Latest News

Wednesday, October 4, 2017

အောက်စ်ဖို့ဒ်၏ အာဘော်သာဖြစ်သည်

အောက်စ်ဖို့ဒ်၏ အာဘော်သာဖြစ်သည်

(၁)

ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်ရှိ အကြီးဆုံးကောလိပ်များအနက် တစ်ခုဖြစ်သည့် စိန့်ဟုခ်ျကောလိပ် (St Hugh's College) ပင်မအဆောက်အအုံအဝင်ဝ၌ ချိတ်ဆွဲပြသထားသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီကားကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ဖယ်ရှားခံခဲ့ရပါတယ်။ ဒီကိစ္စဟာ စာရေးသူတို့ မြန်မာ နိုင်ငံသားများကို ခံပြင်းဒေါသထွက်စေခဲ့ပါတယ်။ မကျေနပ်နိုင်ကြပါဘူး။

နိုင်ငံအတွက်၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် လူထုအမြောက်အမြားက လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်နေသူ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မျှော်လင့်မှုများနဲ့ အားကိုးနေကြရချိန်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာက အသိအမှတ်ပြုလေးစားထားတဲ့ ပုဂ္ဂိုလ်၊ ကမ္ဘာ့လူမှုပတ်ဝန်းကျင်ကို ထွင်းဖောက်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအိပ်မက်ကို အကောင်အထည်ဖော်ပေးနေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

‘မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်’ တယ်လို့ပဲဆိုရမလား။ နိုင်ငံတကာရဲ့ဖိအား၊ ကမ္ဘာ့မီဒီယာတွေရဲ့ဖိအားများနဲ့ လူမျိုးရေးကိစ္စ၊ အကြမ်းဖက်မှုကိစ္စဖြေရှင်း ကိုင်တွယ်နေရချိန်မှာ မြန်မာနိုင်ငံ ကိုရော၊ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော စိန်ခေါ်အကဲစမ်းမှုတွေ ပေါ်လာလျက်ရှိပါတယ်။ အခုလည်း အောက်စ်ဖို့ဒ်ရဲ့ ဆောင်ရွက်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီကားကို ခဏတစ်ဖြုတ်သိမ်းဆည်းထားဖို့ပဲဖြစ်ဖြစ်၊ တခြား ပန်းချီကားအသစ် တစ်ချပ်နဲ့ အစားထိုးလဲလှယ်ဖို့ပဲဖြစ်ဖြစ် ဒီအချိန်မှာ ဖယ်ရှားလိုက်တာဟာ အောက်စ်ဖို့ဒ်မှားတယ်လို့ ဆိုချင် ပါတယ်။

(၂)

အောက်စ်ဖို့ဒ်မှာ ဘာရည်ရွယ်ချက်တွေရှိပါသလဲ။ အောက်စ်ဖို့ဒ်ရဲ့ ရပ်တည်မှုက ဘယ်လိုရှိပါသလဲ။ အောက်စ်ဖို့ဒ်ရဲ့ ဂုဏ်ဒြပ်၊ အောက်စ်ဖို့ဒ်ရဲ့တန်ဖိုးက ဘာတွေပါလဲ။ ဒါက အောက်စ်ဖို့ဒ်ကို အခု အချိန်မှာ မေးချင်တဲ့မေးခွန်းများ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် အရင်တုန်းက မြန်မာနိုင်ငံအသိုင်းအဝိုင်းက အောက်စ်ဖို့ဒ် အသိုင်းအဝိုင်းကို လေးစားတန်ဖိုးထားကြပါတယ်။ အထင်ကြီးအားကျကြပါတယ်။ အောက်စ်ဖို့ဒ်လို့ ဆိုလိုက်တာနဲ့ ထည်ဝါရင့်ကျက်မှုရှိပြီးသားလို့ ယူဆကြပါတယ်။

အခုတော့ သံသယဝင်သွားပါပြီ။ အမှတ်ပေးထားမှုတွေ လျော့ကျသွားပါပြီ။ အောက်စ်ဖို့ဒ်ဆိုတာကို ခပ်ရွံရွံ ဖြစ်သွားကြပါ ပြီ။ အခြေအနေ၊ အချိန်အခါနဲ့ အကျိုးအကြောင်း အဖြစ်မှန်ကို မစောင့်ဆိုင်း၊ မဆန်းစစ်ဘဲ ပညာ ရှင်ရပ်ဝန်းမဆန်စွာ လုပ်ချထည့်လိုက်တာဟာ အောက်စ်ဖို့ဒ်ပုံရိပ်ကို အရုပ်ဆိုးအကျည်းတန်စေပါတယ်။ အောက်စ်ဖို့ဒ်ဆိုတာ မြန်မာပြည်သူတွေရဲ့ နှလုံးသားမှာ ချဉ်ချဉ်ခါးခါး ဖြစ်သွားပါပြီ။

အောက်စ်ဖို့ဒ်မှာ စံနှုန်းတွေ၊ အရည်အချင်းတွေရှိပြီးသားဖြစ်ပါတယ်။ အောက်စ်ဖို့ဒ်ဆိုတာ ပညာအရောင် ပြိုးပြက်လင်းလက်ရာနေရာလည်း ဖြစ်ပါတယ်။ အခုက မြန်မာနိုင်ငံရဲ့ ပစ္စက္ခ အနေအထားကို အားမနာ၊ မထောက်ထားဘဲ မဆင်ခြင်မသုံးသပ်ဘဲ လုပ်လိုက်တာမျိုးဖြစ်သွားတာကြောင့် စံနှုန်းအရည်အချင်းတွေ၊ ပြိုးပြက်လင်းလက်မှုတွေရှိ သော်လည်း အပြစ်တင်ခံနေရတာဖြစ်ပါတယ်။ ‘ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ’ဆိုသလို ရှိနေပြီးသား ပန်းချီကားကို ဒီအတိုင်းထားလိုက်ရင် ဘာမှပြောစရာ၊ ဝေဖန်စရာ ဖြစ်လာမှာ မဟုတ်ဘူး။

(၃)

 ဒီတစ်ခေါက် ရခိုင်အရေးကိစ္စနဲ့ ဆက်စပ်ပြီး စဉ်းစားမိတာ တစ်ခုရှိပါတယ်။ နိုင်ငံတကာရဲ့ ဖိအားများက အရှိန်ပြင်းပြင်း၊ မြန်မြန်ဆန်ဆန်နဲ့ သက်ရောက်မှုအား ကြီးမားလှတယ်ဆိုတာပါပဲ။ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နဲ့ မီဒီယာများရဲ့ ဆောင်ရွက်ပြောဆို ထုတ်ဖော်ရေးသားမှုတွေက ကမ္ဘာအနှံ့အထိ ရောက်ရှိစေပါတယ်။ ပျံ့နှံ့သိရှိစေပါတယ်။ နိုင်ငံတကာကို လွှမ်းခြုံနိုင်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နဲ့ မီဒီယာတွေဖြစ်တာကြောင့် သူတို့ရဲ့ ဆောင်ရွက်ပြော ဆို ထုတ်ဖော်ရေးသားမှုတွေက ဦးဦးဖျားဖျား ဖြစ်စေပါတယ်။

သို့သော်ငြား အဲဒီဆောင်ရွက်ပြောဆို ထုတ်ဖော်ရေးသားမှုတွေက မမှန်မကန်၊ မပြည့်မစုံ ဖြစ်နေမယ်ဆိုရင် ကမ္ဘာက သိတာတွေက တလွဲတွေဖြစ်ကုန်တော့မှာပါ။ ကိုယ်က မှန်တာတွေကို နောက်ကလိုက်ပြီး ဖြေရှင်းပြင် ဆင်နေရတာ မလွယ်ကူလှပါဘူး။ သူတို့က ဦးတယ်။ အင်အားကြီး တယ်။ အရှိန်အဝါမြင့်တယ်။

ဒါကြောင့် သူတို့ကို ယှဉ်နိုင် ဖို့ ကိုယ့်မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာအဆင့်အထိ ထိုး ဖောက်နိုင်တဲ့ အဖွဲ့အစည်း၊ လူ ပုဂ္ဂိုလ်နဲ့ မီဒီယာများ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ အမှန်တွေက နောက်ကျမနေမှာ ဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်အထိ ခြေဆန့်လက်ဆန့် လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ မီဒီယာတွေ ဖြစ်ပေါ်လာအောင်၊ များပြားတိုးတက်လာအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ထူးချွန်ထက်မြက်ပြီး ကမ္ဘာ အဆင့်အထိ သြဇာလွှမ်းမိုးနိုင်တဲ့ ရပ်တည်မှုမျိုး ပိုင်ဆိုင်တည် ဆောက်ထားနိုင်မှသာ ကမ္ဘာမှာ မျက်နှာမငယ်ကြရမှာဖြစ်ပါတယ်။

(၄)

လူမျိုးရေးကိစ္စတွေ၊ ဘာသာ ရေးကိစ္စတွေနဲ့ ပတ်သက်လာတဲ့အခါ ကမ္ဘာမှာ နိုင်ငံတကာရဲ့ အာဘော်နဲ့ မြန်မာရဲ့အာဘော်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရပါတယ်။ မှန်တာ၊ မမှန်တာထက် အင်အားကြီးသူက လက်ဦးမှု ရတတ်ပါတယ်။ သတင်းနည်း ပညာခေတ်ဖြစ်တာမို့ မီဒီယာတွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါပါတယ်။ နိုင်ငံတကာကို ချက်ချင်းလက်ငင်း တုံ့ပြန်ချေပနိုင်စွမ်း ရှိတဲ့ သတင်းစာဆရာတွေ၊ သတင်းစာတွေရှိဖို့ မဖြစ်မနေ လို အပ်ပါတယ်။ တိုင်းပြည်အတွက် လိုအပ်ရင် နိုင်ငံတကာအဆင့်အထိ ပါဝင်ပတ်သက်ကြရပါမယ်။

အခု ပန်းချီကားကိစ္စမှာလည်း အောက်စ်ဖို့ဒ်ကို ဘယ်သို့ဘယ်ချမ်းသာဆိုပြီး စွပ်စွဲပြောဆိုနေတာ မဟုတ်ပါဘူး။ အချိန်အခါကိုကြည့်ပြီး စဉ်းစဉ်းစားစားမလုပ်တာကိုပဲ ဝေဖန်တာပါ။ လက်လှမ်းမီရာ သတင်းစာ စာမျက်နှာ ကနေ စာရေးသူတို့ရဲ့ အာဘော်ကို တင်ပြရတာပါ။ အောက်စ်ဖို့ဒ်ကလည်း အောက်စ်ဖို့ဒ်ရဲ့အာဘော်အတိုင်း ဆောင်ရွက်တာဖြစ်ပါလိမ့်မယ်။ ဘယ်လိုအာဘော်နဲ့ပဲ လုပ်လုပ်၊ အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ ဒီပန်းချီကားကိစ္စ ဆောင်ရွက်မှု ဟာ မြန်မာ့လူမှုမီဒီယာလောက မှာတော့ အတော်ကလေး ရေပန်းစား မေတ္တာထားခံနေရပါကြောင်း။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)

7Day News

No comments:

Post a Comment