မြို့နယ်တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ သုံးခုဖြင့် မတ္တရာမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်
တရားခွင်အတွင်း မြို့နယ်တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်သဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မသုံးခုဖြင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဇူလိုင် ၅ ရက်က မတ္တရာမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက မြို့နယ်တရားရုံး၏ အမှုစီရင်မှုအပေါ် တရားမျှတမှုမရှိနိုင်ဟုဆိုကာ ရုံးပြောင်းစစ်ဆေးခွင့်ရရှိရန် လျှောက်ထားခဲ့သည်။
တရားခွင်အတွင်း အမှုစစ်ဆေးနေစဉ် မြို့နယ်တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်သည်အထိ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ဆေးစာအတုပြုလုပ်၍ တရားခွင်သို့ တင်သွင်းသည်ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ ၄၆၈၊ ၄၇၁ တို့ဖြင့် စွဲဆိုထားသောအမှုနှင့် ပတ်သက်၍ မတ္တရာမြို့နယ်တရားရုံးက မေ ၃၀ ရက်က အာမခံအား ပြန်လည်ရုပ်သိမ်းသည့်အပေါ် ကျေနပ်မှုမရှိသဖြင့် တရားခွင်အတွင်းရှိ မြို့နယ်တရားသူကြီးအား တရားလွှတ်တော် ရှေ့နေဦးဇော်ဝင်းက အော်ဟစ်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖိနပ်ဖြင့်ပစ်ပေါက်မှုအပေါ် မတ္တရာမြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းထိန်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၈၊ ၂၉၄၊ ၃၅၃ တို့ဖြင့် မတ္တရာမြို့မရဲစခန်းတွင် အဆိုပါ အခင်းဖြစ်ပွားခဲ့သည့်နေ့၌ပင် တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
မတ္တရာမြို့နယ်တရားရုံးတွင် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို ဇူလိုင် ၅ ရက်က ရုံးထုတ်စစ်ဆေးရာ ယခင်ကနဦးစွဲဆိုထားသည့် ပုဒ်မ ၂၉၄ အစား ပုဒ်မ ၅၀၉ ဖြင့် ပြောင်းလဲစွဲဆိုထားသည်ကို တွေ့ရပြီး ပုဒ်မ ၃၅၃၊ ၅၀၉ ဖြင့် တစ်မှု၊ ပုဒ်မ ၂၂၈ ဖြင့် တစ်မှုစွဲဆိုထားကြောင်း အဆိုပါတရားရုံးမှ စုံစမ်းသိရှိရသည်။
ဇူလိုင် ၅ ရက်က ချိန်းဆိုခဲ့သည့် ရုံးချိန်းတွင် အဆိုပါအမှုတွဲနှစ်မှုအား တစ်ပြိုင်နက်ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီရုံးမှာဖြစ်ခဲ့တဲ့ကိစ္စကို ဒီတရားရုံးမှာပဲ ပြန်စွဲထားတာလေ။ ဒါကကျွန်တော့်အတွက် တရားမျှတမှုရနိုင်ပါ့မလား။ ဒါကြောင့် ကျွန်တော် ဒီနေ့ရုံးချိန်းမှာ ရုံးပြောင်းစစ်ဆေးခွင့်ရရှိဖို့ လျှောက်ထားခဲ့ပါတယ်။ အခုကျွန်တော့် ကိုစွဲဆိုထားတဲ့အမှုတွေက လွဲနေတယ်။ ပထမ အမှုတုန်းကပါခဲ့တဲ့ ပုဒ်မကိုပြင်ပစ်လိုက်တယ်။ အရင်က ၂၂၈၊ ၂၉၄၊ ၃၅၃ တို့နဲ့စွဲထားတာ။ အခု ၂၉၄ မဟုတ်တော့ဘူး။ ပုဒ်မ ၃၅၃၊ ၅၀၉ နဲ့တစ်မှု၊ ၂၂၈ နဲ့စွဲတဲ့အမှုက ဦးတိုက်လျှောက်ထားလွှာနဲ့စွဲတယ်။ ဖြစ်ရပ်တစ်ခုကို အမှုက ခွဲပစ်လိုက်တယ်။ ဒါတွေကထားတော့ ကျွန်တော် ဖြေရှင်းနိုင်ပါတယ်။ ပြောချင်တာက အမှုစဖြစ်ကတည်းက အခုအချိန်အထိ ကိုယ့်အတွက်လုပ်တာ တစ်ခုမှမပါသေးဘူး။ ပြည်သူတွေက တရားဥပဒေနဲ့ပတ်သက်ပြီး ခံနေကြရတယ်။ ဥပဒေကိုကိုင်စွဲထားသူတွေကလည်း မမှန်မကန်လုပ်နေကြတယ်။ ဒါကြောင့် အဲဒါကိုဖော်ပြီးတော့ လုပ်ခဲ့တာ။ အဲဒီလိုလုပ်ခဲ့တာက (တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့မှု) ကိုယ့်အတွက် လုပ်ခဲ့တာမဟုတ်ဘူး။ ရှေ့နေတစ်ယောက်ပါ။ ဥပဒေကိုနားလည်ပါတယ်။ တရားစီရင်ရေးစနစ်ကို သိစေချင်လို့ အိပ်ပျော်နေလို့ နှိုးလိုက်တာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ပြောကြားသည်။
“အဲဒီနေ့က ဦးဇော်ဝင်းက သူစီးထားတဲ့ ဖိနပ်တစ်ဖက်ကို ချွတ်ပြီးတော့ ပေါက်တယ်။ လူကိုတော့ မမှန်ဘူး။ တရားခွင်ရှေ့က ခုံတန်းကို မှန်သွားတယ်။ သူက ဖိနပ်နဲ့ ကျွန်မကို ပစ်ပေါက်ပြီးတော့ ပြောသေးတယ်။ ထမင်းငတ်လို့လုပ်စားရင် -ာခံစားလို့ဆိုပြီး ဆဲဆိုသွားတယ်။ အဲဒီနေ့မှာပဲ မတ္တရာမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၂၈၊ ၂၉၄၊ ၃၅၃ တို့နဲ့ တိုင်ချက်ဖွင့်လိုက်ပါတယ်” ဟု မတ္တရာ မြို့နယ်တရားသူကြီး ဒေါ်ဝင်းဝင်းထိန်က ဇွန် ၂ ရက်က အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ ပြောကြားသည်။
မြို့နယ်တရားသူကြီးအား ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့မှုကို ရာဇသတ်ကြီးဥပဒေပုဒ်မသုံးခုဖြင့် စွဲဆိုထားပြီး ပုဒ်မပြောင်းလဲမှုနှင့် အမှုနှစ်ခု ပြုလုပ်စွဲဆိုထားမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးရန်အတွက် သွားရောက်မေးမြန်းရာ တရားလိုဖြစ်သူ မြို့နယ်တရားသူကြီး မရှိခြင်းကြောင့် အမှုအားကိုင်တွယ် စစ်ဆေးလျက်ရှိသည့် မတ္တရာမြို့နယ်တွဲဖက်မြို့နယ် တရားသူကြီးအား မေးမြန်းရာ ဖြေကြားခွင့် မရှိသဖြင့် ဖြေကြား၍မရကြောင်းသာ ပြောကြားသည်။
မြို့နယ်တရားရုံးက အာမခံအားရုပ်သိမ်းခဲ့သဖြင့် တရားခွင်အတွင်းရှိ တရားသူကြီးအား ဖိနပ်ဖြင့်ပစ်ပေါက်သည်အထိ ဖြစ်ပွားခဲ့သည့် ဆေးစာအတုပြုလုပ်သည်ဟုဆိုကာ ပုဒ်မသုံးခုဖြင့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို စွဲဆိုထားသည့်အမှုမှာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၀ ဖြင့် မတ္တရာမြို့နယ်တရားရုံးက ပြီးခဲ့သည့် ဇွန် ၉ ရက်က အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်ခဲ့သည်။ ထို့ပြင် မြို့နယ်တရားသူကြီးအား ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သဖြင့် ပုဒ်မသုံးခုဖြင့် ထပ်မံစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ မတ္တရာမြို့နယ်တရားရုံးက ဇူလိုင် ၁၄ ရက်သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
Eleven Media Group
Wednesday, July 5, 2017
မြို့နယ်တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ သုံးခုဖြင့် မတ္တရာမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်
မြို့နယ်တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ သုံးခုဖြင့် မတ္တရာမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်
Reviewed by Ar Ti
on
5:23 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment