Latest News

Tuesday, November 14, 2017

ဆိုင်ခန်းဖောက်ထွင်းမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသူသုံးဦးကို ဟင်္သာတမြို့နယ်တရားရုံး၌ တရားစွဲတင်

ဆိုင်ခန်းဖောက်ထွင်းမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသူသုံးဦးကို ဟင်္သာတမြို့နယ်တရားရုံး၌ တရားစွဲတင်

ဟင်္သာတ နိုဝင်ဘာ ၁၃

ဆိုင်ခန်းဖောက်ထွင်းမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသူသုံးဦးကို ဟင်္သာတမြို့နယ်တရားရုံး၌ တရားစွဲတင်ထားကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အောက်တိုဘာလ ပထမပတ်တွင် ကျူံပျော်မြို့၌ နှစ်ဦး၊ ဟင်္သာတ မြို့နယ်၌ တစ်ဦးဖမ်းဆီးရမိခဲ့ပြီးနောက် တစ်လကျော်အကြာတွင် ရဲတပ်ဖွဲ့မှ တရားစွဲတင်ခဲ့ခြင်းဖြစ် သည်။

“ကျုံပျော်မှာ ဖမ်းမိတဲ့တရားခံနှစ်ဦးက ဟင်္သာတမြို့နယ်၊ ကျုံဖားကျေးရွာက ဖြစ်တဲ့အတွက် ကျုံပျော်စခန်းကနေ ကျွန်တော်တို့ဆီ လှမ်းပြီးအကြောင်းကြားလာတယ်။ အဲဒါနဲ့ညတွင်းချင်း အဲဒီ့ရွာ ကို သွားရောက်စစ်ဆေးတဲ့အခါ အဲဒီ့တရားခံနှစ်ဦးရဲ့နေအိမ်ကနေ ဟင်္သာတမှာ ကျူးလွန်ခဲ့တဲ့ဖုန်းဆိုင် ခိုးမှုက သက်သေခံပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်။ အဲဒီ့နောက် နောက်ဆက်တွဲ တရားခံ တစ်ဦးကိုပါ ဖမ်းမိခဲ့ပြီး သက်သေခံပစ္စည်းတွေ ထပ်ရခဲ့တယ်။ အဲဒီ့နောက် အသေးစိတ် စစ်ဆေးခဲ့ပြီး ဥပဒေအကြံချက်တင်ခဲ့တယ်။ နောက်ဆုံးအခြေအနေအရ ဥပဒေအကြံပြုချက်ကျလာပြီ ဖြစ်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၄၅၇/ ၃၈၀၊ စွဲချက်အမှတ် ၆၇၈/၂၀၁၇ နဲ့ ဟင်္သာတမြို့နယ်တရားရုံးကို တရား စွဲတင်ပို့ထားပါတယ်” ဟု ဟင်္သာတမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်းက ပြောကြားသည်။

ယင်းအမှုဖြစ်စဉ်မှ ပထမဦးဆုံးဖမ်းဆီးရမိခဲ့သူနှစ်ဦးကို ကျုံပျော်မြို့တွင် ဆိုင်ခန်းများ ဖောက်ထွင်းပြီးချိန်၌ တာဝန်သိ ပြည်သူများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှ ဟင်္သာတနှင့် ဇလွန်၌ ကျုးလွန်ခဲ့သည့်အမှုများပါ ဆက်စပ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ သိမ်းဆည်းရမိတဲ့သက်သေခံပစ္စည်းတွေထဲမှာ ဟင်္သာတအမှုက ပစ္စည်းတွေ အပြင် ဇလွန်မှာကျူးလွန်ခဲ့တဲ့အမှုက ပစ္စည်းတွေပါ ပါဝင်နေတာတွေ့ရပါတယ်။ အဲဒါကြောင့် ကျုံပျော်၊ ဟင်္သာတအမှုနဲ့ ဆက်စပ်ပြီး ဇလွန်က အမှုပါ ဆက်စပ်ပေါ်ပေါက်ခဲ့ပါတယ်။ ကျုံပျော်နဲ့ ဇလွန်မှာက နှစ်ဦးတည်း ကျူးလွန်တာ။ ဟင်္သာတမှာကတော့ သုံးဦးကျူးလွန်တာဖြစ်ကြောင်း စစ်ဆေး တွေ့ရှိ ရပါတယ်”ဟု ဒုရဲမှူးခင်မောင်ထွန်းက ဆက်လက်ပြောကြားသည်။

ဟင်္သာတ၊ ဇလွန်နှင့် ကျုံပျော်မြို့တို့၌ ဈေးဆိုင်ခန်းများနှင့် ဖုန်းဆိုင်များ ဖောက်ထွင်းခံခဲ့ရ ခြင်းဖြစ်ပြီး ကျူးလွန်သူများက သော့ဖြတ်သည့် Cutter ကို အသုံးပြု၍ ဖောက်ထွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲစစ်ဆေးချက်များအရ သိရသည်။

ကျူံပျော်မြို့၌ဖြစ်ပွားခဲ့သည့် ဆိုင်ခန်းများဖောက်ထွင်းမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရာဇသတ် ကြီးပုဒ်မ ၄၅၇(ဖောက်ထွင်းမှု)၊ ၃၈၀(ခိုးမှု)တို့ဖြင့် ကျုံပျော်မြို့နယ်တရားရုံး၌ တရားစွဲတင်ထားပြီး ဇလွန်မြို့၌ ကျူးလွန်ခဲ့မှုနှင့်ပတ်သက်၍လည်း ရဲတပ်ဖွဲ့မှ ဆက်လက်တရားစွဲတင်သွားရန်ရှိကြောင်း သိရ သည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment