Latest News

Friday, September 29, 2017

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို မြန်မာပြည် လာရောက်ရန် ဖိတ်ခေါ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို မြန်မာပြည် လာရောက်ရန် ဖိတ်ခေါ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်နဲ့ လက်ထောက် အတွင်းရေးမှူးချုပ်တွေ ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ကြဖို့ မြန်မာအစိုးရက  တရားဝင် ဖိတ်ခေါ် ကမ်းလှမ်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့  စက်တင်ဘာ ၂၈ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ တံခါးဖွင့် အစည်းအဝေးမှာ  မြန်မာနိုင်ငံ  အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ သောင်းထွန်းက ပြောကြားလိုက်တာပါ။

“ရန်ကုန်က သံတမန် ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ သတင်း မီဒီယာတွေ လိုက်ပါပြီး လာမယ့် တနင်္လာနေ့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားဖို့ရှိပါတယ်။ သူတို့တွေ အနေနဲ့ မြေပြင်က အခြေအနေတွေကို မျက်မြင် တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နဲ့ လက်ထောက် အတွင်းရေးမှူးချုပ် တွေ ကိုလည်း မြန်မာနိုင်ငံကို လာဖို့ မြန်မာ အစိုးရ အနေနဲ့ ဖိတ်ကြားပါတယ်။  မြန်မာအစိုးရ အနေနဲ့ မကြာခင် အနာဂတ်မှာ ကုသမဂ္ဂနဲ့ မြန်မာအကြား  ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လာဖို့လည်း မျော်လင့်ပါတယ်”

ဒါ့အပြင် မြန်မာနိုင်ငံ အပေါ်  လူမျိုးစု သုတ်သင် ရှင်းလင်းမှုနဲ့၊ လူမျိုးသုဉ်း သတ်ဖြတ်မှု ရှိနေတယ် ဆိုပြီး စိတ်ခံစားချက်နဲ့  စွပ်စွဲပြောဆို ချက်တွေနဲ့ ပတ်သက်ပြီးလည်း မြန်မာ ကိုယ်စားလှယ်က ကန့်ကွက် ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံ ခေါင်းဆောင်တွေဟာ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေ အတွက် အချိန်တွေ အကြာကြီး ကြိုးပမ်း လာခဲ့တဲ့သူတွေ ဖြစ်တာကြောင့် လူမျိုးပြုတ် ရှင်းလင်းတာ၊ လူမျိုးသုဉ်း သတ်ဖြတ်မူ ဆိုတဲ့ မူဝါဒကို ဘယ်တော့မှ ထောက်ခံ အားပေးမှာ မဟုတ်သလို အစိုးရအနေနဲ့ အကြမ်းဖက်မှု လူမျိုးတုံး သတ်ဖြတ် တာတွေ မဖြစ်အောင် တားဆီး ကာကွယ်ဖို့ အားလုံး လုပ်သွားမယ်”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကတော့  ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့၊ လူသာခြင်း စာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့နဲ့ ဒုက္ခသည်တွေကို နေရပ် အာဏာပိုင်တွေကို တောင်းဆို လိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံခြား သံတမန်တွေနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တွေက တာဝန် ရှိသူတွေ ပါဝင်တဲ့အဖွဲ့တခု  စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ သွားရောက်ဖို့ အစိုးရက စီစဉ် ခဲ့ပေမယ့်  ရာသီဥတုအခြေအနေနဲ့ သံတမန်အဖွဲ့ အကြီးအကဲရဲ့ မေတ္တာ ရပ်ခံချက်ကြောင့် သွားရောက် နိုင်ခဲ့ခြင်း မရှိဘဲ အောက်တိုဘာ ၂ ရက်နေ့မှာ သွားရောက်ဖို့ ရက်ရွှေ့ဆိုင်းလိုက်တဲ့ အကြောင်း အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-UN
DVB

No comments:

Post a Comment