Latest News

Thursday, July 6, 2017

မိုးဦးကျ

မိုးဦးကျ

ဇွန် ၁ ရက်ကစပြီး မြန်မာပြည်ထဲကို မုတ်သုံစတင်ဝင်ရောက်လာပြီလို့ ဖတ်လိုက်ရပေမယ့် ကျွန်တော်တို့နေတဲ့ မြန်မာပြည်အလယ်ပိုင်းကိုတော့ မုတ်သုံက လက်ရှောင်နေပုံရပါတယ်။ မုတ်သုံဝင်ပြီး နှစ်ပတ်လောက် ကြာတဲ့အထိ မိုးတစ်ပေါက်မှ မကျသေးပါဘူး။

ဒါပေမဲ့ ဘင်္ဂလားပင်လယ်အော်မှာလေ ဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး မုန်တိုင်းငယ် အားကောင်းလာချိန်မှာတော့ မိုးကအဆက်မပြတ် ရွာတော့တာပါပဲ။ ရွာလိုက်သမှ တစ်နေ့လုံးရွာ တစ်ညလုံးရွာ ပြတ်တယ်ကို မရှိတော့ပါဘူး။ နေ့စဉ်ရက်ဆက်ရွာတဲ့ မိုးကြောင့် အခုတော့ ဖုန်တထောင်းထောင်း ထနေတဲ့လမ်းတွေပေါ်မှာလည်း ရေတွေလွှမ်းသွားပါတယ်။ ရေမြောင်းတွေထဲမှာလည်း ရေတွေပြည့်လျှံလို့သာ နေပါတော့တယ်။ တစ်ရက်မပြတ်ရွာနေတဲ့မိုးကြောင့် အပြင်လည်းမထွက်ဖြစ်။ ဈေးလည်းမသွားဖြစ်နဲ့ အိမ်မှာဖြစ်သလို ချက်ပြုတ်စားသောက်နေလိုက်တာ တစ်ရက်ကနှစ်ရက် နှစ်ရက်က သုံးရက်ဖြစ်လာတော့ အိမ်ထဲမှာနေရတာကလည်း ညောင်းလာ။ စိုစိုဖတ်ဖတ်ကလေးလည်း စားချင်တာနဲ့ တစ်ရက်ဈေးထဲကို ရောက်သွားပြီး ဈေးတော်တာနဲ့ ငါးကလေးတွေ ၀ယ်လာခဲ့တယ်။ အဲဒါ အိမ်ရောက်လို့ ဗိုက်ဖောက်လိုက်ကာမှ တစ်ကောင်ဖောက်လည်း ဗိုက်ထဲမှာဥတွေနဲ့။ နောက်တစ်ကောင်ဖောက်လည်း ဗိုက်ထဲမှာ ဥတွေချည်းတွေ့နေရတော့ ဆက်ပြီးကိုင်ရမှာတောင် လက်တွေတွန့်သွားမိတယ်။

တကယ်လည်း ကိုယ်စားလိုက်ရတာက ငါးတစ်ကောင် ထမင်းတစ်လုတ်စာပဲရှိတယ် ဆိုပေမယ့် သူ့ဗိုက်ထဲမှာ ထောင်နဲ့သောင်းနဲ့ချီတဲ့ ငါးဥကလေးတွေက သားပေါက်လာခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးနဲ့ ၀ယ်လာခဲ့တဲ့ ငါးကလေးတွေကိုကြည့်ပြီး နှမြောနေမိတယ်။ ပြောရရင် အခုလို မိုးဦးကျမှာ မြစ်ထဲ၊ ချောင်းထဲ၊ လယ်ထဲ၊ ရိုးထဲမှာရှိတဲ့ ရေသတ္တ၀ါလေးတွေ ဥချကြ၊ အကောင်ပေါက်ကြနဲ့ သူတို့သဘာဝအလျောက် မျိုးပွားတဲ့အလုပ်ကို လုပ်တဲ့အချိန်ပါ။ ဒါကို သိလို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငယ်စဉ်က ဒီလိုအချိန်ဆို ကျွန်တော်တို့အရပ်မှာ ဘယ်သူမှ ငါးမရှာကြဘူး။ လယ်ထဲမှာ အလုပ်ကလည်း ရှုပ်တဲ့အချိန်မဟုတ်လား။ လယ်ထွန်၊ ပျိုးကြဲ၊ ပျိုးနုတ်၊ ကောက်စိုက်နဲ့ လက်မလည်ကြတော့ ဒီအချိန်ဆို အိမ်တိုင်းလိုလို အိမ်မှာရှိတဲ့ အလွယ်ဟင်းကလေးတွေပဲ ချက်စားကြတာများပါတယ်။ အများအားဖြင့်တော့ ခြံစည်းရိုးအစပ်က ကင်ပွန်းချဉ်လေးကို ချဉ်ရည်ကျိုပြီး ငါးရုတ်သီးထောင်း၊ ငါးခြောက်ဖုတ်နဲ့ ပဲထမင်းမြိန်ရပါတယ်။

ဒါကြောင့်လားတော့မသိဘူး။ လယ်ထဲမှာ ကောက်ပင်လေးတွေ စိမ်းပြီးကွင်းလုံးပြည့်သွားပြီဆိုတဲ့အခါ လယ်ထဲကို ငါးကလေးတွေ ရောက်လာတော့တာပဲ။ မှတ်မိသေးတယ်။ ညဘက်ဆို မီးအုပ်ဆောင်းကလေးနဲ့ တုတ်တစ်ချောင်းကိုင်ပြီး ဖားရိုက်ထွက်ရတာ ပျော်စရာကောင်းသေးတော့ ဟိုနားကြည့်လည်း မီးကလေး မှိတ်တုတ်မှိတ်တုတ်နဲ့ မိုးကလေးဖွဲဖွဲမှာ ဖားရိုက်ထွက်တဲ့လူတွေမရှားဘူး။ ကျောကုန်းက မည်းပြောင်ပြောင်၊ ဗိုက်ဖြူဖြူလေးနဲ့ ကျွန်တော်တို့အရပ်အခေါ် စားဖားတွေက လက်နှစ်လုံးသာသာ။ တစ်ညတစ်ည နှစ်ဆယ်သား၊ အစိတ်သားလောက်ရရင် နောက်နေ့ထမင်းပွဲမှာ အူစိုတော့တာပဲ။ အဲဒီဖားကို ဗိုက်ဖောက် နုတ်နုတ်စဉ်းပြီး ကြက်သွန်ဖြူနီဆီသတ်ထဲမှာ ဆားလေးသင့်ရုံထည့်ပြီးချက်။ ကျက်လောက်ပြီဆိုမှ ပင်စိမ်းလေးအုပ်လိုက်ရင် တောမှာတော့ ဟင်းကောင်းတစ်ခွက်ရတာပါပဲ။ ဒီကနေ့ ကောက်ပင်တွေ အတော်မြင့်လာတော့ ငှက်ပျောတီလို့ခေါ်တဲ့ တီနီလေးကို အစာတပ်ပြီး လယ်ထဲမှာ လက်ပေါက်ငါးမျှားကြတော့တာပဲ။ သူက လယ်ထဲမှာ မျှားတာဆိုတော့ မြစ်ထဲ၊ ချောင်းထဲမှာလို ဖော့တပ်စရာမလိုဘူး။ ငါးမျှားကြိုးထိပ်မှာ လေးသွားအောင် ခဲသီးလေးတပ်ပြီး ကောက်ပင်တွေကြားက ရေထဲကို မြှောက်လိုက်ချလိုက်နဲ့ ပေါက်ပေးရတယ်။ အဲဒီမှာ ငါးကဟပ်ပြီဆိုရင် လက်ကသိတယ်။ လွှဲမြှောက်လိုက်ရင် ငါးမျှားချိတ်မှာ တန်းလန်းတန်းလန်းနဲ့ ငါးကလေးတွေပါလာတာပဲ။ များသောအားဖြင့် ငါးရံ့ခေါင်းတိုနဲ့ ငါးခူပေါက်ကလေးတွေ ရတတ်ပါတယ်။ အိမ်ရောက်ရင် ငါးရေချိုလေးချက်၊ ငါးပိရည်ကျိုပြီး ငါးကိုထည့်ဖျော်၊ မိုးမျှော်ငရုတ်သီးလေး ထောင်းထည့်၊ သံပရာရည်လေးညှစ်လိုက်ရင် ငါးပိရည်ကောင်းကောင်းတစ်ခွက် ရတာပါပဲ။ တို့စရာကလည်း မရှားဘူး။ လယ်ထဲကရလာတဲ့ ကန်စွန်းရိုးနီလေးတွေ၊ ဖားပေါင်ကလေးတွေ၊ မှိုနားတိုလေးတွေကလည်း ငါးပိရည်ကောင်းကောင်းနဲ့ အလိုက်ဖက်ဆုံးတို့ စရာတွေပဲပေါ့။

ပြောရရင် ကျွန်တော်တို့ငယ်စဉ်နေခဲ့တဲ့ တောရွာတွေမှာ လယ်ကွင်းရှိရင် ဟင်းစားက ပူစရာကိုမလိုပါဘူး။ လူတိုင်းကလည်း ကိုယ့်တစ်မိသားစု ဟင်းစားလောက်ကလွဲပြီး ပိုမရှာကြပါဘူး။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှာတို့၊ သယံဇာတဆုံးရှုံးမှာတို့ကို ဒါလောက်တွေး တတ်လို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ လောဘတကြီးရှာရမှာကိုတော့ မလုပ်ချင်တတ်ကြဘူး။ ရှာတဲ့သူ မရှိဘူးလားဆိုတော့ ရှိပါတယ်။ သူတို့လည်း ကိုယ့်တစ်နိုင်စားလို့သောက်လို့ ဖြစ်ရုံထက် ပိုမရှာကြဘူး။ ကျွန်တော်ဆို အိမ်မှာဟင်းစားကို ဒိုင်ခံရှာတယ်။ အခုလို မိုးဦးကျဆို ၀ါးတစ်လုံးလောက်ဝယ်ပြီး နှီးထိုးတတ်တဲ့သူကို သွားပေးလိုက်တယ်။ ငါးရှဥ့်ပုံးလေး လေးငါးလုံးလောက်ရရင် ငါးရှဥ့်ထောင်တာပဲ။

ငါးရှဥ့်ပုံးက ပုလင်းခပ်ရှည်ရှည်နဲ့ ဆင်တူပါတယ်။ နှီးကိုရက်ထားတာပါ။ တစ်ဖက်က ငါးရှဥ့်ဝင်တဲ့အပေါက်ရှိပြီး ဖင်ဘက်ကိုတော့ ကောက်ရိုးနဲ့ ဆို့ထားရပါတယ်။ ငါးရှဥ့်မထောင်ခင် တစ်ရက်လောက်ကကြိုပြီး ကဏန်းအသေကောင်ကို အပုပ်ခံထားရပါတယ်။ ငါးရှဥ့်က အပုပ်အစပ်ကြိုက်တဲ့ အကောင်မျိုးမဟုတ်လား။ အဲဒါရပြီဆိုရင် ကဏန်းအသေကို ငါးရှဥ့်ပုံးထဲထည့်ပြီး ညနေစောင်းတဲ့အချိန် လယ်ထဲမှာ သွားမြှုပ်ထားလိုက်တာပါပဲ။ မနက်စောစောသွားဖော်လိုက် ရင်တော့အထဲမှာ ငါးရှဥ့်က၀င်နေပါပြီ။ တစ်ပုံးတစ်ကောင် ငါးပုံးငါးကောင် တစ်ခါတလေလည်း တစ်ပုံးထဲမှာ နှစ်ကောင်သုံးကောင် ၀င်ချင်ဝင်နေတတ်ပါတယ်။ ဟင်းစားကတော့ မပူရပါဘူး။ ငါးရှဥ့်က အင်မတန် ချွဲတဲ့အကောင်မျိုးဆိုတော့ ငါးရှဥ့်ကိုင်တဲ့ အခါပြာနဲ့ဖြစ်ဖြစ် ဖရုံရွက်နဲ့ပဲဖြစ်ဖြစ် အချွဲကုန်အောင် ပွတ်ပစ်ရပါတယ်။

အချွဲကုန်ရင် ရင်ခွဲ၊ ၀ါးထညက်ကလေးနဲ့ သီပြီးမီးကင်။ နည်းနည်းခြောက်သွားပြီဆိုရင် အတုံးကလေးတွေတုံးပြီး ခြောက်ခြောက်ကလေးချက်၊ ဆီပြန်တဲ့အခါ ပင်စိမ်းလေးအုပ်လိုက်ရင် ဒီကနေ့ ထမင်းဆိုင်တွေမှာချက်တဲ့ ငါးရှဥ့်ခြောက်စပ်လို အင်မတန်စားလို့ကောင်းတဲ့ ဟင်းတစ်မည်ရပြန်တာပါပဲ။

ငါးရှဥ့်စားရတာ ငြီးသွားပြန်တော့ လယ်ကန်သင်းမှာ ငါးတွင်းလုပ်ပြီး ငါးဖမ်းပြန်ပါတယ်။ ငါးတွင်းလုပ်ပုံက လွယ်ပါတယ်။ ရေပြည့်နေတဲ့ လယ်ကွင်းအစပ်က ကန်သင်းမှာ တစ်တောင်လောက်အနက် ပန်းကန်ပြားအ၀ိုင်းလောက်ကျယ်တဲ့ တွင်းတစ်တွင်းတူးပြီး တွင်းအစပ်ကို ချောနေအောင် ပြင်ထားရပါတယ်။ ညဘက်မိုးကလေးဖွဲဖွဲရွာလို့ ကန်သင်းကို ရေပြည့်တဲ့အခါ ငါးတွေက မျက်နှာပြင်ချောနေတဲ့ ရေအစပ်ကနေ ဟိုဘက်လယ်နဲ့ ဒီဘက်လယ်ကို ကူးကြတဲ့အခါ ငါးတွင်းထဲကို ကျပါတော့တယ်။ ဒါလည်း မနက်စောစောထပြီး သွားဖော်ရင် ဟင်းစားထက်မက ပိုပိုမိုမိုရတတ်ပါတယ်။ တစ်ခါတလေ ငါးအကျများတဲ့အခါ ကုန်အောင်မစားနိုင်လို့ ရေအိုးထဲမှာ ရေထည့်ပြီး မွေးထားရပါသေးတယ်။ နောင်စားချင်မှ ဖမ်းပြီးချက်စားကြတာမျိုးပါ။ ဒါလည်း လူတိုင်းလိုလို လုပ်ကြပါတယ်။ ရောင်းစားကြတာကတော့ မရှိသလောက်ပါပဲ။ ဒါကြောင့်ပဲလားတော့မသိဘူး။ ငယ်စဉ် လယ်တွေထဲမှာ ငါးကအရမ်းပေါတာပဲ။ ဒါပေမဲ့ အခုတော့ မရှိတော့ဘူး။

ဘယ်ရှိနိုင်မှာလဲ။ အခုခေတ်လူငယ်တွေက ကျဉ်စက်နဲ့တို့ပြီး ငါးဖမ်းကုန်ကြတာ မဟုတ်လား။ ဒီကျဉ်စက်ကလည်း အိတ်ဘို့၊ နိုင်းဘို့ ဘက်ထရီနဲ့ တုတ်တံမှာရှော့ခ်တိုက်ပြီး ဖမ်းကြတာဆိုတော့ ငါးအကြီးတွေတင် မဟုတ်ဘူး။ ငါးအသေးလေးတွေပါ သေကြရတယ်။ တွင်းထဲမှာနေတဲ့ငါးရှဥ့်တောင် မခံနိုင်ဘူး။ ပြောရရင် ကိုယ်စားရုံလောက်မဟုတ်တော့ဘူး။ မြိုးမြိုးမြက်မြက် ရောင်းစားလို့ရအောင်ကို အတင်းကာရော ရှာနေကြတာမဟုတ်လား။ ဒါကြောင့် လယ်ကွင်းတွေထဲသွားမကြည့်နဲ့ ငါးမရှိတော့ဘူး။ ငါးရှဥ့်ဆိုတာလည်း ဖမ်းလိုက်ကြတာ။ လူတစ်ယောက် တစ်ယောက်ကို ငါးရှဥ့်ပုံး လေးငါးဆယ်လောက်နဲ့ နေ့စဉ်ရက်ဆက်ကို ရှာနေကြတာ။ ရသမျှကိုလည်း ဒိုင်သွင်းပြီး ရောင်းကြတယ်။ တရုတ်ကိုလည်း တင်တယ်ပြောတာပဲ။ ကြာတော့ လယ်ထဲမှာ ငါးရှဥ့်မျိုးလည်း ပြုတ်တာပဲ။

အခုလည်းကြည့်လေ ဈေးထဲမှာ မိုးဦးကျပဲရှိသေးတယ်။ ငါးသေးငါးသန်လေးတွေဆိုတာ ဘယ်လိုရှာကြတယ် မဆိုနိုင်ဘူး။ ဖွေးနေတာပဲ။ သူတို့ခမျာ ဥတွေလွယ်ပြီး မပေါက်ခင်မှာ ဈေးထဲကို ရောက်ရရှာတယ်။ ဒီအတိုင်းဆက်သွားရင် မြစ်ထဲချောင်းထဲမှာလည်း နောင်ကိုငါးတွေ့ရပါဦးမလား မဆိုနိုင်ဘူး။ တကယ်တော့ မိုးဦးကျဆိုတာ ရေသတ္တ၀ါလေးတွေ ဥဥကြ ပေါက်ပွားကြတဲ့အချိန်ပါ။ ဒီအချိန်လေးကို ရှောင်ရှားလိုက်ရင် နောင်ကို ဒီထက် ၁၀ ဆ အဆတစ်ရာပိုတဲ့ငါးတွေ ကျွန်တော်တို့ စားနိုင်ကြမှာပါ။ ဒါလေးတွေး မိတော့ ၀ယ်လာတဲ့ငါးလေးတွေကြည့်ပြီး နှမြောနေမိတယ်။

သြော် မိုးဦးကျ…မိုးဦးကျ မိုးရွာတာနဲ့ မမျှအောင် မိုးကလည်း တဂျိန်းဂျိန်းနဲ့ ခြိမ်းနေတုန်းပါလားနော်။

Eleven Media Group

No comments:

Post a Comment

Blog Archive