Latest News

Tuesday, November 14, 2017

ရပ် / ကျေးအုပ်ချုပ်ရေးမှူး အရွေးမမှားဖို့လိုတယ်

ရပ် / ကျေးအုပ်ချုပ်ရေးမှူး အရွေးမမှားဖို့လိုတယ်

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ တစ်နိုင်ငံလုံးကရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်သမ္မတရုံးဟာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုတွေရဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဆီကို ညွှန်ကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ဖို့အတွက် ၂၀၁၇ နိုဝင်ဘာကနေ ၂၀၁၈ မတ်လအထိ ငါးလအတွင်း ရွေးကောက်ပွဲတွေ ပြုလုပ်သွားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါဟာ NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါးအကြာမှာ ပြည်သူတွေ ရွေးချယ်မယ့် အောက်ခြေက အုပ်ချုပ်ရေးယန္တရားတွေကို စတင်ပြောင်းလဲတာလည်း ဖြစ်ပါတယ်။

ဒီလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ရာမှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကနေ တတိယအကြိမ်ပြင်ဆင် ပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအတိုင်း ကျင်းပမှာ ဖြစ်ပါတယ်။

တတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ၂၀၁၆ ဒီဇင်ဘာ ၂ ရက်က သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး မူလဥပဒေကိုတော့ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရှိနေတဲ့ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ နှစ်နှစ်တောင် မပြည့်သေးပါဘူး။ သက်တမ်းငါးနှစ်မပြည့်သေးတဲ့ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေ နေရာမှာ အသစ်ပြန်လည်ရွေးချယ်မှာ ဖြစ်တာကြောင့် ပြည်သူတွေအတွက်တော့ မျက်စိလည်စရာပါ။

တစ်နိုင်ငံလုံးက ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေကို အသစ်ပြန်လည် ရွေးချယ်ဖို့ ဖြစ်လာတဲ့ အကြောင်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကနေ တတိယအကြိမ်ပြင်ဆင် ပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကြောင့်ပဲ ဖြစ်ပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး မူလဥပဒေရဲ့ ပုဒ်မ ၉ မှာ ‘ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ ယင်းသက်တမ်းသည် သုံးကြိမ်ထက် မပိုစေရ’ လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့်လည်း သမ္မတ ဦးသိန်းစိန်အစိုးရသက်တမ်းမှာ ၂၀၁၂ ခုနှစ်တုန်းက တစ်ကြိမ်ရွေးချယ်ခဲ့ပေမဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နောက်တစ်ကြိမ်အဖြစ် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေကို နှစ်ကြိမ်တိုင်တိုင် ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၂ တုန်းက ရွေးချယ်ခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ ပထမအကြိမ် လွှတ်တော်သက်တမ်းနဲ့အညီ ဖြစ်တာကြောင့် ၂၀၁၆ ဒုတိယအကြိမ် လွှတ်တော်စတင်ချိန်မှာတော့ ကတိုက်ကရိုက်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ အုပ်ချုပ်ရေးပုဒ်မ ၁၉၉ (က) မှာ ‘နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်’ လို့ ပြဋ္ဌာန်းထားပေမဲ့ သမ္မတဖြစ်သူဟာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ဖွဲ့စည်းပုံအရ ခန့်အပ်ခွင့်ရှိတာကြောင့် လက်ရှိအနေအထားမှာ ပြည်ထောင်စုဝန်ကြီး နေရာတွေနဲ့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်နေရာတွေမှာ NLD က လူပုဂ္ဂိုလ်တော်တော်များများ တာဝန်ယူလုပ်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို တကယ်တာဝန်ယူထားတဲ့ ခရိုင်၊ မြို့နယ်နဲ့ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေကိုတော့ NLD အစိုးရအနေနဲ့ ခန့်အပ်ခွင့် မရှိသေးပါဘူး။

ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၈ မှာ ‘ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်’ လို့ ဖော်ပြထားပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေလို့ ဆိုရာမှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က ၀န်ထမ်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်ထဲရေးဝန်ကြီးဌာနဆိုတာက တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားတဲ့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးတွေက တာဝန်ယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေဟာ ပြည်ထဲရေးဝန်ကြီးဌာနက ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးပိုင်းက တပ်မတော်ရဲ့ လက်အောက်မှာပဲ ရှိနေပါသေးတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၉ မှာ ‘ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်’ ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

အုပ်ချုပ်ရေးပိုင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကြည့်မယ်ဆိုရင် သမ္မတကစလို့ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးအထိ ပြည်သူကနေ တိုက်ရိုက်ရွေးချယ်တင်မြှောက်ခွင့် မရှိတာကို တွေ့ရပါတယ်။

ဒါကြောင့်လည်း တတိယအကြိမ် ပြင်ဆင်လိုက်တဲ့ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၉ (က) မှာ ‘ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်။ ယင်း၏သက်တမ်းသည် နှစ်ကြိမ်ထက်မပိုရ’ ဆိုပြီး အစားထိုး ပြဋ္ဌာန်းခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အနေနဲ့  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ခန့်အပ်မယ်ဆိုပါက ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်ရာရောက်မှာ ဖြစ်တာကြောင့် တတိယအကြိမ် ပြင်ဆင်တဲ့ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး သက်တမ်းကို သမ္မတ သက်တမ်းနဲ့အညီ ပြင်ဆင်ပြီး ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းက မူလဥပဒေမှာ သုံးကြိမ်ထက်မပိုရလို့ ဆိုပေမဲ့ တတိယအကြိမ် ပြင်ဆင်ချက်မှာတော့ သက်တမ်းနှစ်ကြိမ်ထက် မပိုရဆိုပြီး လျှော့ချခဲ့ပါတယ်။

တတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာ ရပ်/  ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တာနဲ့ပတ်သက်လို့ ပြည်သူတွေအတွက် ကောင်းမွန်တဲ့အချက်တွေ ပါလာတာ တွေ့ရပါတယ်။

တတိယအကြိမ် ပြင်ဆင်လိုက်တဲ့ဥပဒေမှာ အမည်နဲ့ အဓိပ္ပာယ်ဖော်ပြချက်ငါးချက်၊ ခေါင်းစဉ်တစ်ချက်၊ ပယ်ဖျက်လေးချက်၊ အစားထိုး ၂၈ ချက်နဲ့ ဖြည့်စွက်နှစ်ချက် စုစုပေါင်း အချက် ၄၀ ကို ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းခဲ့ပါတယ်။

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် ငါးချက်ထဲက ပုဒ်မ ၂၊ ပုဒ်မခွဲ (ဈ)ကို ခရိုင်အုပ်ချုပ်ရေးမှူးနေရာမှာ ကြီးကြပ်ရေးအဖွဲ့ဆိုပြီး အစားထိုးပြင်ဆင်ခဲ့သလို နောက်ထပ်ဖြည့်စွက်လိုက်တဲ့ ပုဒ်မခွဲလေးခုကတော့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနဲ့ အိမ်ထောင်စုကိုယ်စားလှယ်ဆိုတာတွေကို အဓိပ္ပာယ်တိတိကျကျနဲ့ သတ်မှတ်ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။

နောက်ထပ် ဖြည့်စွက်လိုက်တဲ့ လေးချက်ထဲက ပုဒ်မ ၂ ပုဒ်မခွဲ (ဎ) မှာ ‘အိမ်ထောင်စုကိုယ်စားလှယ် ဆိုသည်မှာ ရပ်ကွက်သို့မဟုတ် ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးအား မဲပေးရွေးချယ်ခွင့်ရှိသည့် အိမ်ထောင်စုတစ်စု၏ အိမ်ထောင်ဦးစီး သို့မဟုတ် ၁၈ နှစ်ပြည့်ပြီး မိသားစုဝင်တစ်ဦးဦးကို ဆိုသည်’ လို့ ဆိုတာကြောင့် အိမ်ထောင်စုတစ်ရဲ့ အိမ်ထောင်ဦးစီး၊ ဒါမှမဟုတ် အသက် ၁၈ နှစ် ပြည့်ပြီးသူ ကိုယ်စားလှယ်တစ်ယောက် မဲပေးခွင့်ရတဲ့စနစ် ဖြစ်လာပါတယ်။ ပြောရရင် အရင်ဥပဒေတုန်းကထက် ပြည်သူ့ဆန္ဒကို ပိုပြီးထင်ဟပ်နိုင်တဲ့ စနစ်မျိုးဖြစ်ပါတယ်။

နောက်ထပ် ပယ်ဖျက်အချက် လေးချက်ထဲက နှစ်ချက်ကတော့ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရဲ့ အရည်အချင်းတွေထဲက ပညာအရည်အချင်းရှိသူနဲ့ စားဝတ်နေရေးဖူလုံမှု ရှိသူဆိုတဲ့ အချက်တွေကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရဲ့ အရည်အချင်းတွေမှာ-

-နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၊

– အသက် ၂၅ နှစ် ပြည့်ပြီးသူ ဖြစ်ခြင်း၊

– သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံးငါးနှစ် နေထိုင်သူဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် အမှန်တကယ် နေထိုင်မည့်သူဖြစ် ခြင်း (ခြွင်းချက်အနေဖြင့် ဒေသခံ အငြိမ်းစားဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း နှစ်နှစ်နေထိုင်သူကို ထည့်သွင်းစဉ်းစားနိုင် သည်။)၊

-ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိသူဖြစ်ခြင်း၊

– ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူ ဖြစ်ခြင်း၊

– အတူနေ မိသားစုဝင်များသည်လည်း အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများ ဖြစ်ခြင်း၊

– တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းမဟုတ်ခြင်း ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ကြီးကြပ်နိုင်ဖို့အတွက် သက်ဆိုင်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုထဲမှာ နေထိုင်သူတွေက ရွေးချယ်ပေးပြီး အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိတဲ့ ရပ်မိရပ်ဖငါးဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ရမှာ ဖြစ်ပါတယ်။

အဲဒီလို သက်ဆိုင်ရာ ဆယ်အိမ်စုအတွင်း နေထိုင်သူတွေက အများဆန္ဒနဲ့အညီ ဆယ်အိမ်မှူးတွေကို ရွေးချယ်ရမှာပါ။

ရာအိမ်စုအသီးသီးမှာ ရွေးချယ်ခံရတဲ့ ဆယ်အိမ်စုမှူးများထဲကနေ  ရာအိမ်မှူးတစ်ဦးကို သက်ဆိုင်ရာ ရာအိမ်စုအတွင်း အိမ်ထောင်စု ကိုယ်စားလှယ်များက အများဆန္ဒနဲ့အညီ ထပ်မံရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ ရာအိမ်မှူးတစ်ဦးတည်းသာရှိပါက အဲဒီလူကို ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးဖို့ မြို့နယ်အုပ်ချုပ် ရေးမှူးထံတင်ပြရမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ ရာအိမ်မှူးတစ်ဦးထက်ပိုပါက ရပ်ကွက်/ ကျေးရွာ အုပ်စုတွေမှာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးလောင်းများအဖြစ် အမည်စာရင်းပြုစုရမှာဖြစ်ပါတယ်။ အဲဒီလို စာရင်းပြုစုတဲ့အခါမှာ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးလောင်းများအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမပြုတဲ့ ရာအိမ်မှူးတွေ ရှိလာပါက သူတို့ရဲ့ အမည်စာရင်းကို အုပ်ချုပ်ရေးမှူး လောင်းစာရင်းကနေ ချန်လှပ်ထားရမှာပါ။

ရပ်/ ကျေးအုပ်ချုပ်ရေးမှူးလောင်းများ အမည်စာရင်းပါသူများ အနက်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးကို သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုထဲက အိမ်ထောင်စု ကိုယ်စားလှယ်များက သတ်မှတ်ထားတဲ့ နေ့ရက်မှာ လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ရေးအဖွဲ့ကနေ တင်ပြလာတဲ့ (ဆန္ဒမဲအများဆုံးရရှိသူ) ကို စိစစ်ပြီး ရပ်/ ကျေးအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ရမှာ ဖြစ်ပါတယ်။

ဒီလို ကြီးကြပ်ရေးအဖွဲ့ကစလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအထိ အဆင့်ဆင့် ရွေးချယ်ရာမှာ အိမ်ထောင်စု ကိုယ်စားလှယ်တွေအနေနဲ့ သုံးကြိမ်ဆန္ဒပြုဖို့လိုအပ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးကိုတော့ လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရပ်ကွက်ပေါင်း ၃၃၄၀၊ ကျေးရွာအုပ်စုပေါင်း ၁၃၅၈၉ ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်ထုတ် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များထဲက ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနဲ့ ကျေးရွာဦးရေ စာရင်းချုပ်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ၁၆၉၂၉ ဦးကို ပြည်သူတွေက ရွေးချယ်ပေးရတော့မှာပါ။

အရင် သမ္မတဦးသိန်းစိန်လက်ထက်က ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီး အဲဒီ ဥပဒေနဲအညီ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ခန့်အပ်ခဲ့ပေမဲ့ အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့စနစ်ကို မလိုအပ်ဘဲ ရှုပ်ထွေးအောင်လုပ်ထားခြင်း၊ ပြည်သူတွေ နားလည်လာအောင် အသိပေးမှုအားနည်းခြင်း၊ ပြည်သူတွေ ပါဝင်ခွင့်နည်းပါးခြင်း၊ သက်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ၀င်ရောက်စွက်ဖက်ဖို့ အခြေအနေပေးထားခြင်း စတဲ့အကြောင်း အရာတွေကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုက ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့မညီခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။

နောက်တစ်ခုကတော့ မူရင်းဥပဒေနဲ့ ကျင်းပခဲ့တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ရပ်ကျေးဆယ်အိမ်မှူးတွေကိုသာ ရွေးချယ်ခဲ့ပြီး ရာအိမ်မှူးကို ရွေးချယ်ခြင်း မရှိခဲ့ပါဘူး။ အရွေးခံရတဲ့ ဆယ်အိမ်မှူးတွေထဲကနေ အုပ်ချုပ်ရေးမှူးလုပ်လိုသူကို မဲပေးရွေးချယ်ရတဲ့အတွက် အုပ်စုတောင့်တဲ့သူတွေက မသမာမှုတွေနဲ့ အုပ်စုဖွဲ့အနိုင်ယူမှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း  ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်ခဲ့ပေမဲ့ အများဆန္ဒနဲ့ မညီခြင်း၊ အများမကြိုက်တဲ့ သူများဖြစ်နေခြင်း၊ တချို့ အုပ်ချုပ်ရေးမှူးများကို ရပ်ကွက်က လုံးဝမသိတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်လာတဲ့အထိ ရှိခဲ့ပါတယ်။

အရင် ရွေးချယ်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ပတ်သက်လို့ သာဓကတစ်ခု ထုတ်ပြရရင် လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကယားပြည်နယ်ကို မဲဆွယ်စည်းရုံးရေး ခရီးထွက်ခဲ့ပါတယ်။

လွိုင်ကော်မြို့ကို စက်တင်ဘာ ၁၀ ရက်က ရောက်ရှိခဲ့ပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့တွေမှာ လူထုနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ဟောပြောပွဲတွေပြုလုပ်ကာ ဘောလခဲမြို့မှာ တစ်ညအိပ်ခဲ့တာပါ။ ဒီလိုအိပ်စက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဧည့်ရိပ်မွန်ပိုင်ရှင်က ဧည့်စာရင်းမတိုင်မိတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါ်ယူသတိပေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

အဲဒီတုန်းကတော့ မူရင်း ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာ ဧည့်စာရင်း တိုင်ကြားရမယ်ဆိုတာကို ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် ခေါ်ယူသတိပေးခံရတာ ဖြစ်ပါတယ်။ အခု တတိယအကြိမ် ပြင်ဆင်လိုက်တဲ့ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာတော့ ဧည့်စာရင်း တိုင်ကြားတာနဲ့ပတ်သက်လို့ ပုဒ်မတွေကို ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

တတိယအကြိမ်ပြင်လိုက်တဲ့ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ သမ္မတသက်တမ်းနဲ့အညီ ဖြစ်တာကြောင့် တစ်ချက်အရွေးမှားသွားတာနဲ့  လက်ရှိ သမ္မတသက်တမ်း တစ်လျှောက်လုံးမှာ မကောင်းလည်းပေါင်း၊ ကောင်းလည်းပေါင်းရတော့မှာ ဖြစ်ပါတယ်။

ဒီလိုအဖြစ်မျိုး မကြုံတွေ့စေဖို့ဆိုရင် ပြည်သူတွေဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမှာပါ။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရာမှာလည်း မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်ရှစ်ချက်ကို ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (Action Committee for Democracy Development) ကနေ ထုတ်ပြန်ထားပါတယ်။

အဲဒီအချက်တွေကတော့

၁။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ ရွေးကောက်ပွဲအချိန်ဇယား (Election Calendar) ကို အနည်းဆုံး တစ်လကြိုတင်၍ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပေးဖို့ တောင်းဆိုရန်။

၂။ရွေးကောက်ပွဲ စတင်သည့် ကြီးကြပ်ရေးမှူး ငါးဦးရွေးချယ်သည့် အချိန်သည် ရွေးကောက်ပွဲတစ်ခုလုံး၏ သမာသမတ်ကျမှု၊ တရားမျှတမှုအတွက် အရေးကြီးပါသည်။ ကြီးကြပ်ရေးမှူးများကို ပြည်သူများက ကိုယ်တိုင်ပါဝင်ရွေးချယ်၍ ရွေးချယ်ပြီး ကြီးကြပ်ရေးမှူးများ၏အမည်နဲ့ ဆက်သွယ်ရန် (မည်သူမည်ဝါဖြစ် ကြောင်း) နှင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်၊ လုပ်ငန်းတာဝန်ကို တရားဝင်ထုတ်ပြန်ပေးဖို့ တောင်းဆိုရန်။

၃။ မိမိဖြစ်စေလိုသည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး အရည်အချင်းနှင့် ကိုက်ညီသူများကို ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ချဉ်းကပ်စည်းရုံးရန်။

၎။တစ်အိမ်တစ်ယောက်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိပါ၍ မိမိအိမ်ထောင်စုအတွင်း ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး (မည်သူကို ဘာကြောင့်) မဲပေးလိုသည်ကို အကျေအလည် ညှိနှိုင်းစုဝေးတိုင်ပင်ရန်။

၅။ရွေးကောက်ပွဲဖြစ်စဉ်အတွင်း မိမိအိမ်ထောင်စုသဘောထားကို တက်ကြွစွာ၊ ပွင့်လင်းလွတ်လပ်စွာ ဆန္ဒ( သို့) လျှို့ဝှက်မဲပေးပါဝင်ရန်။

၆။ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကျေးအုပ်ချုပ်ရေး၊ ကျေးရွာတာဝန်ခံရွေးချယ်မှု၊ အဆင့်ဆင့်ကို အနီးကပ် စောင့်ကြည့်လေ့လာရန်။

၇။ရွေးကောက်ပွဲတွင် မသမာမှု များ၊ ဘာသာရေး၊ လူမျိုးရေးအသုံးချ မဲဆွယ်မှုများ၊ မဲဝယ်မှုများ၊ မတရားမှုများကို သတင်းမီဒီယာ၊ နယ်မြေခံလွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကြီးကြပ်ရေးမှူးများကို အချိန်မီတင်ပြနိုင်အောင် မှတ်တမ်းရယူထားရန်။

၈။ ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲရလဒ်သည် သမာသမတ်ကျပါက အနိုင်၊ အရှုံးကို နိုင်ငံကြီးသားပီသစွာ လက်ခံ၍ မိမိရပ်ရွာ ကောင်းကျိုးဆောင်ရွက်ဖို့  အနိုင်ရရှိသူကို ဆက်လက်တိုက်တွန်းနှိုးဆော်ရန် စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

Eleven Media Group

No comments:

Post a Comment