Latest News

Thursday, October 26, 2017

စာအုပ်အညွှန်း (ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက်-စာရေးဆရာညီပုလေး)


နာဂသိန်းလှိုင်ဆိုတဲ့အမည်ဟာ ဆရာဝန်လောကမှာတော့ နတ်ဘုရားပါ။ သူရဲကောင်းပါ။ သက်ရှိပုံပြင်ပါ။ဆေးကျောင်းမှာ ဆရာဝန်လောင်းတွေကို ကျောင်းစာနဲ့ အတူ စိတ်ကိုပါသင်ပေးချိန်မှာလည်း ဆရာ့အကြောင်းကမပါမဖြစ်ပါ။ လူနာကိုခွဲစိတ်ဖို့  ခေါင်းကိုအပေါင်ထားရတဲ့ဆရာ့အကြောင်းကို စိတ်ကူးကြည့်ကြတဲ့အခါ စွန့် စားခန်းရုပ်ရှင်တွေ မြင်ယောင်အသက်သွင်းကြည့်ရတာလဲခဏခဏပါပဲ။ ကမ္ဘာကျော်နှလုံးလှဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာရွိုက်ဇာတို့  ဒေါတာနော်မန်ဗေသွန်းတို့ ထက်တောင် ဒေသစွဲနဲ့  ယှဉ်ပြီး ဆရာ့ကိုပိုဂုဏ်ယူအားကျနေတာမျိုးပါ။

" ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက် " ။

ညီပုလေးဧ်။ နာဂသိန်းလှိုင်လို့ ခေါင်းစဉ်မတပ်တဲ့အတွက် ပိုလှပါတယ်။ စာအုပ်အတွင်းထဲကအကြောင်းအရာတွေကို သိချင်စိတ်ပိုဖြစ်စေပါတယ်။ ဆရာညီပုလေးရဲ့ ဝတ္ထုမှန်သမျှမှာတွေ့ ရတဲ့အချက်ပါပဲ။ခေါင်းစီးနဲ့ ဖမ်းစားတာမျိုး။

ဝတ္ထုဟန်(ဝတ္ထုဟန်)အတ္ထုပ္ပတ္တိပါ။ အမှာစာတွေအပါအဝင် စာမျက်နှာ၄၉၆ မျက်နှာပါဝင်ပါတယ်။ ဆရာ့အကြောင်းတင်မက ဆရာ့အကြောင်းရေးတဲ့စာအုပ်ကအစ အများနဲ့ မတူပါဘူး။ Tresure Land မဂ္ဂဇင်းမှာ အခန်းဆက်ပါဝင်တဲ့ဝတ္ထုကို ပြတ်တောင်းပြတ်တောင်းနဲ့ ပဲ သုံးအုပ်တွဲ ထွက်ပါတယ်။ ဇာတ်မသိမ်းပါဘူး။ ဆန့် တငံ့ငံ့ ဖြစ်နေရတဲ့ပရိသတ်တွေကို အခု ၂၀၁၆ ကျမှ ဇာတ်သိမ်းနဲ့ ပေါင်းပြီး တပေါင်းတည်း စ- ဆုံး ထုတ်ဝေပါတယ်။ ပထမတခေါက် ခွဲပြီးထွက်တဲ့စာအုပ်သုံးအုပ်စလုံးအတွက် မျက်နှာဖုံးကိုတော့ ဆရာဇော်မောင်ကရေးဆွဲပေးပါတယ်။

သက်ရှိထင်ရှားလူတယောက်အကြောင်းရေးသားထားတာဖြစ်တာကြောင့် ဒီစာအုပ်အကြောင်းပြောတဲ့အခါ ဆရာသိန်းလှိုင်ရဲ့ ဘဝအကြောင်းနဲ့  ဆရာညီပုလေးရဲ့ ပုံဖော်ရေးသားမှု ခွဲပြောဖို့ လိုလာပါတယ်။

ဆရာသိန်းလှိုင်ရဲ့ ( ယခုစာအုပ်ပါ) ဘဝအကြောင်းကို အပိုင်းသုံးပိုင်းခွဲပြီးမြင်မိပါတယ်။

၁၉၃၃ - ၁၉၅၂ (လွတ်လပ်ရေးမရခင်ကာလဝန်းကျင်)
ဆရာ့ငယ်စဉ်ဘဝ
၁၉၅၂ - ၁၉၆၂ ( လွတ်လပ်ရေးရပြီးနောက် ) ဆရာဆေးတက္ကသိုလ်တက်စဉ်နှင့် သဘောင်္ဆရာဝန်ဘဝ
၁၉၆၂ - ခုနှစ်မဖော်ပြထား ဆိုရှယ်လစ်စနစ်အောက်)ဝန်ထမ်းဆရာဝန်ဘဝ ။ နာဂတောင်တန်းတွင်တာဝန်ထမ်းချိန်များအထိ။

ဆရာ့ဘဝကို မြင်လွယ်အောင် ယေဘုယျခွဲခြားထားတာသာဖြစ်ပါတယ်။

ဆရာက ဗမာပြည်ဖွားတရုတ်လူမျိုးတယောက်ပါ။ ဆရာ့ကိုငွေကြေးပြည့်စုံတဲ့မိဘနှစ်ပါးကဖွားမြင်ပါတယ်။ စစ်အတွင်းမှာအများနည်းတူခက်ခဲတာကလွဲလို့  ဆရာ့ငယ်ဘဝဟာအပူပန်ကင်းပါတယ်။ ပညာသင်ချင်ရက် အခြေအနေအရကုန်သည်ဘဝကိုရွေးချယ်ထားရတဲ့ဆရာ့ဖခင်ဟာ စာတော်တဲ့သားတွေကို လိုလေသေးမရှိထောက်ပံ့ပေးခဲ့ရုံမက ကိုယ်ရည်ကိုယ်သွေးထက်မြက်ပြီး စိတ်ရင်းကောင်းသော်လည်း မဟုတ်မခံတတ်တဲ့သွေးကိုပါ အမွေပေးခဲ့ဟန်တူပါတယ်။ ဆရာ့ဖခင် သူ့ သူငယ်ချင်းနဲ့ တရားရင်ဆိုင်စဉ်က မနိုင် နိုင်အောင် ကြံစည်အားထုတ်ပုံဟာ ဆရာဝန်ထမ်းဘဝရောက်ချိန် ဖိနှိပ်ခံရတာကို တုံ့ ပြန်ပုံတွေမှာ ချွပ်စွပ်ထင်ဟပ်ပါတယ်။

စာဖတ်သူကိုစိတ်ဝင်စားမှုပေးတဲ့ရေချိန်အရပြောရရင်တော့ ဒီစာအုပ်မှာ ဆရာ့ငယ်စဉ်ဘဝက အရိုးရှင်းဆုံးလို့ ပြောရပါမယ်။ ဒါပေမဲ့ ဒေါက်တာသိန်းလှိုင်ရဲ့  ဗီဇကို ပျိုးထောင်ပေးပြီးရှင်သန်စေခဲ့တဲ့အကြောင်းအရာတွေမို့  နောက်ပိုင်းမှာပါတဲ့ ဆရာ့လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ပထမပိုင်းဟာ ပိုကြွပြီးစိတ်ဝင်စားဖွယ်ဖြစ်လာပါတယ်။

ငယ်စဉ်ကကုန်သည်ဖြစ်မယ်လို့ ထင်ကြေးပေးခံခဲ့ရတဲ့ဆရာဟာ တက္ကသိုလ်ဝင်တန်းမှာ သိပ္ပံတွဲယူမိတာက စ လို့  ဆရာဝန်ဖြစ်ဖို့ လမ်းကြောင်းကိုဖန်တီးလာပါတယ်။ ဒါဟာ မတရားဖိနှိပ်တာကိုမုန်းတဲ့ ဆရာ့အတွက် လှုတ်ခတ်မှုတွေ ဖြစ်စေတဲ့ ဘဝတကွေ့ လည်းဖြစ်ပါတယ်။ ကုန်သည့်သားကုန်သည်လုပ်ရမှာပေါ့ဆိုတဲ့အပြောတွေကို ဒါဆို ဓါးပြသားသမီး ဖာသည်သားသမီးဆိုရင်ရော လို့ မေးခွန်းပြန်ထုတ်တတ်တဲ့ကျောင်းသားတယောက်ပါ။ တိုင်းသိပြည်သိသူဌေးသားမို့ အစိုးရအဖွဲ့ ဝင်တွေနဲ့ လည်းပေါက်ပေါက်ရောက်ရောက်ရှိ ပြောရဲဆိုရဲကလည်းဖြစ်ပြန်တော့ လွတ်လပ်ရေးရပြီးချိန် ပေါ်ထွက်တဲ့သမဂ္ဂအရေးတွေမှာဆရာဟာခေါင်းဆောင် အလိုအလျောက်ဖြစ်လာပါတယ်။

ကွန်မြူနစ်ဝါဒကြီးစိုးချိန်မှာ အခြေအနေအရကြည့်ရင်တော့ ဆရာက ဓနရှင်အသိုင်းအဝိုင်းကပါ။ ပြသနာက ဆရာအလုပ်သင်ဆရာဝန်အဖြစ်တာဝန်ကျချိန်မှာ အားလုံးကိုတန်းတူလစာမပေးဘဲ တချို့ ပေး တချို့ မပေးစံနစ်ကျင့်သုံးပါတယ်။ လစာရနေသူဖြစ်ပေမဲ့လည်း မိတ်ဆွေတွေရဲ့ အခက်အခဲကိုကြည့်မနေရက်တာတကြောင်း ဝန်ကြီးချုပ်နဲ့ ရင်းနှီးတာကတကြောင်း အားလုံးသဘောတူညီချက်နဲ့ ပဲ ဆရာကဝန်ကြီးချုပ်ကိုသွားရောက်တွေ့ ဆုံပါတယ်။ ဒီကိစ္စဟာ သပိတ်အသွင်ဆောင်ပြီး အကျယ်အကျယ်ဖြစ်လာတဲ့နောက်မှာ ဆရာ့ကိုကွန်မြူနစ်အဖြစ်ဝန်ခံစေပြီး အဆုံးသတ်ခဲ့ပါတယ်။ တောင်းဆိုထားတဲ့အခွင့်အရေးကိုလိုက်လျောပေးခဲ့ပေမဲ့ ဆရာ့ကိုတော့ ဆင်းဖို့ ကျန်နေတဲ့ ခွဲစိတ်ဆောင်သုံးလကိုဆင်းခွင့်ပိတ်ပင်ခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်အဖြစ်ကိုလိုချင်လှတဲ့ဆရာ့အတွက်တော့ အင်မတန်နစ်နာတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ရပါတယ်။

အဲဒီနောက် သဘောင်္ဆရာဝန်ဘဝမှာ ဆရာခေတ္တကျင်လည်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာတော့ ဆရာ့ကိုနိုင်ငံဝန်ထမ်းဆရာဝန်တယောက်အဖြစ် မြိတ်မြို့ မှာ တာဝန်ချခဲ့ပါတယ်။ပညာပြည့်ဝတဲ့ဆရာဟာ မြိတ်မြို့ လူထုအပြင် ပုလဲကုမ္ပဏီက ဧည့်သည်ဂျပန်တွေအတွက်ပါအားကိုးဖွယ်ဖြစ်ခဲ့ပါတယ်။

မြိတ်မြို့ ကနေ မန္တလေးပြည့်သူ့ ဆေးရုံကြီးကိုပြောင်းရွှေ့ တာဝန်ထမ်းစဉ်မှာ လူနာကိုမှားယွင်းကုသတဲ့ ကိစ္စရပ်တခုအတွက်ဆရာ့ကို နာဂဒေသကို ပြောင်းရွှေ့ တာဝန်ထမ်းစေခဲ့ပါတယ်။ ဒါမှားယွင်းစွပ်စွဲမှုဆိုပေမဲ့ ဆရာမတတ်နိုင်ခဲ့ပါဘူး။ ယခုအချိန်မှာတောင် သွားလာရခက်ခဲလှတဲ့နာဂဒေသ ဟာ ၁၉၇၀ ဝန်းကျင်မှာတော့မတွေးဝံ့စရာပါ။ ခန္တီးကိုသွားဖို့ လေယာဉ်ကို မြစ်ကြီးနားအထိသွားပြီးစောင့်စီးရပါတယ်။အိမ်ထောင့်သံယောဇဉ်ရှိနေပြီဖြစ်တဲ့ဆရာကတော့ မာန်အပြည့်နဲ့ ပဲ နာဂဒေသကိုချီတက်သွားခဲ့ပါတယ်။လေယာဉ်မလာနိုင်လွန်းလို့  လူကြီးကြိုတဲ့ရဟတ်ယာဉ်ကို ထွက်ခါနီးမှတံခါးခေါက်ပြီးလိုက်သွားခဲ့ပါသတဲ့။

ခန္တီးမှာဘာမှမရှိပါဘူး။
ရှေ့ ကတာဝန်ကျဆရာဝန်ဟာ သူ့ နေရာရောက်လာတဲ့ဆရာဝန်ကို ဝမ်းမြောက်ဝမ်းသာကြိုပါတယ်။ ဟင်းဝေပုံကျစားနေရတဲ့ သူ့ အိမ်ကိုခေါ်သွားပြီး အိမ်ရှင်မဆီက ငါးပိုင်းလေးတောင်းကျွေူးရှာပါတယ်။နေမကောင်းနေတဲ့ကလေးကျွေးဖို တော့င် အာဟာရဖြစ်တာရှာမရတဲ့အခက်အခဲကိုပြောပြပါတယ်။ ဆရာ့ကိုတော့ ဆေးရုံကိုပစ်မသွားဖို့ မှာရင်းနဲ့ ပါ။

ဆေးရုံမှာဝန်ထမ်းကမလုံလောက်ပါဘူး။ ဆေးဝါး မရှိဘူး။ ဆေးရုံဂုဏ်အဂါင်္နဲ့ ညီတာဘာမှမရှိပါဘူး။ ဒါ့အပြင် ကုရမဲ့လူနာလည်း မရှိပါဘူး။ ဝန်ထမ်းတွေကိုလေ့ကျင့်ဖို့  ဆေးဝါးရှာဖို့  အပြင် လူနာပါရှာရတဲ့ကိန်းဆိုက်ပါတော့တယ်။ ဆေးခွဲတမ်းရောက်ချိန် ဆေးရောက်ပြီ လို့ ဆိုင်းဘုတ်ထောင် ကုန်ရင် ဆေးကုန်ပြီလို့ ဆိုင်းဘုတ်ထောင် ခပ်ရွတ်ရွတ်ဆရာနဲ့ သူ့ လူနာတွေ ကီးကိုက်ခဲ့ကြပါတယ်။

ပြင်ဆင်ပြီးသားဘာမှမရှိတဲ့အနေအထားမှာပဲ ပထမဆုံးလည်ပင်းကြီးလူနာကိုခွဲပါတယ်။ အခက်အခဲကြားကပဲအောင်မြင်ခဲ့ပါတယ်။ ဒီလိုနဲ့ ပဲ လူနာမလာရင်လူနာရှိရာသွားကုတဲ့နည်းနဲ့  တတောင်ဆင်းတတောင်တက်နယ်လှည့်ကုရင်း ဆရာ့ကို နာဂတွေက နတ်လို့ ကိုးကွယ်သတ်မှတ်တဲ့အထိဖြစ်ရပါတော့တယ်။ ဆရာ့အတွက်ခေါင်းဖြတ်ပေးကြမဲ့သူတွေပါ။ တခါသား လူကြီးတယောက်မိန့် ခွန်းပြောဖို့ ကွင်းထဲမှာစုဝေးခိုင်းတော့ နာဂတွေက ဆရာ့ဘက်ကိုပဲမျက်နှာမူပြီး မိန့် ခွန်းပြောမဲ့အရာရှိဘက်ကိုမျက်နှာလှည့်ခိုင်းမရဖြစ်ခဲ့ပါသတဲ့။ သူ့ ကိုဒီလိုချစ်ခင်ခဲ့ကြသူတွေကို ပစ်မသွားနိုင်တဲ့အတွက် ဆရာဟာ နိုင်ငံခြားမှာပြောင်းရွှေ့ နေထိုင်ခွင့်ကိုလက်လွှတ်ခဲ့ပါတယ်။

ကုသရေး အပြင် အဲဒီအချိန်က ရှုပ်ထွေးတဲ့နယ်စပ်အရေးမှာလည်းဆရာဝင်ပါရပြန်ပါတယ်။ ချစ်စရာကောင်းတဲ့အချက်ကတော့ ဆရာဟာ တဖက်နိုင်ငံနဲ့ ပတ်သက်တဲ့အရေးတွေမှာ ပြတ်သားနိုင်သလောက် နိုင်ငံတွင်းကလူမျိုးစုတော်လှန်သူတွေကို အခြားအုပ်ချုပ်သူတွေလိုသူပုန်လို့ မထင်ရက်တာပါ။ ကောင်းကွက်တွေကိုရှာမြင်ပေးခဲ့ပါတယ်။

ဆရာမကြာခဏဖော်ပြလေ့ရှိတဲ့အချက်ကတော့ နာဂလူမျိုးတွေဟာ လူရိုင်းမဟုတ်ဘူးဆိုတဲ့အချက်ပါ။ ယဉ်ကျေးမှုမတူတာသာဖြစ်ပါသတဲ့။ ခေါင်းဖြတ်တဲ့နာဂတွေဟာ အရိုင်းအစိုင်းဆိုရင် လူကြားအောင်လေလည်တတ်တဲ့ ဗမာတွေဟာလည်း နာဂတွေမျက်စိမှာအရိုင်းအစိုင်းပါပဲတဲ့။

အုပ်ချုပ်သူတွေနဲ့ ဆရာ့ကြားကတော့အဆင်ချောလှတယ်လို့ မရှိပါဘူး။ ဆရာက ဒေသခံတွေမေတ္တာအလျောက်ပေးတဲ့အာဏာရသူ သူတို့ က အထက်လူကြီးအမိန့် အရ အာဏာရသူ ။ ဆရာ့ကိုမရှုစိမ့်နိုင်သူတွေနဲ့ တော့ အမြဲပြသနာဖြစ်ရပါတယ်။ ရန်ဖြစ်လို့  ဆရာကဆဲတယ်ဆိုပြီး တရားတဘောင်ဖြစ်ရတဲ့ထိပါပဲ။ဖအေသွေးပါတဲ့ဆရာကတော့ တရားခွင်မှာလည်းအနိုင်ပိုင်းနိုင်ခဲ့ပါတယ်။

ဒီစာအုပ်မှာ ဆရာနာဂဒေသကပြောင်းရွှေ့ ဖို့  အမိန့် စာရောက်လာသည်ထိပဲပါဝင်ပါတယ်။ ဆရာညီပုလေးရဲ့ အမှာအရ ဒီအကြောင်းတွေကို ဆရာပြောပြသမျှအသံဖမ်းယူပြီးပြန်လည်ရေးသားခဲ့တာဆိုပါတယ်။ ဆရာညီပုလေးရှင်းပြတဲ့အခြေအနေဖတ်ပြီး လူတယောက်ရဲ့ ဘဝကို သူပြောပြသမျှအဖြစ်အပျက်စုံအောင်ရော အနုပညာမြောက်အောင်ပါရေးဖို့ ဆိုတာ အတော်မလွယ်ခဲ့မှာပဲလို့ တွေးမိပါတယ်။

အလှည့်အပြောင်းစုံလှတဲ့ဆရာ့ဘဝကို တထိုင်တည်းပုံဖော်ဖို့ ဆိုတာလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ ဝတ္ထုအနေနဲ့ ရေးသားထားတာဖြစ်တဲ့အတွက် တိကျမှုပိုင်းအားနည်းတာကိုအပြစ်ဆိုလို့ လည်းမရပါဘူး။ ဒါပေမဲ့ ဒီစာအုပ်မှာ ဆရာ့ရဲ့ လုပ်ငန်းခွင်အပြင် ပုဂ္ဂလဘဝကို ထည့်ဖို့ ကျန်နေတယ်လို့ ထင်မိပါတယ်။ ဆရာဒီလို ဒေါင်ကျကျပြားကျကျနေဖို့  ပါရမီဖြည့်သူတွေရဲ့ အခန်းကဏ္ဌကလည်းအရေးပါပါတယ်။ နောက်တချက်က ဆရာဆောင်ရွက်ခဲ့လို့  ပြောင်းလဲလာခဲ့တဲ့အခြေအနေပါ။ ဆရာ့အောင်မြင်မှုကို လူမျိုးစုအကြားကြီးထွားလာတဲ့ဆရာ့သြဇာအနေနဲ့ သာပိုထင်ရှားစေပြီး ဆရာပြောင်းရွှေ့ ချိန်မှာ ကျန်ခဲ့တဲ့ လုပ်ငန်းခွင်ထဲကထိရောက်တဲ့ပြောင်းလဲမှုတွေကိုတော့သေချာမမြင်သာစေခဲ့ပါဘူး။ ကိန်းဂဏန်းအတိအကျမဟုတ်တောင် ဒီထက်ပိုမြင်သာစေတဲ့ အချက်တွေနဲ့ ဖော်ပြသင့်တယ်လို့ ထင်ပါတယ်။အုပ်ချုပ်သူမတရားတာကို တုံ့ ပြန်တဲ့ စွန့် စားခန်းဆန်ဆန်ဖြစ်ရပ်တွေကတော့ အင်မတန်တောက်ပနေပါတယ်။ ဆရာ့မှတ်ဥာဏ်ထဲမှာ ဒီအကြောင်းတွေ ပိုအားကောင်းစွာထင်ကျန်ပြီ့း ပြန်ပြောင်းအောက်မေ့သမျှ စာရေးဆရာကစာဖွဲ့ ခဲ့သလား။ ဒါမှမဟုတ် ဟီးရိုးမွေးတဲ့လူ့ အဖွဲ့ အစည်းမှာ အာဏာရှင်ကိုတော်လှန်ဝံ့တဲ့သူရဲကောင်းဆန်ဆန် နာဂသိန်းလှိုင်ကိုပဲ စာရေးဆရာကပုံဖော်ပြီး ဆွဲဆောင်ခဲ့သလားစဉ်းစားမိပါတယ်။

ကိုယ်မင်းသားလုပ်တဲ့အခါကျမှသီချင်းဆန်းကပေါ်သလိုပဲတို့  သွေးဆုံးတော့မယ့်မိန်းမရဲ့ ဓမ္မတာသွေးကမှနည်းနည်းတွက်ချက်ချင့်ချိန်ရဦးမယ် တို့ လို အရေးအသားအဖွဲ့ အနွဲ့ ကတော့ ဆရာညီပုလေးလက်ရာပါ။ ဆရာ့လက်ရာက စိတ်ကူးယဉ်ဇာတ်လမ်းတောင်အမြဲအသက်ဝင်ပါတယ်။ ဒါကလူအစစ်ကိုပုံဖော်တာဆိုတော့ ကြွနေတာပါပဲ။

ဆရာသိန်းလှိုင်ဟာ အင်မတန်ထက်မြက်ပါတယ်။ ခွဲစိတ်ကုဆရာဝန်ဖြစ်ချင်လွန်းလို့  ဈေးထဲသွား အသားခွဲတာအစပညာယူတာ။ရင်ခွဲရုံမှာ အလောင်းလိုက်ခွဲတာ။ မွေးလူနာလိုချင်လို့ အောက်ပိုင်းသန့် ရှင်းရေးကအစ လုပ်တာ။ ဒါတွေကလူတော်တွေရဲ့ လက္ခဏာပါ။

ကုသရေးအပြင် အခြားစီမံခန့် ခွဲမှုလည်းကျွမ်းကျင်ပါတယ်။ မြိတ်မှာနေစဉ် အပြင်ဆေးခန်းထိုင်ဆရာဝန်တွေနဲ့ ဆွေးနွေးပွဲလုပ်တာ ဝန်ထမ်းမရှိရှိတဲ့သူကိုကျင့်ပေးတာ စတာတွေကိုကြည့်ပါ။

စိတ်ရင်းကောင်းပြီး လူဝင်ဆံ့ပါတယ်။ နာဂတွေနဲ့ တသွေးတည်းတသားတည်းနေနိုင်တာပဲကြည့်ပါ။ ကျိကျိတက်သူဌေးသားဟာ ချီးလူးဝက်ကိုပေါ်ကျွေးတာရွံရကောင်းမှန်းမသိပါဘူး။ ဒေသခံတွေတန်ဖိုးထားတဲ့ စိုက်ပျိုးရေးမွေးမြူရေးကိုကူဖို့  နွားကိုခွဲစိတ်မွေးဖွားပေးတာတို့ လိုမျိုးဟာ စည်းရုံးရေးပါ။

အခက်အခဲကြားက ကုန်းထနိုင်တဲ့ဆရာဟာသိပ်တော်ပါတယ်။ ဒါပေမဲ့အခက်အခဲကြုံစေခဲ့တဲ့သူတွေအပေါ်တော့ အမှတ်သညာကြီးပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ တချို့ နေရာတွေမှာအနည်းငယ်လွန်ကဲဟန်တော့ရှိပါတယ်။

ဒီစာအုပ်ဖတ်ပြီးစမှာ ကိုယ့် အနေနဲ့ သဘောမတွေ့ နိုင်ဘဲဖြစ်နေခဲ့ပါတယ်။ လူထုနဲ့ ဆရာဝန်တွေအကြားနားလည်မှုအလွဲတွေများနေတဲ့အချိန်မှာ ဆရာဝန်ဘဝရဲ့ ခက်ခဲပုံတွေကို ဒီထက်ပိုဖွဲ့ နွဲ့ စေလိုတာပဲလား။ ဒါမှမဟုတ် ကိုယ်တချိန်လုံးစိတိကူးထားတဲ့ နာဂဒေသမှာ စွန့် လွှတ်အနစ်နာခံပြီးဆေးကုခဲ့သူမေတ္တာရှင်ဆရာဝန်ကြီးပုံရိပ်အတိုင်းထပ်တူမကျလို့ ပဲလား မဆိုတတ်ပါဘူး။ ဆရာကတော့ နိုင်ငံခြားမှာအလုပ်လာလုပ်ဖို့ ဖိတ်ခေါ်စာကိုငြင်းပယ်ခဲ့တာကိုတောင်ခပ်မှိန်မှိန်ပဲထည့်သွားခဲ့တာပါ။

အထပ်ထပ်ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ ဆရာသိန်းလှိုင်ရဲ့ ပညာရှင်ဆန်တဲ့စိတ်ဓာတ်ကိုမြင်လာပါတော့တယ်။ Professional ဆိုတာကို အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်ရာလို့ လူတွေထင်မှတ်မှားတတ်ကြပါတယ်။ တကယ်တော့ Professional ဆိုတာက မိမိလေ့လာတဲ့ပညာရပ်ကို ရေကုန်ရေခန်း လေ့လာလိုက်စားတာ ပညာနဲ့ ပတ်သက်ပြီးယုံကြည်ချက်ခိုင်မာတာမျိုးကိုခေါ်ပါသတဲ့။ ( ဆိုလိုချင်တဲ့အဓိပ္ပါယ်မရောက်ရင် ခွင့်လွှတ်စေချင်ပါတယ်) ။

ဆရာဟာ ဆေးပညာကို သဲကြီးမဲကြီးလေ့လာလိုက်စားရာမှာရော ဆရာဝန်ဆိုတဲ့တာဝန်ကို အခက်အခဲအကြောင်းမပြဘဲ တာဝန်ကျေထက်ပိုပြီး စွမ်းဆောင်ပြသွားတာတွေမှာပါ ပညာရှင်တယောက်ပီသစွာ ဆောင်ရွက်ခဲ့ပါတယ်။ သူဌေးသားဘဝကို ခဝါချပြီး မြို့ နယ်ဆရာဝန်ကြီးဘဝနဲ့ ကြုံသမျှ တကိုယ်တည်းရင်ဆိုင်ပါတယ်။အရင်အားလုံးယူဆခဲ့တဲ့ မဟာကရုဏာရှင်ကြီးဘဝဟာ စိတိကူးထဲမှာပဲရှိနိုင်ပေမဲ့ လက်တွေ့ ဘဝထဲက ပညာရှင်ဒေါက်တာသိန်းလှိုင်ကတော့ လူငယ်ဆရာဝန်တွေအတွက်ရင်ဘတ်ချင်းနီးကပ်ဖို့ လွယ်ပါလိမ့်မယ်။ ဘာပါရမီမှဖြည့်စွမ်းဖို့ မလိုတဲ့ ဒီလို လုပ်ရပ်မျိုးအတွက် နာဂသိန်းလှိုင်အဖြစ်ဟာ လူငယ်တွေအတွက် အိပ်မက်မဟုတ်နိုင်တော့ပါဘူး။ ဒီစာအုပ်ဖတ်အပြီး နတ်ဘုရားနာဂသိန်းလှိုင်ဘဝက ကိုယ့်ရှေ့ က အကန်တော့ခံဆရာဝန်ကြီးနာဂသိန်းလှိုင်အဖြစ်ပြောင်းလဲသွားတဲ့ဆရာ့ကို ကျေကျေနပ်နပ်ကြီး ဦးညွှတ်မိပါတော့တယ်။
ပြည့်ဖြိုးဝေ
Pyae Phyo Wai
စာအုပ်အမည် - ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်

စာရေးဆရာ - ညီပုလေး
အမျိုးအစား - ဝတ္ထုဟန်အထုပ္ပတ္တိ
ထုတ်ဝေသူ - Media Ribbon Publishing House
ခုနှစ် - ၂၀၁၆ စက်တင်ဘာ ပထမအကြိမ်
မျက်နှာဖုံးဓာတ်ပုံ - Andy

No comments:

Post a Comment