Latest News

Thursday, July 6, 2017

ကျောင်းသားသမဂ္ဂဆိုသည်မှာ

ကျောင်းသားသမဂ္ဂဆိုသည်မှာ

၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်ကြသဖြင့် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ကာ သပိတ်မှောက်ခဲ့ကြရာမှ အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့ရသည်။

အာဏာပိုင်တို့၏ လိုက်လျောမှုအချို့

၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီအုပ်ချုပ်ရေးကို စတင်ခဲ့ပြီးနောက် ၀ိုင်အမ်ဘီအေ စတင်တည်ထောင်ရာ၌ ပါဝင်ခဲ့သူ အမ်အေမောင်ကြီးသည် ပညာရေးဝန်ကြီးချုပ်ဖြစ်လာရာ သူ၏လက်ထက်တွင် သပိတ်မှောက်ကျောင်းသားများ တက္ကသိုလ်ပြန်လည် တက်ရောက်နိုင်ရန် စီစဉ်ပေးခဲ့သည်။ ထို့အတူ ဥပဒေပြု အမတ်ဖြစ်လာသူ ဦးဘဘေကလည်း ၁၉၂၃ ခုနှစ် နိုဝင်ဘာတွင် ရန်ကုန်တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပေးရန် ဥပဒေပြုကောင်စီသို့ တင်သွင်းခဲ့သည်။ ယင်းပြင်ဆင်ချက်ဥပဒေကို အိန္ဒိယဘုရင်ခံချုပ်က ၁၉၂၄ ခုနှစ် ဧပြီတွင် လက်ခံအတည်ပြုပေးခဲ့သည်။

ကျောင်းသားသမဂ္ဂတည်ထောင်ရေး

ဗြိတိသျှအာဏာပိုင်တို့၏ လိုက်လျောမှု အချို့ကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အနေဖြင့် အခြားအနောက်နိုင်ငံ တက္ကသိုလ်ကြီးများရှိ လူမှုရေး၊ပညာရေး၊ ဆက်ဆံပေါင်းသင်းရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင်ရန် စိတ်ကူးမိကြ၏။ ထိုစဉ်က တက္ကသိုလ်အဓိပတိလည်းဖြစ်၊ မြန်မာပြည်ဘုရင်ခံလည်းဖြစ်သော ဆာဟာကုတ်ဘတ္တလာက သဘောတူညီသဖြင့် ၁၉၂၆ ခု နှစ်တွင် ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် အခြေအနေ ပေါ်ပေါက်လာခဲ့သည်။

ဆာဟာကုတ်ဘတ္တလာက ဆန်စက်သူဌေးဦးညိုအား တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ပေးရန် မေတ္တာရပ်ခံခဲ့ရာ ဦးညိုက ငွေကျပ် ၁၇၀၀၀၀ ကို လှူဒါန်းခဲ့သည်။ သို့ဖြင့် ၁၉၂၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ စတင်တည်ဆောက်ခဲ့သည်။ ၅ ဒီဇင်ဘာ ၁၉၂၇ တွင် ယင်းအဆောက်အအုံကို ဆာဟာကုတ် ဘတ္တလာက အုတ်မြစ်ချပေးခဲ့သည်။

ခေတ်ကာလအခြေအနေ

ကျောင်းသားသမဂ္ဂ တည်ဆောက်ချိန်က တက္ကသိုလ်ကျောင်းသားအများစုသည် ဘွဲ့၊ ဒီဂရီရရှိပြီး အစိုးရအလုပ်ကောင်းကောင်း ရရှိရေးကိုသာ အလေးထားခဲ့ကြသည်။ ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲများဖြင့်သာ တက္ကသိုလ်ကျောင်းသားဘ၀ ပြည့်စုံလုံလောက်ပြီဟု အထင်ရှိကြဟန်တူပါသည်။ ထိုစဉ်ကသာ တက္ကသိုလ်ကျောင်းသားသမဂ္ဂသည် ဗြိတိသျှအာဏာပိုင်တို့အား အံတုတွန်းလှန်မည့် နယ်ချဲ့ဆန့်ကျင်ရေးဌာနချုပ် ဖြစ်လာလိမ့်မည်ဟု သိရှိခဲ့လျှင် ဗြိတိသျှအာဏာပိုင်တို့က တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး တည်ဆောက်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ထို့အတူ ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့သည့် သူဌေးဦးညိုသည်လည်း ဒေါက်တာဦးညိုဟူ၍ ဖြစ်လာစရာ အကြောင်းရှိလိမ့်မည် မဟုတ်ပေ။

သမဂ္ဂကျောင်းတိုက်

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးက ၁၉၃၀ ပြည့်နှစ် နွေရာသီ ကျောင်းပိတ်ရက်မတိုင်မီ သုံးလခန့်အလို ဇွန်လပိုင်းတွင် ပြီးစီးသွားခဲ့သည်။ အစောပိုင်းကာလက ယင်းအဆောက်အအုံကို သမဂ္ဂကျောင်းတိုက်ဟု ခေါ်ဆိုခဲ့ကြသည်။ သမဂ္ဂကျောင်းတိုက်ကြီး ဖွင့်လှစ်လိုက်ချိန်တွင် အမျိုးသားရေးလှုပ်ရှားမှုများ စတင်နေပြီဖြစ်ပြီး သခင်ဘသောင်းဦးဆောင်သော တို့ဗမာအစည်းအရုံးသည်လည်း ဖွဲ့စည်းပြီးသွားပြီ ဖြစ်ပါသည်။

တို့ဗမာသီချင်း

၁၉ ဇူလိုင် ၁၉၃၀ တွင် ရန်ကုန်တက္ကသိုလ် သထုံကျောင်းဆောင် သဟာယနှင့် စာဖတ်ခန်းတွင် ၀ိုင်အမ်ဘီသခင်တင် ရေးစပ်သီကုံးသော တို့ဗမာသီချင်းကို စတင်သီဆိုခဲ့ကြသည်။ ယင်းအစီအစဉ်ကို  ဦးဆောင်စီစဉ်ခဲ့ကြသူများက ရန်ကုန်တက္ကသိုလ်ဘာသာ ပြန်နည်းပြဆရာ ကိုဘသောင်း (သခင်ဘသောင်း)၊ အက္ခရာ သင်္ချာနည်းပြဆရာကိုထွန်းရှိန်နှင့် ကျောင်းသားကိုနုတို့ ဖြစ်ကြသည်။ တို့ဗမာသီချင်းကြောင့် ကျောင်းသားများ မျိုးချစ်စိတ်ဓာတ် တက်ကြွလာကြသည်။

(တကသ) စတင်ဖွဲ့စည်းခြင်း

တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ က သ) အဆောက်အအုံကြီး တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သော်လည်း တကသအဖွဲ့က မဖွဲ့စည်းရသေးပေ။ သို့ဖြင့် ၁၂ စက်တင်ဘာ ၁၉၃၀ တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုကျော်ခင်၊ ကိုတင့်ဆွေနှင့် ကိုဘဂျမ်းတို့က ရန်ကုန်တက္ကသိုလ်ကိုယ်စား အဓိပတိတရား သူကြီးဦးဘနှင့် သွားရောက်တွေ့ဆုံကာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ စည်းမျဉ်းရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းခွင့်ရရှိရန် ဆွေးနွေးခဲ့သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ် အဓိပတိ ဘုရင်ခံဆာချားလ်(စ်)အလက်ဇန္ဒား အင်္ဂလန်ပြန်သွား၍ ဆာဂျေအေမောင်ကြီး ခေတ္တဘုရင်ခံဖြစ်နေချိန် ဖြစ်သည်။

ခွင့်ပြုချက်ရရှိသဖြင့် ၂၀ စက်တင်ဘာ ၁၉၃၀ တွင် တက္ကသိုလ်အားကစားရုံ၌ ကျောင်းသားထု အစည်းအဝေးတစ်ရပ် ကျင်းပကာ (တကသ) ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြပြီး စည်းမျဉ်းရေးဆွဲရေး ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ကြသည်။ ယင်းကော်မတီ၏ဥက္ကဋ္ဌမှာ ကိုကျော်ခင်ဖြစ်သည်။

ပထမဆုံးအမှုဆောင်အဖွဲ့

စည်းမျဉ်းရေးဆွဲရေး ကော်မတီက တကသဖွဲ့စည်းရေး စည်းမျဉ်းများရေးကာ ၉ ဇန်န၀ါရီ ၁၉၃၁ တွင် ကျောင်းသားထုအစည်းအဝေးခေါ်ယူလျက် အတည်ပြုခဲ့ကြသည်။ ထို့နောက် ၁၉၃၀-၁၉၃၁ ခုနှစ်အတွက် တကသအမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့ကြရာ ဥက္ကဋ္ဌကိုကျော်ခင်၊ အတွင်းရေးမှူး ကိုရာရှစ်တို့အား ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ဤတွင် တကသဖွဲ့စည်းပုံ စည်းမျဉ်းမှာ အောက်(စ်)ဖို့ဒ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံကိုယူ၍  ရေးဆွဲထားကြောင်း ကိုသိန်းဖေ (ဦးသိန်းဖေမြင့်) က ဆိုပါသည်။ ယင်းမူအရ ကျောင်းသားများ မိမိတို့အရေး ကိစ္စကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်ကြရေး၊ ပညာရေးလုပ်ငန်းများ တတ်စွမ်းသမျှ ဆောင်ရွက်ကြရေး၊ စကားရည်လုပွဲများ ကျင်းပရေးစသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

(တကသ) ဥက္ကဋ္ဌအဆက်ဆက်

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်၊ ပါလီမန်ခေတ်တစ်လျှောက် ရှင်သန်နေစေရန် တက္ကသိုလ်ကျောင်းသားများက ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ (တကသ)ဥက္ကဋ္ဌ အဆက်ဆက်မှာ ကိုကျော်ခင်၊ ကိုထွန်းစိန်၊ ကိုဘိုးကူး၊ ကိုစံဖော်အောင်၊ ကိုသိန်းမောင်၊ ကိုဖိုးအေး၊ ကိုနု၊ ကိုရာရှစ်၊ ကိုဘဂျမ်း၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ၊ ကိုဗဆွေ၊ ကိုလှမောင်၊ ကိုသန်း၊ ကိုသန်းမောင်၊ ကိုစိန်လှ၊ ကိုရန်ဝေး၊ ကိုမောင်မောင်ကျော်၊ ကိုကိုလေး၊ ကိုစိန်ဘန်း၊ ကိုကိုကြီး၊ ကိုတင်ထွန်း၊ ကိုတင်ထွန်း (နတ်မောက်)၊ ကိုစသိန်းဟန်၊ ကိုခင်မောင်အုန်း၊ ကိုတင်အေး၊ ကိုဗဆွေလေးတို့ ဖြစ်ကြသည်။

ဒုတိယကျောင်းသားသပိတ်

အိုးဝေမဂ္ဂဇင်းသည် (တကသ) အာဘော်ဟု ဆိုနိုင်ပါသည်။ အိုးဝေမဂ္ဂဇင်းကို တကသတည်ထောင်စ ၁၉၃၁ခုနှစ် ဇန်န၀ါရီလကပင် စတင်ထုတ်ဝေခဲ့သည်။ ကိုအောင်ဆန်းအိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော ၁၉၃၆ ခုနှစ် ဇန်န၀ါရီလထုတ် အိုးဝေမဂ္ဂဇင်း အတွဲ(၅) အမှတ်(၁) တွင် ယမမင်းကလောင်အမည်ဖြင့် အာဏာပိုင်တို့အား ထိခိုက်စေသော Hell Hound at Large ဆောင်းပါးတိုကိုရေးသူအား ကျောင်းအုပ်ကြီးက အမည်ဖော်ထုတ်ပေးရန် တောင်းဆိုရာ ကိုအောင်ဆန်းက ငြင်းဆိုသဖြင့် ကျောင်းထုတ်ခံခဲ့ရသည်။ သို့ကြောင့်ပင် ဒုတိယကျောင်းသားသပိတ် ပေါ်ပေါက်လာခဲ့ရသည်။

ထင်ရှားသော တကသဥက္ကဋ္ဌများ

(တကသ)ဥက္ကဋ္ဌများအနက် ကိုနုသည် နောင်ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ကိုအောင်ဆန်းမှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာခဲ့သည်။ ကိုရာရှစ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ အလုပ်သမားနှင့် သတ္ထုတွင်းဝန်ကြီး၊ ကိုဘဂျမ်းသည် ၀န်ကြီး၊ ကိုဗဟိန်းသည် ရေနံမြေသပိတ်ကျောင်းသား ခေါင်းဆောင်၊ ကိုဗဆွေသည် ၀န်ကြီးချုပ် စသည်ဖြင့် ထင်ရှားသောနိုင်ငံ့ခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်။ ယင်းတကသဥက္ကဋ္ဌများထဲမှ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရသူများလည်း ရှိပါသည်။

(တကသ)နိဂုံး

အစဉ်အလာကောင်းများဖြင့် တည်ဆောက်ခဲ့ကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂသည် ၂ မတ် ၁၉၆၂ တွင် တပ်မတော်မှ အာဏာသိမ်းပိုက်ကာ ဗိုလ်ချုပ်ကြီးနေ၀င်း၏ တော်လှန်ရေးကောင်စီ တက်လာပြီးနောက် အခြေအနေများ ဆိုးရွားသွားခဲ့သည်။ ၁၀ မေ ၁၉၆၂ တွင် တက္ကသိုလ်ကောင်စီကို ဆရာများ အကျင့်ပျက်သည်၊ ကျောင်းသားများအကြား နိုင်ငံရေးပယောဂများ ၀င်နေသည်ဆိုကာ ဖျက်သိမ်းလိုက်ပြီး မေ ၁၄ ရက်တွင် အဓိပတိဗိုလ်မှူးချုပ်သန်းဖေ ဦးဆောင်လျက် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည်။ ပါမောက္ခချုပ်ဒေါက်တာသာလှ နေရာတွင် ၀န်ကြီးဟောင်းဦးကာအား အစားထိုး ခန့်အပ်ခဲ့သည်။ တက္ကသိုလ်အုပ်ချုပ်ရေးကို စည်းကမ်းသစ်များ တင်းကျပ်စွာ ချမှတ်ကာ စစ်တပ်မှ ၀င်ရောက်စွက်ဖက်ခဲ့သည်။ ၇ ဇူလိုင် ၁၉၆၂ တွင် ဥက္ကဋ္ဌကိုဗဆွေလေး ဦးဆောင်လျက် စစ်အစိုးရအာဏာသိမ်းခြင်းကို ဆန့်ကျင်ကန့်ကွက်သည့် အစည်းအဝေးအား တကသ အဆောက်အအုံ၌ ကျင်းပခဲ့သည်။

၈ ဇူလိုင် ၁၉၆၂ နံနက်လင်းအားကြီး ၄ နာရီဝန်းကျင်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးအား ဒိုင်းနမိုက်ဖြင့် ဖြိုခွဲပစ်လိုက်တော့သည်။

ကျမ်းကိုး

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းသ၀ဏ်လွှာ (၁၉၉၀ ပြည့်နှစ်ဖေဖော်ဝါရီ)
၂။ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ထွန်း)

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ဖြစ်စဉ်အကျဉ်း

၁၉၆၂ မတ် ၂ - ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တပ်မတော်မှ အရပ်သားအစိုးရထံက အာဏာအရပ်ရပ်ကို သိမ်းယူခဲ့သည်။

၁၉၆၂ မတ် ၄ - ဗကသ၊ ရကသ၊ တကသမှ စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်။

၁၉၆၂ မေ ၁၀ - ဗိုလ်ချုပ်နေ၀င်းက တက္ကသိုလ်ကောင်စီအား ခေါ်ယူကြိမ်းမောင်းခဲ့ပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းခဲ့သည်။ ထိုသို့ပြုလုပ်ချက်အား တက္ကသိုလ်ကျောင်းသားများမှ အပြင်းအထန် ကန့်ကွက်ခဲ့သည်။

၁၉၆၂ မေ ၁၁ - ပါမောက္ခချုပ်ဒေါက်တာသာလှအား နုတ်ထွက်စေခြင်း၊ ဦးဝန်(မင်းသုဝဏ်)အား ဌာနပြောင်းစေခြင်း၊ မြန်မာစာပါမောက္ခ ဦးအေးမောင်အား အငြိမ်းစားယူစေခြင်း။

၁၉၆၂ မေ ၁၄ - တော်လှန်ရေးကောင်စီ အမိန့်အမှတ်(၃၈)အား ထုတ်ပြန်ပြီး တက္ကသိုလ်ကောင်စီအား ပြန်လည်ဖွဲ့စည်းခဲ့ပြီး ထိုကောင်စီတွင် အဓိပတိအဖြစ် ဗိုလ်မှူးချုပ်သန်းဖေ၊ အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးတင်စိုး၊ ဗိုလ်မှူးကြီးသိန်းစိန်တို့ ပါဝင်ပြီး ဦးကာအား ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

၁၉၆၂ ဇွန် ၁၈ - အဆောင်စည်းကမ်း ၂၂ ချက်ကို ထုတ်ပြန်ခဲ့သည်။

၁၉၆၂ ဇူလိုင် ၆ - တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို စိတ်တိုင်းကျ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ထိုနေ့ညဘက်တွင် အဆောင်များ၌ မီးဖြတ်လိုက်သဖြင့် မန္တလေးဆောင်မှ စတင်ကာ မီးတုတ်များဖြင့် ဆန္ဒပြခဲ့ကြပြီး အမျိုးသမီးဆောင်များမှအပ ကျန်အဆောင်များအားလုံး ပါဝင်သည်။

၁၉၆၂ ဇူလိုင် ၇ - နံနက် ၁၁ နာရီတွင် ကျောင်းသားထုအစည်းအဝေး စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးသည်။ မွန်းလွဲ ၂ နာရီခန့်တွင် ကျောင်းထဲသို့ ရဲကားနှစ်စီး ၀င်ရောက်လာပြီး ကျောင်းသားခေါင်းဆောင်သုံးဦးအား ဖမ်းဆီးသဖြင့် ရဲများနှင့်ကျောင်းသားများ အဓိကရုဏ်းဖြစ်ပွားကာ ပါချုပ်ဦးကာ၏ ကားအားကျောင်းသားများမှ မီးရှို့ဖျက်ဆီးခဲ့သည်။ ညနေ ၅ နာရီခန့်တွင် တပ်ရင်း(၄)မှ ဒုဗိုလ်မှူးကြီးစိန်လွင် ဦးဆောင်ပြီး ကျောင်းသားများအား ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ကျောင်းသားရာနှင့်ချီ၍ သေဆုံးခဲ့ပြီး ထိုနေ့ညမြန်မာ့အသံမှနေ၍ ဦးနေ၀င်းက ဓားကိုဓားချင်း၊ လှံကိုလှံချင်း ရင်ဆိုင်ရန်အသင့်ဟု ကြေညာခဲ့သည်။

၁၉၆၂ ဇူလိုင် ၈ - နံနက် ၅ နာရီခန့်တွင် သမိုင်းဝင်သမဂ္ဂ အဆောက်အအုံအား မိုင်းဖြင့် ခွဲလိုက်သည်။ ရန်ကုန်ဆေးရုံအုပ်ကြီးမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာအပြင်းအထန်ရသူ ၈၆ ဦးရှိသည်ဟု ရှင်းလင်းခဲ့သည်။

အဆောက်အအုံကိုသာ ဖြိုလို့ရမယ်
အမောင်တို့ရင်ထဲက
သမဂ္ဂစိတ်ဓာတ်ကိုတော့
ဘယ်သူမှ ဖြိုလို့မရပါဘူး။

Eleven Media Group

No comments:

Post a Comment