးသွင်းရပါတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ မပေးသွင်းတာ ၉ မှုရှိပြီးတော့ ၂၀၁၇ မှာ ၁၀ မှုရှိပါတယ်။ စုစုပေါင်းတန်ဖိုးအနေနဲ့ ပြောမယ်ဆိုရင် ၉ သိန်းနဲ့ ၃ သောင်းပေးရန် ကျန်ရှိပါတယ်”ဟု ဟင်္သာတမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးလှမြင့်က ပြောကြားသည်။

ထိုသို့ ပြစ်ဒဏ်ချမှတ်ထားသည့် ဒဏ်ငွေများကို လွှဲပြောင်းပေးအပ်ရန် ကျန်ရှိနေသည့်အပေါ် ဟင်္သာတမြို့နယ်တရားသူကြီးထံ အကြောင်းကြားစာပေးပို့ထားပြီးဖြစ်သော်လည်း အကြောင်း ပြန်ကြားမှု တစ်စုံတစ်ရာမရှိသေးကြောင်း စည်ပင်သာယာရေးကော်မတီဥက္ကဌက ဆက်လက် ပြော ကြားသည်။

“စည်ပင်သာယာရေးကော်မတီက စည်ပင်သာယာရေးဥပဒေအရ တရားရုံးကိုတင်ပြီး တရားစွဲ ထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားရုံးကပြစ်ဒဏ်ချမှတ်လို့ရှိရင် ချမှတ်တဲ့ဒဏ်ငွေကို စည်ပင် သာယာရေးဌာနကို ပေးသွင်းဖို့ တာဝန်ရှိပါတယ်။ တရားရုံးက အခုလို မပေးသွင်းဘဲထားတာ တစ်နှစ်နဲ့ ခြောက်လနီးပါးလောက်ရှိပါပြီ။ အခုလိုမပေးသွင်းတဲ့အတွက် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက် နေ့ရက်စွဲနဲ့ ပေးရန်ဆိုပြီး တရားရုံးကို တောင်းထားတာ ရှိပါတယ်။ ဒါပေမယ့် ယနေ့အချိန်ထိပေးခြင်း မရှိသေးပါဘူး”ဟု ဟင်္သာတမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးလှမြင့်က ပြောကြားသည်။

စည်ပင်သာယာရေးအဖွဲ့ပိုင်မြေတွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးဆောက်လုပ်ခြင်း၊ လမ်း နယ်နိမိတ်ကျူးကျော်ခြင်း၊ တရားမ၀င်အမဲသားရောင်းချခြင်းတို့နှင့်ပတ်သက်သည့် ကိစ္စရပ်များအား စည်ပင်မှ တရားစွဲဆိုထားမှုများအပေါ် တရားရုံးမှ အမိန့်ချမှတ်ပြီးနောက် ဒဏ်ငွေများ လွှဲပြောင်း ပေးအပ်ရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တရားရုံးမှ မည်ကဲ့သို့သောအကြောင်းကြောင့်  ငွေလွှဲပြောင်း ပေးအပ်ခြင်း မရှိသေးသည်ကို သိရှိနိုင်ရန် ဟင်္သာတမြို့နယ်တရားသူကြီးထံ သွားရောက်မေးမြန်းခဲ့ရာ ယင်းကိစ္စအား လာမည့်အပါတ် သောကြာနေ့(ဒီဇင်ဘာလ ၈ ရက်)တွင်မှ ဖြေကြားပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment