Latest News

Wednesday, July 12, 2017

နိုးနိုးကြားကြား အလက်စကာ

နိုးနိုးကြားကြား အလက်စကာ

ဇူလိုင်လ ၄ ရက် အမေရိကန်နိုင်ငံ၏ လွတ်လပ် ရေးနေ့မှာနျူကလီးယားလက်နက်ကို တင်ဆောင်နိုင် မည့် တာဝေးပစ်ဒုံးကျည်ကိုအောင်မြင်စွာ လွှတ်တင်လိုက်ခြင်းဖြင့် အမေရိကန် ပြည်ထောင်စုကို မြောက်ကိုရီးယားကအမှတ်တရ မွေးနေ့လက်ဆောင် ပေးခဲ့သည်။ ဝှာဆွန်-၁၄ အမည်ရှိ အဆိုပါ တာဝေးပစ်ဒုံးကျည်သည် မိနစ်၄၀ အတွင်း အမြင့် ၁၇၄၁ မိုင်ကနေ မိုင် ၅၈၀ အကွာအဝေးအထိ ပျံသန်းပြီး ဂျပန်နိုင်ငံအနီး ပင်လယ်ထဲသို့ ကျရောက်ခဲ့သည်။

အဆိုပါ ပစ်လွှတ်မှု၏ အဓိပ္ပာယ်မှာမြောက်ကိုရီးယား၏ နျူကလီးယားဒုံးကျည်သည် အမေရိ ကန်နိုင်ငံသို့ ရောက်ရှိအောင်ပစ် ခတ်နိုင်ပြီဆိုသည့် သဘောပင်ဖြစ် သည်။ တိတိကျကျဆိုရလျှင်အမေရိကန်ပြည်ထောင်စု၏
အနောက်မြောက်စွန်ဆုံး အလက်စကာပြည်နယ်သို့ ရောက်အောင်ပစ်နိုင်သည့် တာဝေးဒုံးကျည် မြောက်ကိုရီးယား မှာ ရှိနေပြီဟု ပြသလိုက်ခြင်းဖြစ် သည်။ မြောက်ကိုရီးယား၏ ယခုစမ်းသပ်လိုက်သော တာဝေးဒုံး ကျည်သည် အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်ပြီဆိုသည်ကို ကျွမ်း ကျင်ပညာရှင်များသာမက အမေရိကန်စစ်တပ် ကိုယ်တိုင်ကပင် အ တည်ပြုလိုက်ရပြီဖြစ်သည်။

‘‘နျူကလီးယား တာဝေးပစ် ဒုံးကျည်ကို စမ်းသပ်တာဟာ အ မေရိကန်နိုင်ငံ ဒေသဝန်းကျင်နဲ့ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှု အရှိန်တိုးလာတာပဲ။ ကမ္ဘာကြီးကို ခြိမ်းခြောက်မှုတစ်ခုကို ရပ်တန့်ဖို့ တစ်ကမ္ဘာလုံးရဲ့ ပူးပေါင်းဆောင်
ရွက်မှုလိုအပ်ပါတယ်’’ဟု အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီ လာဆန်က ကြေညာချက် ထုတ် ပြန်ပြောကြားသည်။

ထို အမေရိကန်တို့သည် မြောက်ကိုရီးယား၏ အကြိမ်ကြိမ် နျူကလီးယားဒုံးကျည် စမ်းသပ်မှု ကို အမြဲစောင့်ကြည့်နေခဲ့သော် လည်း သူတို့ဒေသကို တိုက်ခိုက် လာမှာ စိုးရိမ်မှုအတွက်မဟုတ်။ မြောက်ကိုရီးယားနှင့် ထိစပ်နေ သည့် သူတို့၏ မဟာမိတ်ဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံအ တွက်သာဖြစ်သည်။ မြောက်ကိုရီး ယားဒုံးကျည် နည်းပညာသည် အ မေရိကန်နိုင်ငံရှိရာ မြောက်အမေ ရိကတိုက်အထိ ရောက်လာလိမ့် မည်ဟုမထင်။ သို့သော်လည်း သူ တို့ မျှော်မှန်းမထားသည့်အရာဖြစ်လာချေပြီ။

ထို့ကြောင့် အမေရိကန်ပြည် နယ်များမှာ မြောက်ဘက်အစွန်းဆုံးဖြစ်သော အလက်စကာပြည် နယ်သည် မြောက်ကိုရီးယား၏ နျူကလီးယားဒုံးကျည် အချိန်မရွေး ကျလာနိုင်သော ပစ်မှတ်များ ဖြစ် လာနိုင်သည်။ အလက်စကာပြည် နယ်သည် အမေရိကန်ပြည်ထောင် စု၏ ဧရိယာအားဖြင့် အကြီးဆုံး ပြည်နယ်ဖြစ်သော်လည်း အလွန် အေးပြီး ရေခဲများဖြင့် ဖုံးလွှမ်းနေ သောကြောင့် လူဦးရေခုနစ်သိန်း ကျော်သာရှိသည့် လူဦးရေအနည်း ဆုံး ပြည်နယ်တစ်ခုဖြစ်သည်။

ထိုပြည်နယ်သည် ရေနံ၊သတ္တုတွင်းလုပ်ငန်း၊ ငါးဖမ်းလုပ် ငန်းနှင့် ခရီးသွားလုပ်ငန်းများထွန်းကားပြီး အမေရိကန်နိုင်ငံ၌ဆယ်ခု မြောက် အချမ်းသာဆုံးပြည်နယ် ဖြစ်၏။ ဇူလိုင် ၄ ရက်က မြောက် ကိုရီးယားဒုံးကျည် စမ်းသပ်အောင်မြင်သည့် သတင်းသည် အေးခဲနေသော ရေခဲများ၊ နှင်းခဲ များကြားမှာ အေးအေးဆေးဆေး ငါးဖမ်းနေခဲ့သော အလက်စကာ ပြည်နယ်သားများ လှုပ်လှုပ်ရှား ရှားဖြစ်လာကြသည်။

‘‘တချို့ပညာရှင်တွေပြောနေ တဲ့ မြောက်ကိုရီးယားစမ်းသပ်ခဲ့တဲ့ နျူကလီးယားဒုံးကျည်ဟာ နောင် အနာဂတ်မှာ အလက်စကာကို ရောက်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းကိုဖြန့်ဖို့ အလက်စကာ သားတွေ နိုးကြားလာပါပြီ။ အ လက်စကာသားတွေအတွက် အ ရင်ကထက်ပိုပြီး သေရေးရှင်ရေး အရေးကြီးတဲ့အချိန်ပါ။ ကျန်တဲ့ တစ်နိုင်ငံလုံးလည်း ပြင်ဆင်သင့် ပါပြီ’’ဟု အလက်စကာပြည်နယ် ရီပက်ဘလေကန်ပါတီ အထက် လွှတ်တော်အမတ် ဒန်ဆူလီဗန်က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

တချို့ ကျွမ်းကျင်သူများက လည်း မြောက်ကိုရီးယားသည် တာဝေးပစ်ဒုံးကျည်ပေါ်မှာ နျူ ကလီးယားထိပ်ဖူးကို တပ်ဆင်နိုင် သည့် အခြေအနေမရောက်သေး။ ယခုတစ်ကြိမ် ကီလိုမီတာ ၆,၇၀၀ ဝန်းကျင်အထိ ရောက်နိုင်ခြေရှိ သော တာဝေးပစ်ဒုံးကျည်တစ်ခု စမ်းသပ်ရုံဖြင့် အမေရိကန်နိုင်ငံသို့ ရောက်အောင် ပစ်နိုင်ခြင်းမရှိဟု ဆိုကြသည်။

သို့သော် ဘာပဲပြောပြော မြောက်ကိုရီးယားသည် အမေရိ ကန်သို့ အရောက်ပစ်နိုင်သည့် နျူ ကလီးယားလက်နက်ကို တင် ဆောင်မည့် တာဝေးပစ်ဒုံးကျည် စမ်းသပ်မှု လမ်းကြောင်းပေါ် ရောက်နေသည်မှာ ငြင်းမရ။ အ မေရိကန်ပြည်မကြီးနှင့် အလက် စကာပြည်နယ်ကို ယခင်ထက်ပို ပြီး ကာကွယ်ရန် လိုအပ်လာပြီဟု အလက်စကာပြည်နယ် တာဝန်ရှိ သူများဆီက တောင်းဆိုမှုများချက်ချင်းပြုလုပ်လာသည်။

‘‘မြောက်ကိုရီးယားရဲ့ လတ် တလော နျူကလီးယားလက်နက် သတင်းတွေက အလက်စကာမှာ အမေရိကန်စစ်တပ်အနေအထား ကို တိုးချဲ့ဖို့ အရမ်းအရေးကြီးနေ တယ်ဆိုတာကိုပြနေပါတယ်’’ဟု အလက်စကာပြည်နယ် အုပ်ချုပ် ရေးမှူး ဘေလ်ဝေါကားက ပြော ကြားသည်။

အမေရိကန်နိုင်ငံတွင် ပြည် ပကလာမည့် ဒုံးကျည်များကို အ လိုအလျောက် ကာကွယ်ချေဖျက် မည့် ဒုံးခွင်းဒုံးကာကွယ်ရေးစနစ် များ တပ်ဆင်ထားပြီးသား ဖြစ် သည်။ မြေပြင် ဒုံးခွင်းဒုံးစနစ်နှင့် တာဝေးပစ် ဒုံးကျည်ကာကွယ်ရေး စနစ်များကိုလည်း အလက်စကာ နှင့် ကယ်လီဖိုးနီးယားပြည်နယ် များမှာ တပ်ဆင်ထားသည်။

သို့သော်လည်း မြောက်ကိုရီးယားသည် အမေရိကန်က လက်ရှိ စနစ်ကို သာလွန်မည့်အရာများကို ထာဝစဉ် ဆက်လက်တည်ဆောက်မည့် အခြေအနေမှာရှိသည်။ ထို့ ကြောင့် မြောက်ကိုရီးယားကလုပ် သမျှကို ပြန်လည်တုံ့ပြန်ပြီး ကာ ကွယ်ရေးစနစ်ကို ရင်းနှီးမြှုပ်နှံရန် ကလည်း စရိတ်စက ကြီးမားလှ သည်။ နျူကလီးယားဒုံးကျည် ကာ ကွယ်ရေးစနစ်ကို တစ်ခါစမ်းသပ်ရုံအတွက် စရိတ်စကမှာ အမေရိ ကန်ဒေါ်လာ သန်းနှစ်ရာကျော်ရှိ သည်။ ယခုကဲ့သို့ အပြိုင်အဆိုင် လက်နက် ပြိုင်နေခြင်းကလည်း ပြဿနာကို အဆုံးသတ်နိုင် မည့် နည်းလမ်းမဟုတ်ပါ။

ထို့အပြင် မြောက်ကိုရီးယား ပြဿနာကလည်း ဘယ်တော့မျှ ဖြေရှင်းနိုင်မည့် ပြဿနာမဟုတ် ပါ။ အမေရိကန်နှင့် အနောက် နိုင်ငံများသည် မြောက်ကိုရီးယား မှာ အာဏာရှင်စနစ် ပြုတ်ကျပြီး ဒီမိုကရေစီတော်လှန်ရေးဖြစ်ရန် အမြဲတမ်းစိတ်ကူးယဉ် မျှော်လင့် နေကြသည်။ သို့သော်လည်း မြောက်ကိုရီးယားက အာဏာရှင် ကင်မိသားစုသည် သူတို့မျှော်မှန်း သည်ထက် သက်တမ်းရှည်ကြာ လှ၏။ သည်နေ့အထိ မြောက်ကို ရီးယားမှာ ပြိုလဲမည့်အရိပ် အယောင်မရှိ။ တော်လှန်ရေးဆင် နွှဲမည့် လက္ခဏာလည်းမတွေ့။ ကမ္ဘာကို ခြိမ်းခြောက်နေသည့် နျူ ကလီးယားလက်နက်များကိုသာ တစ်ခုပြီးတစ်ခု စမ်းသပ်နေသည်။

အမေရိကန်သည် ကင်ဂျုံ အန်ကို ဟာသတစ်ခုဟု ထင်ခဲ့ သည်။ သို့သော် ကင်ဂျုံအန်သည် နှယ်နှယ်ရရတော့ မဟုတ်နိုင်။ သူ့ မှာ အရည်အချင်းမရှိဘဲနှင့်ယခုလိုအခြေအနေအထိရပ်တည်နိုင်မည်မဟုတ်ဟု တောင်ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကိုရီးယားလေ့လာရေးဌာန ဌာနမှူး ဒေါက် တာဒေးဗစ်ကန်က နယူးယောက်တိုင်းမ်သတင်းစာမှာ ပြောကြား ထားသည်။

အမေရိကန်အနေဖြင့် ယခု ကဲ့သို့ မြောက်ကိုရီးယား၏ အ ဆင့်မြင့် တာဝေးပစ်ဒုံးကျည် စေ လွှတ်မှုနှင့်ပတ်သက်ပြီး ရွေးချယ် စရာသုံးခုသာရှိသည်ဟု နိုင်ငံခြား ရေးရာ ကျွမ်းကျင်သူများက အကြံ ပြုထားသည်။

စီးပွားရေးပိတ်ဆို့မှုနှင့် အိမ် နီးချင်းနိုင်ငံများက ဖိအားပေးပြီး မြောက်ကိုရီးယားကို ပိုပြီးအထီး ကျန်လာအောင် ပြုလုပ်ရန်၊ စစ် ရေးအရ လှုပ်ရှားမှုပြုလုပ်ရန်၊ မြောက်ကိုရီးယားကို တရားဝင် နျူ ကလီးယားပိုင်ဆိုင်သည့် နိုင်ငံအ ဖြစ် အသိအမှတ်ပြုပြီး သံတမန် ရေးရာအရ စေ့စပ်ညှိနှိုင်းရန်တို့ ဖြစ်သည်။

သို့သော် အချက်သုံးခုစလုံး သည် လွယ်ကူသောအရာများ မ ဟုတ်။ အထူးသဖြင့် ကင်ဂျုံအန်ကို မှန်းဆနိုင်ရန် အလွန်ခက်လှသည်။ အမေရိကန်သမ္မတ ထရန့်သည် မြောက်ကိုရီးယားဆီက တာဝေး ပစ်ဒုံးကျည် စမ်းသပ်သည့်သတင်း ကြားလျှင်ကြားချင်း သူ၏တွစ်တာ အကောင့်ကနေ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကို ‘‘သူ့မှာ တခြားကောင်းတာ လုပ်စရာ မရှိတော့ဘူးလား’’ဟု ရေးသား ပြောကြားခဲ့၏။

မည်သို့ပင်ဖြစ်စေ ကင်ဂျုံ အန်ကို သူလျှော့တွက်၍မရနိုင် တော့ပါ။ လောလောဆယ်မှာ ကင်ဂျုံအန်၏ သြဇာအာဏာ သည် အမေရိကန်ပြည်ထောင်စု ၏ အကြီးဆုံးပြည်နယ် အလက် စကာကို ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။ အလက်စကာသားတို့ လည်း ငါးဖမ်းပြီး အေးအေးချမ်း ချမ်း မနေနိုင်တော့ပါ။

ကိုးကား - NPR, New York Times and The Hill

7Day News

No comments:

Post a Comment