Latest News

Thursday, July 6, 2017

သစ်ပုပ်ပင်အိုငိုတဲ့နေ့၊ ပင်စိန်ပန်းနွမ်းတဲ့နေ့

သစ်ပုပ်ပင်အိုငိုတဲ့နေ့၊ ပင်စိန်ပန်းနွမ်းတဲ့နေ့

ကံ့ကော်ပင်ရိပ်၊ သစ်ပုပ်ပင်၊ စိန်ပန်းပင်၊ အဓိပတိလမ်းမ၊ တက္ကသိုလ်စာကြည့်တိုက်၊ အပန်းဖြေရိပ်သာ၊ ၀ိဇ္ဇာခန်းမ၊ သိပံ္ပခန်းမ။ သူတို့တစ်တွေ ကျွန်တော့်ဘေးတစ်ဖက်တစ်ချက်မှာ ဣနြေ္ဒရှိတဲ့ အပျိုမတစ်ယောက်လို တည်တည်ငြိမ်ငြိမ်။ ဒါပေမဲ့ အပျိုမအမျိုးသမီးပီပီအပြင် ပန်းကတည်ငြိမ်နေဟန် မြင်နေရပေမယ့် ရင်လှိုင်းက ဘောင်ဘင်ခတ်နေတာ။ ဖွင့်ချလို့ရရင်၊ ပွင့်အန်လို့ရရင် စကားလုံးတွေကတောင် လောက်မကမြင့်သလို၊ ပင်လယ်လောက်မက ကျယ်ဝန်းတယ်။ ပြောစရာတွေမှ အများသား။

တကယ်တော့ ဒီနေရာမှာရှိနေတဲ့ သက်မဲ့တွေဟာ နှလုံးမရှိကြပေမယ့် အမှတ်သည်းခြေတော့ ရှိကြတယ်။ နှုတ်ထွက်စကား ပြောမထွက်ပေမယ့် မှတ်တမ်းကတော့ ပျောက်မသွားဘူး။

အဓိပတိရဲ့ မြက်ခင်းစိမ်းတွေကို တက္ကသိုလ်မှာဝေတဲ့ မိုးစက်တွေဖျန်းဆွတ်ပေးလို့ လန်းဆန်းစိုပြည်နေတဲ့တစ်ချိန်မှာ ရုတ်တရက် မြက်ခင်းစိမ်းတွေနီကုန်တယ်။ ပြိုလဲကုန်တယ်။ ပိပြားကုန်တယ်။ ထူထူထောင်ထောင် မြက်တို့ခုတော့ မြေသားပေါ်မှာ ပြားပြားကပ် ပြိုလဲကာ ငိုယိုနေကြပြီ။

အဲဒီမြက်တို့ကို ဖိနပ်ပါးနဲ့နင်းတယ်။ ရော်ဘာဖိနပ်နဲ့နင်းတယ်။ ပုံတော်ဖိနပ်နဲ့နင်းတယ်။ စစ်ဖိနပ်နဲ့နင်းတယ်။ နင်းတာကလည်း ရိုးရိုးနင်းတာမဟုတ်ဘူး။ အားကုန်ပြေးလွှားရင်း၊ အချို့တရွတ်တိုက်ရင်း၊ အချို့ကဖိခြေရင်းနင်းကြတာ။ စစ်ဖိနပ်နဲ့နင်းအားက ပိုပြင်းတယ်။ နင်းရုံမက ဆောင့်လိုက်သေး၊ ဆောင့်ရုံမက ခြေလိုက်သေး။ စိန်ပန်းတွေ ကြွေကျချိန်နဲ့ တက်နင်းချိန်တို့ တိုက်တိုက်ဆိုင်ဆိုင်ဆိုတော့ ပွင့်ဖတ်တွေ စိစိညက်ညက် ကြေကုန်တော့တာပဲ။ ပွင့်ဖတ်နီတွေရဲ့ ပြန့်ကျဲပွနေပုံက အသည်းတွေတစ်စစီကြေနေ၊ ကြွေနေသလိုပဲ။ အချိန်ကာလက ၀ါဆိုလဆန်းရက်များဖြစ်တယ်။ မိုးများလေထန်ချိန်ပေါ့။ မိုးရွာလိုက် လေတိုက်လိုက်။ စိန်ပန်းတွေခမျာ လေဒဏ်မိုးဒဏ်ကြောင့် ဖူးငုံစပန်း၊ မပွင့်ခင်ကြွေရတဲ့ပန်း၊ မချွေဘဲကြွေရတဲ့ပန်း လေဒဏ်၊ မိုးဒဏ်တွေပါ အလူးအလဲ ခံနေရရှာတယ်။ မြန်မာပြက္ခဒိန်အရ မြန်မာသက္ကရာဇ် ၁၃၂၄ ခုနှစ်၊ ၀ါဆိုလဆန်း ၁ ရက်နဲ့ ၈ ရက်အတွင်း ကာလဖြစ်တယ်။ အင်္ဂလိပ် ပြက္ခဒိန်အရ ၁၉၆၂ ခုနှစ် ဇူလိုင် ၂ ရက်မှ ဇူလိုင် ၈ ရက်အတွင်းဖြစ်တယ်။ မိုးမြိုဖြိုရွာတဲ့လ။ လေကြမ်းကြမ်းတိုက်တဲ့လ။ ကျောင်းသားတွေ ကျောင်းတက်ရတဲ့လ။ ပြည်သူတွေမေ့လို့မရတဲ့လ။

နယ်ကနေ ကျောင်းလာတက်ရတဲ့နယ်သူ နယ်သားတွေအတွက် အဆောင်မှာ အခြေမကျသေးတဲ့ကာလဖြစ်တယ်။ ထို့အတူပဲ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အာဏာသိမ်းတော်လှန်ရေး ကောင်စီလည်း တိုင်းပြည်ကို အုပ်ချုပ်ရာမှာ အခြေမကျသေးတဲ့ကာလနဲ့ တိုက်ဆိုင်နေတယ်။

မတ် ၂  ရက်က အာဏာသိမ်းပြီး သုံးလကျော်ကျော်သာ ကြာသေးတဲ့ကာလ ဖြစ်နေတယ်။ ဗိုလ်ချုပ်နေ၀င်းဟာ သူအာဏာသိမ်းပြီး တက္ကသိုလ်ကောင်စီက ကျောင်းသားနှစ်ဦးကို စတင်ထုတ်ပယ်ပစ်လိုက်တယ်။ ရန်ကုန် တက္ကသိုလ်သဟာယနဲ့ စာဖတ်အသင်းအဖွဲ့ချုပ်မှ ကျောင်းသားနှစ်ဦးကို ထပ်မံထုတ်ပယ်ပြန်တယ်။ ဒါ့အပြင်လွတ်လပ်တဲ့ တက္ကသိုလ်နယ်မြေကို စစ်အုပ်ချုပ်ရေးအောက် သွတ်သွင်းဖို့ ပထမခြေလှမ်းစလိုက်တယ်။ ၁၉၆၂ ခုနှစ် မေ ၉ ရက်မှာ တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းကြောင်း ကြေညာလိုက်တယ်။ မေ ၁၀ ရက် ဗိုလ်ချုပ်နေ၀င်းက တက္ကသိုလ်ကောင်စီ လူကြီးတွေခေါ်ယူ တွေ့ဆုံတယ်။ ပြီး “ကျောင်းတော်ကြီးရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေကို ပြောရရင် ကျောင်းသားနဲ့ဆရာ သူငါ့မရိုသေ၊ ငါ့သူမရိုသေဆိုသလို ဖြစ်နေတဲ့အချက်ဖြစ်တယ်။ ဆရာလောကရော ကျောင်းသားလောကရော နိုင်ငံရေးပယောဂတွေ ၀င်နေကြတယ်။ ဒီအတိုင်း ဆက်သွားနေရင် တိုင်းပြည်ဘယ်တော့မှ ကောင်းစားမှာ မဟုတ်တော့ဘူး” ဆိုကာ တက္ကသိုလ်ကောင်စီဝင်တွေကို အစားထိုး ခန့်အပ်လိုက်တယ်။

ဇွန် ၁၈ ရက်မှာ အဆောင်စည်းကမ်း ၂၂ ချက်ကို ကျောင်းသားတွေ အထူးသဖြင့် အဆောင်နေကျောင်းသားတွေကို ဖိနှိပ်ရန် ထုတ်ပြန်လိုက်တယ်။ ထိုစည်းကမ်းတွေကို အကောင်အထည်ဖော်ဖို့ တက္ကသိုလ်မှ ဆရာတွေ မဟုတ်တဲ့ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နဲ့ အကျဉ်းဦးစီးဌာနမှ ဘွဲ့ရအရာရှိငယ်တွေကို ခေါ်ယူပြီး ကျောင်းမှာ ခန့်အပ်လိုက်တယ်။

ဒီအချိန်မှာပဲ ဇူလိုက် ၃ ရက်မှာ သမဂ္ဂခန်းမမှာ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) က ကြီးမှူးပြီး ဆန္ဒပြပွဲတစ်ခု ပြုလုပ်တယ်။ ဇူလိုင် ၆ ရက်မှာ ညဦးမှာမန္တလေးဆောင် အပါအ၀င် အဆောင်သစ်တွေ မီးပြတ်သွားတယ်။ အဆောင်နေကျောင်းသားတွေက သူတို့မကျေနပ်ချက်တွေကို ကြွေးကြော်သံလုပ်ပြီး ဟစ်အော်ဆန္ဒပြကြတယ်။ အဆောင်မှူးဒေါက်တာခင်မောင်ဝင်းက အစိုးရိမ်လွန်ပြီး တံခါးမဖွင့်ပေးခဲ့ဘူး။ ဒီလိုနဲ့ ကျောင်းသားတွေက စုပေါင်းပြီး တံခါးကိုတွန်းဖွင့်ကာ တက္ကသိုလ်ဝင်းထဲထွက်ပြီး လှည့်လည်ဟစ်အော်ဆန္ဒပြသည်အထိ ကျယ်ပြန့်သွားတယ် ဇူလိုင် ၆ ရက် ည ၈ နာရီမှာ တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်။ နောက်တစ်နေ့ မနက် ၁၁ နာရီမှာ ကျောင်းသားထု အစည်းအဝေးကို တကသဆောက်အအုံမှာ ကျင်းပကြတယ်။ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေးက “ဗမာပြည်လွတ်လပ်ရေးရတာကြာပြီ။ ဒါပေမဲ့ ဒီကနေ့ထိ ပညာရေးက မလွတ်လပ်ဘဲ ကျွန်ပညာရေးကိုပဲ ဖာထေးပြီး သုံးစွဲနေပါတယ်။ အစိုးရအဆက်ဆက်ဟာ ပညာရေးစနစ်ကို မပြောင်းလဲဘဲ ပညာရေးစနစ်ကိုပြောင်းလဲဖို့ တောင်းဆိုတဲ့ ကျောင်းသားတွေကိုပဲ နည်းအမျိုးမျိုး ပြောင်းလဲပြီး ဖိနှိပ်ခဲ့ပါတယ်” ဖော်ပြပါ ကိုဗဆွေလေးရဲ့ မိန့်ခွန်းဟာ ယနေ့ကျောင်းသားတွေ ခံစားနေရတဲ့ ခံစားချက်တွေကို ဖော်ပြထင်ဟပ်နိုင်ခဲ့ပါတယ်။ ထိုကျောင်းသားထု စုဝေးပွဲကြီးအပြီး မွန်းလွဲ ၂ နာရီကျော်မှာ ရဲနဲ့ စစ်ထောက်လှမ်းရေးကားတွေ ရောက်လာတယ်။ အဓိပတိလမ်း၊ ခြင်္သေ့တံခါး အားကစားရုံထောင့် သထုံဆောင်ဘက်တံခါးတွေကို ပိတ်လိုက်တယ်။ စစ်သား၊ ရဲ ၂၀၀ လောက် အင်အားနဲ့ သမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တယ်။

ဒီလိုဖမ်းဆီးလိုက်ပေမယ့် ကျောင်းသားတွေက ပြိုကွဲမသွားဘူး။ အဆောင်တိုင်းက ကျောင်းသားတိုင်းထွက်လာကြတယ်။ “ပလိပ် အလိုမရှိ။ ရဲအလိုမရှိ” လို့ လိုက်ဖမ်းနေတဲ့ ပလိပ်တွေကို အော်ထုတ်တယ်။ နောက်တော့ ရဲတွေအပြင် စစ်ကားတွေပါ ဆိုက်ရောက်လာတယ်။ ဇူလိုင် ၇ ရက် ညနေ ၆ နာရီကစပြီး လက်နက်များနဲ့ စတင်ပစ်ခတ်ပါတော့တယ်။ ဒါကိုရိပ်စားမိတဲ့ ကျောင်းသားခေါင်းဆောင် အချို့က တာဝန်ခွဲဝေယူပြီး ရှောင်ထွက်သွားကြတယ်။ အခြေအနေကို ထိန်းသိမ်းဖို့ ခေါင်းဆောင်အချို့က ကျောင်းသားထုနဲ့ အတူနေရစ်ခဲ့ကြတယ်။

အချုပ်ကားပြာကြီးတွေကလည်း စပီကာတပ်ကာ ပုဒ်မ ၁၄၄ ကို ကျောင်းဝင်းထဲလိုက်အော်တယ်။ ဒီလိုပြေးတဲ့ ကျောင်းသားကပြေး။ သမဂ္ဂအဆောက်အအုံထဲ ၀င်ပုန်းသူကပုန်း။ တစ်ညလုံးမအိပ်နိုင်ဘဲ ဒေါသတွေ၊ စိတ်သောကတွေ၊ စိုးရိမ်မှုတွေ၊ သတ္တိတွေစတဲ့ စိတ်ခံစားချက်တွေကို တလှိုက်လှိုက်ခံစားရင်း တစ်ညတာဟာ ကုန်ဆုံးလာခဲ့တယ်။

တထိတ်ထိတ် ရင်ခုန်ရင်း တဆစ်ဆစ် ဒေါသထွက်ရင်း ဇူလိုင် ၈ ရက်ကို ကူးလာတယ်။ ပြည်သူတို့နဲ့ သား၊ သမီးတွေ လူပျိုဖော် အလွန်၊ လူရွယ်တက်သစ်တွေ၊ နိုင်ငံအညွန့် အဖူးပညာတတ်တွေကို အာဏာရှင်တွေက စာနာကရုဏာ ပြလာလိမ့်နိုးမျှော်ကိုးနေမိတဲ့ ကျောင်းသားတွေ၊ နောက်ကျမှ မှားမှန်းသိလိုက်ရတယ်။

ဇူလိုင် ၈ ရက် မနက် အရုဏ်ဦးအချိန် သမိုင်းဝင်သမဂ္ဂ အဆောက်အအုံနဲ့ အနာဂတ် ရတနာလူငယ်များကို ဒိုင်းနမိုက်နဲ့ ရက်စက်စွာ ဖြိုခွဲလိုက်ပါတော့တယ်။ လူတွေသာမက အဆောက်အအုံပါ ကြေမွမြေခခဲ့ရပါတော့တယ်။ ဒဏ်ရာရကျောင်းသားတွေ၊ မသေသေးတဲ့ ကျောင်းသူတွေ၊ သွေးအလိမ်းလိမ်းကို မသုတ်နိုင်ဘဲ ခြေဦးတည့်ရာပြေးသူက ပြေးကြတယ်။ အချို့က အဆောင်ထဲ၊ အချို့က အပန်းဖြေရိပ်သာ၊ အချို့က အဓိပတိလမ်းတစ်လျှောက်။ အချို့က ဘွဲ့နှင်းသဘင်ခန်းမဆီ။ ရှိသမျှအား၊ ကျန်သမျှခွန်နဲ့ ပြေးလွှားနေကြပေမယ့်။ အချို့က သစ်ပုပ်ပင်ရင်းမှာ လဲကုန်တယ်။ တချို့က စိန်ပန်းပွင့်တွေ ပေါ်ပစ်ကျကုန်တယ်။ သစ်ပုပ်ပင်ခမျာ လဲကျလာသူတွေကို ထူမပေးနိုင်ခဲ့ဘူး။ စီးကျလာတဲ့ သွေးနဲ့မျက်ရည်တွေက သစ်ပုတ်ပင်အပြစ်တွေပေါ် ပေကျံလိမ်းနေပြီ။ သမိုင်းတစ်လျှောက် ဒီလောက်ရိုင်းပျတဲ့ ဖြစ်ရပ်အတွက် သစ်ကိုင်းတွေ ယီးလေးခို စီးဆင်းလာတာဟာ မျက်ရည်လား။ မိုးစက်လား။ မခွဲခြားနိုင်တော့ဘူး။

ထို့အတူ ပင်ခြေရင်းမှာဖွေးနေတဲ့ စိန်ပန်းရဲ့ နီစွေးစွေးပွင့်ဖတ်တွေဟာ ကျောင်းသားတွေရဲ့ အရိုက်နှက်ခံကြောင့်ကျလာတဲ့ သွေးရောင်လား။ ပွင့်ဖတ်တို့ရဲ့ပင်ကိုအနီရောင်လား။ မခွဲခြားနိုင်တော့ဘူး။ ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမှာကြဲပြန့်နေ...။ ကံ့ကော်ပန်းတွေနဲ့အတူ သူနဲ့တွေ့ရာနယ်မြေ။ တက္ကသိုလ်... သို့မဟုတ် မြကျွန်းသာ အင်းလျားကန်မြေ...

စိန်ပန်းတွေကို လွမ်းမိတယ်။ သစ်ပုပ်ပင်ကို သတိရတယ်။ ချစ်သူကိုလွမ်းတာထက်၊ မြတ်နိုးသူကို သတိရတာထက်ပိုတယ်။ သေသောသူကြာရင်မေ့လို့ရပေမယ့် တကသက သေသေးတာမှ မဟုတ်တာပဲ။ အသက်မရှင်စေချင်သူတွေက အသက်ကိုနုတ်ဖို့ ကြိုးစားနေခဲ့တာကြပြီ။ ကျောင်းသားတွေရဲ့ ၀ိညာဉ်နဲ့ပူး ကပ်တည်ဆောက်ထားတဲ့ တကသအဆောက်အအုံကို မြူမှုန်အဖြစ် ဘ၀ပြောင်းအောင် ချေမှုန်းလိုက်ကြတယ်။ မြေစာပုံဘ၀ရောက်ခဲ့တာ ခုဆိုနှစ်ပေါင်း ၅၅ နှစ်တိုင်ခဲ့ပါပြီ။ ချစ်သူတွေဆို ချစ်သက်တမ်းနှစ်ပေါင်း ၆၀ နီးပါး ရှိနေပါပြီ။ ဆိုတော့ ချစ်သက်တမ်းက အိုမင်းနေပြီ။ သစ်ပုပ်ပင်လည်း အိုလာပြီ။

ဒီဖြစ်ရပ်ဟာ အချိန်တိုက်စားမှုကြောင့် ဟိုရှေးရှေးတုန်းကလို့ ပြောချင်ပြောကြပေလိမ့်မယ်။ သမိုင်းထဲကကျန်ခဲ့ပြီလို့ ဆိုကြလိမ့်မယ်။ ဒါပေမဲ့ သမိုင်းမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သစ်ပုပ်ပင်၊ စိန်ပန်းပင်တို့က ဒီဖြစ်ရပ်ဟာ လတ်ဆတ်ဆဲ။ ခံစားရဆဲ။ ရင်နာရဆဲ။ လက်သီးဆုပ်တွေ ဖြေလို့မရသေးဘူး။ အံတွေတ ကြိတ်ကြိတ် ကြိတ်နေမိသေးတယ်။ ဒီကွက်လပ်ကိုမြင်တိုင်း၊ အသက်တွေရပ်သွားသလိုပွဲ။ ပင်သက်မိစွာ မမြင်ရတော့တဲ့ တကသ အဆောက်အအုံကြီးကို ရမ်းရော်ကြည့်နေမိတယ်။ မှန်းမျှော်အကောင်အထည် ဖော်နေမိတယ်။ ပျော်ပျော်ပါးပါး အုတ်မြစ်ချဖို့ မျှော်နေမိတယ်။

ဘယ်သူတွေက ဘယ်အချိန်မှာ စုစည်း ညီညွတ်စွာ ထီးလိုမင်းလို အားလုံးစိတ်အလို ပြည့်ပြည့်ဝိုင်းဝန်း အုတ်မြစ်ချနိုင်ကြမှာလဲ။ သစ်ပုပ်ပင်အို မငိုတဲ့နေ့၊ စိန်ပန်းပင်တို့လန်းတဲ့နေ့၊ တို့ကျောင်းသားတို့ တစုတစည်းတည်း ပေါင်းစည်းမိတဲ့နေ့။ အဲဒီနေ့ အဲဒီအချိန်ကို နောင်မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းပေးနိုင်ဖို့ စိတ်အားထက်သန်စွာ စောင့်နေမိတယ်။ မြေသားအထက်မှာ၊ ပေါင်းမြက်တို့ကြားမှာ အဓိပတိလမ်းမရဲ့ နံဘေးမှာ၊ ဘွဲ့နှင်းသဘင်ခန်းမရဲ့ မလှမ်းမကမ်းမှာ၊ တက္ကသိုလ်ဝင်းထဲမှာ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအတွက် လက်တွေ့ဘ၀သင်ခန်းစာ သင်ပေးရာ၊ နိုင်ငံရေးလေ့ကျင့်ခန်းဆင်းရာ လောကရဲ့ အတွေးအမြင်သစ်များ မွေးဖွားရာ၊ အမှန်တရားများကို ရဲရင့်ရင်ဆိုင် တိုက်ပွဲဝင်ရာ၊ ဘူမိနက်သန်အောင်မြေမှန်တဲ့ တက္ကသိုလ်ကျောင်းသားတို့ရဲ့ သမဂ္ဂအဆောက်အအုံကြီးကို သစ်ပုပ်ပင်၊ စိန်ပန်းပင်၊ ကံ့ကော်ပင်တို့နဲ့အတူ မျှော်လင့်လျက် ပြန်လည်တည်ဆောက်ကြဖို့ အချိန်တန်ပါပြီ။ ငြင်းခုံပွဲတွေ၊ မကျေနပ်ချက်တွေကို သင်ပုန်းချေကြဖို့ လိုအပ်နေပါပြီ။

သမိုင်းထဲမှာ သူလည်းသူရဲကောင်းဖြစ်ခဲ့သလို ကိုယ်လည်းသူရဲကောင်းတစ်ယောက်ပါပဲ။ ခုအချိန်က သူရဲကောင်းရွေးချယ်ရမယ့် ကာလမဟုတ်တော့ပါဘူး။ တကယ်တမ်း ထောက်ထားရမယ့် အချက်က သစ်ပုပ်ပင်ရဲ့ ငိုညည်းသံ၊ စိန်ပန်းပွင့်တို့ရဲ့နွမ်းလျဟန်၊ ကံ့ကော်တို့ရဲ့ လှိုက်မောသံ၊ ကျဆုံးပြီးသော ကျောင်းသားတို့၏ သန္ဓိဋ္ဌာန်၊ တကသ၊ ရကသ မျိုးဆက်သစ်တို့ရဲ့ အနာဂတ်အဓိဋ္ဌာန်၊ တက္ကသိုလ်ဟာ တက္ကသိုလ်ဂုဏ်သိက္ခာ ပြည့်ဝရေးတို့ပဲ ဖြစ်တယ်။
ရှင်သန်ဆဲသစ်ပုပ်ပင်နှင့် ကျဆုံးပြီးသော ကျောင်းသားများအောက်မေ့လျက်၊ တကသ၊ ရကသမျိုးဆက်သစ်တို့အား သမိုင်းမှတ်တမ်းမပျောက်စေရန် ရည်ရွယ်လျက် ဇူလိုင်ဆဲဗင်းကို ဂုဏ်ပြုရေးသားလိုက်ရပါတယ်။

Eleven Media Group

No comments:

Post a Comment