Latest News

Sunday, July 2, 2017

ကော့မှူး-ကွမ်းခြံကုန်းဘက်တွင်လေဆိပ်သစ်ဆောက်ရန် မျှော်မှန်း

ကော့မှူး-ကွမ်းခြံကုန်းဘက်တွင်လေဆိပ်သစ်ဆောက်ရန် မျှော်မှန်း

ရန်ကုန်၊ ဇူလိုင်-၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကော့မှူး-ကွမ်းခြံကုန်း ဘက် ပင်လယ်ပြင်ဘက်မှတစ်ဆင့် လေယာဉ်ဆင်းနိုင်သည့် လေဆိပ်သစ်တစ်ခု တည်ဆောက်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆို သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့တစ်ဖက်ကမ်း တွင်လည်း ရန်ကုန်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အတွက် အကြိုလေ့လာဆန်းစစ်မှုများ စတင်လုပ်ဆောင်နေ ပြီဖြစ်ကြောင်း သိရသည်။
‘ဒလမြို့ရဲ့ တစ်ဖက်ကမ်းကို ရန်ကုန်အထူးစီးပွားရေး ဇုန် တည်ဆောက်နိုင်ဖို့ အကြိုလေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့တစ်ဖက်ကမ်း ဒလဘက်ခြမ်း မှာ ရန်ကုန်အထူးစီးပွားရေးဇုန်ကို တည်ဆောက်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုတင်ပြဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မင်္ဂလာဒုံလေဆိပ်ကြီးကိုလည်း ဒီထက် ပိုပြီးကောင်းမွန်လာဖို့အတွက် ပြုပြင်မှုတွေ ဆောင်ရွက်နေ သလို လေဆိပ်သစ်တစ်ခုကိုလည်း တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ ဒီအခြေအနေကလည်း ကော့မှူး-ကွမ်းခြံကုန်းဘက် ပင်လယ်ပြင်ဘက်ကနေ လေယာဉ်ဆင်းနိုင်တဲ့ အခြေအနေကို မျှော်မှန်းပါတယ်’ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ဇူလိုင် ၂ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (MLCA) အသင်းသားစုံညီ အထူးအစည်းအဝေးတွင် ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။
‘အားလုံးသိတဲ့အတိုင်းပဲ မြို့တစ်မြို့ကို ဖြတ်ပြီး လေယာဉ်ဆင်းမယ်ဆိုရင် ဒီလေယာဉ်ကွင်းဟာ ၂၄ နာရီ သုံးစွဲလို့ မရပါဘူး။ ရပ်နားချိန်တစ်ခုပေးရပါတယ်။ ဘာကြောင့်လဲဆို မြို့က လေယာဉ်ဆင်းနေတဲ့ အချိန်မှာ အလွန်ကို ဆူညံပါတယ်။ ဒါကြောင့်မို့ အမြဲတမ်း ၂၄ နာရီ သုံးနိုင်ဖို့အတွက်ဆို ပင်လယ်ပြင်ဘက်ကနေ ဆင်းနိုင်တဲ့ လေကြောင်းလိုင်းတစ်ခုသာရှိမယ်ဆိုရင် လေယာဉ်ကွင်းသစ် တစ်ခုကိုတည်ဆောက်ဖို့ မျှော်မှန်းထားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက် ပြီးတော့လည်း အမေရိကန်နိုင်ငံရဲ့ အကူအညီရယူပြီး လေ့လာဆန်းစစ်မှုတစ်ခုပြုဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ တစ်ချိန်တုန်းက ဟံသာဝတီ လေယာဉ်ကွင်းသစ် တည်ဆောက်မယ်ဆိုတဲ့ စီမံကိန်းရှိခဲ့ပါတယ်။ အခုလည်း အဲဒီ စီမံကိန်းရှိနေပါတယ်။ ရန်ကုန်တိုင်းအတွင်းကနေ မိုင် ၄၀ ကျော်ဝေးတဲ့ လေယာဉ်ကွင်းတစ်ခုကို ရန်ကုန်အနေနဲ့ တည်ဆောက်သင့်သလားဆိုတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ လေ့လာဆန်းစစ်နေပါတယ်’ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ ဒလမြို့တစ်ဖက်ကမ်းတွင် ရန်ကုန်အထူးစီးပွားရေးဇုန်ကြီး တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
တိုးအောင်(မြန်မာမြေ)စံတော်ချိန်

No comments:

Post a Comment