Latest News

Friday, September 29, 2017

ကျိုက်ထီးရိုး ကေဘယ် ကားစီမံကိန်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်သဖြင့် နိုဝင်ဘာ နောက်ဆုံးပတ်၌ ဖွင့်လှစ်ရန် စီစဉ်

ကျိုက်ထီးရိုး ကေဘယ် ကားစီမံကိန်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်သဖြင့် နိုဝင်ဘာ နောက်ဆုံးပတ်၌ ဖွင့်လှစ်ရန် စီစဉ်

ကျိုက်ထို  စက်တင်ဘာ  ၂၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ရသေ့တောင်မှ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်အထိ ဆက်သွယ်ပြေးဆွဲမည့် ကေဘယ်ကား (ကောင်းကင်ကြိုးရထား) စီမံကိန်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သဖြင့် နိုဝင်ဘာ နောက်ဆုံးပတ်၌ ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း Sky Asia ကုမ္ပဏီ အကြံပေး ဦးမျိုးဝေထံ မှ သိရသည်။

အဆိုပါ ကေဘယ်ကားကို အောက်တိုဘာလ အတွင်းရှိ သီတင်းကျွတ် လပြည့်နေ့ ဘုရားပွဲတော်အမီ ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသော်လည်း မိုးရာသီဖြစ်သဖြင့် မိုးများရွာသွန်းမှုကြောင့် စက်များတပ်ဆင် တည်ဆောက်ရန် ခက်ခဲခြင်းနှင့် ကေဘယ်ကြိုးကြီးများအား တိုင်ပေါ်သို့ တင်မည့်စက်များ မြန်မာနိုင်ငံ၌ မရှိ၍ ပြင်သစ်နိုင်ငံမှ မှာယူခဲ့ရာ နောက်ကျမှ ရောက်ရှိခဲ့သဖြင့် လုပ်ငန်းပြီးစီးမှု နှောင့်နှေးကြန့်ကြာပြီး အချိန်မီ မဖွင့်လှစ်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ''အောက်တိုဘာလမှာ မဖွင့်နိုင်တော့ဘူး။ ဒါပေမဲ့ ဒီကေဘယ် ကားစီမံကိန်း လုပ်ငန်းတစ်ခုလုံးက အောက်တိုဘာ လကုန်မှာ ရာနှုန်းပြည့်ပြီးစီးမှာပါ။

နိုဝင်ဘာ ပထမပတ်မှာတော့ စက်ယန္တရား ကြံ့ခိုင်မှု ပိုမိုရှိစေဖို့နဲ့ စီးနင်းသူ ခရီးသည်တွေရဲ့ အသက်အန္တရာယ် ပိုမိုလုံခြုံမှုရှိစေဖို့အတွက် စတင် စမ်းသပ် လည်ပတ်ပါမယ်။ နိုဝင်ဘာ နောက်ဆုံးပတ်မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပါတယ်''ဟု ဦးမျိုးဝေက ပြောသည်။ ကေဘယ်ကား စီးနင်းသူ ခရီးသည်များ၏ လုံခြုံရေး အနေဖြင့် အသက်အန္တရာယ် ကယ်ဆယ်ရေး အဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းပေးထားပြီး မီးဘေးအန္တရာယ် အတွက် စက်ယန္တရားများ တွင် ရေပိုက်များ တပ်ဆင်ပေးထားခြင်းနှင့် ကေဘယ်ကား စက်အိမ်တစ်လုံးချင်းစီတွင် မီးသတ်ဆေးဘူး တပ်ဆင်ပေးထားသည်။ ထို့ပြင်စီးနင်းသူ ခရီးသည်များ လုံခြုံစွာစီးနင်းနိုင်ရန် ဘဏ်များနှင့် ချိတ် ဆက်၍ အလုံးစုံ အာမခံ ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ''ကေဘယ်ကား စီမံကိန်းပြီးသွားရင် ပြည်တွင်းပြည်ပက ဘုရားဖူးတွေ အရင်ထက်ပိုပြီး ဝင်ရောက်နိုင်ပါတယ်။ ဒီလုပ်ငန်းကို လူအများက စိတ်ဝင်စားကြတယ်။ ဖွင့်တဲ့အခါကျရင် စမ်းသပ်စီးချင်တဲ့သူတွေ စိတ်ဝင်စားတဲ့သူတွေ လာစီးကြမှာပါ။

စီးနိုင်အောင်လည်း ဘုရားဖူးကားတွေက ရသေ့တောင်မှာ ရပ်ေ ပးကြမှာပါ'' ဟု ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ ဦးလှသောင်းက ပြောသည်။ ကေဘယ်ကားစီမံကိန်းကို ကျိုက်ထီးရိုး သစ်တောကြိုးဝိုင်း နယ်မြေအတွင်းရှိ ၁၃ ဒသမ ၅ ဧကကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ B.O.T စနစ်ဖြင့် နှစ် ၅ဝ စာချုပ်ချုပ်ဆို ငှားရမ်းအသုံးပြုခြင်း ဖြစ်သည်။ ယင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်း ၂ဝ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခြင်းဖြစ်ကာ ပြင်သစ်နိုင်ငံ POMA ကုမ္ပဏီမှ နည်းပညာနှင့် စက်ပစ္စည်းများအသုံးပြု၍ ပြင်သစ်ပညာရှင်များနှင့် ကိုရီးယား ပညာရှင်များ ပူးပေါင်း တည်ဆောက်ခြင်းဖြစ်သည်။ စီးနင်းသူများအတွက် ကေဘယ်ကား ၄၃ စီးနှင့် အရန်တစ်စီးတို့ဖြင့် ပြေးဆွဲမည်ဖြစ် ကြောင်းနှင့် ကေဘယ်ကား တစ်စီးလျှင် လူရှစ်ဦးစီးနင်းနိုင်ပြီး စီးနင်းခအနေဖြင့် ပြည်တွင်းခရီးသွားများအတွက် ငွေ ကျပ်သုံးထောင်နှင့် နိုင်ငံခြားသားများအတွက် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ အကြမ်းမျဉ်း သတ်မှတ်ထားကြောင်း သိရသည်။
မြဝတီ

No comments:

Post a Comment