Latest News

Sunday, July 2, 2017

ရန်ကုန်စည်ပင်က ခွေးထိန်းသိမ်းရေးဂေဟာ ဖွင့်မည်

ရန်ကုန်စည်ပင်က ခွေးထိန်းသိမ်းရေးဂေဟာ ဖွင့်မည်

ရန်ကုန်၊ ဇူလိုင် ၂

ရန်ကုန်မြို့ရှိ လေလွင့်ခွေး ထိန်းချုပ်ရေး လုပ်ငန်းစဉ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အောက်တိုဘာလတွင် လှိုင်သာယာမြို့နယ်၌ ခွေးထိန်းသိမ်းရေး ဂေဟာတစ်ခု ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ခွေးကောင်ရေ တစ်ထောင်ခန့် အထိ ထားရှိနိုင်ရန် ခွေးထိန်းသိမ်းရေး ဂေဟာကို တည်ဆောက်လျက်ရှိပြီး နှစ်စဉ် လေလွင့်ခွေး မျိုးပွားမှုနှုန်း မြင့်တက်သော လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များရှိ ခွေးများကို စောင့်ကြည့် ဖမ်းဆီး၍ ယင်းခွေးဂေဟာသို့ ပို့ဆောင်ထိန်းသိမ်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“မြို့တော်စည်ပင် ဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့် စီမံချက်တစ်ခုပါ။ ရန်ကုန်မြို့ရဲ့ လေလွင့်ခွေး တိုးပွှားမှုနှုန်းက နောက်ပိုင်းနှစ်တွေမှာ ပိုဆိုးလာတယ်။ တခြားတစ်ဖက်ကလည်း ခွေးရူးရောဂါ ပျံ့ပွားမှု လျော့ကျလာဖို့ ကာကွယ်ဆေးထိုးတာနဲ့ သားဆက်ခြားတဲ့ နည်းလမ်းတွေ လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လေလွင့်ခွေး ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာများကို ပရဟိတ အသင်းအဖွဲ့များက လှည်ကူး၊ မင်္ဂလာဒုံနှင့် သန်လျင်မြို့နယ် အပါအဝင် အခြားမြို့နယ် အချို့တွင် ခွေးဂေဟာ ခုနစ်ခုခန့်ကို ဖွင့်လှစ်၍ ထိန်းသိမ်းပေးလျက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ပထမဆုံး ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်သည်။

“ခွေးဂေဟာ ဖွင့်တာက တိရစ္ဆာန် ချစ်မြတ်နိုးမှုအပေါ်မှာ အခြေခံပါတယ်။ သူတို့တွေရဲ့ ကျန်းမာရေးနဲ့ အစားအသောက်ကအစ သေချာ ဂရုစိုက်ပေးရတယ်။ ပြီးစလွယ်လုပ်မယ့် အစီအစဉ်မျိုး ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ စည်ပင်အနေနဲ့ ဂေဟာဖွင့်ပေးမယ်ဆိုတော့ ကြိုဆိုပါတယ်“ဟု ရန်ကုန်မြို့ အခြေစိုက် တိရစ္ဆာန် ချစ်သူအသင်းမှ ဒေါ်မျိုးသန္တာဆွေက ဆိုသည်။

အဆိုပါ ခွေးထိန်းသိမ်းရေး ဂေဟာကို လှိုင်သာယာမြို့နယ်၊ ထိန်ပင်အဝင် လမ်းပေါ်တွင် မြေဧရိယာ ပေ ၄၀ဝ နှင့် ပေ  ၁၅၀ တွင် တည်ဆောက်လျက်ရှိပြီး ခွေးကောင်ရေ ၁၀ဝ၀ ခန့်ကို ခြံဝင်းနှင့် အဆောက်အအုံအောက်တွင် ထားရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တွင် တစ်နှစ်လျှင် လေလွင့်ခွေးကောင်ရေ သုံးသောင်းနှင့် ငါးသောင်းကြား ပုံမှန် တိုးပွားလျက်ရှိပြီး ယခင် စစ်တမ်းကောက်ယူမှုအရ ခွေးကောင်ရေ တစ်သိန်းရှစ်သောင်းခန့်ရှိကြောင်း၊ မြောက်ပိုင်းခရိုင် မြို့နယ်များ ဖြစ်သည့်  ရွှေပြည်သာ၊ လှိုင်သာယာတို့တွင် လေလွင့်ခွေး အများဆုံး ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
The Voice

No comments:

Post a Comment