Latest News

Friday, July 14, 2017

စည်ပင်အကြီးတန်းစာရေးက အဘွားအိုတစ်ဦးတည်းရှိသော အိမ်ထဲသို့ဝင်ပြီး လုယက်

စည်ပင်အကြီးတန်းစာရေးက အဘွားအိုတစ်ဦးတည်းရှိသော အိမ်ထဲသို့ဝင်ပြီး လုယက်

ရန်ကုန်အရှေ့ပိုင်းခရိုင် စည်ပင်သန့်ရှင်းရေးဌာနမှ အကြီး တန်းစာရေး အမျိုးသမီးတစ်ဦး သည် ယမန်နေ့က တောင်ဥက္ကလာပမြို့နယ် (၁၂)ရပ်ကွက်မှ အဘွားအိုတစ်ဦးတည်း ရှိနေသည့် နေအိမ်အတွင်း  ဝင်ရောက်ကာ နေ့ခင်းကြောင်တောင် လုယက်မှုကို အိမ်နီးချင်းတာဝန်သိပြည်သူများကြောင့် ဖမ်းဆီးရမိခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် (၁၂ )ရပ်ကွက် ဘရဏီ(၁)လမ်းရှိ  နေအိမ်တစ်အိမ်တွင်  အသက် (၆၈)နှစ်အရွယ် ဒေါ်နွယ်နွယ်ဝင်း တစ်ဦးတည်းရှိနေစဉ် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က စည်ပင် ဝတ်စုံဖြင့်  အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ပိုးလောက်လမ်း များရှိ၊ မရှိ စစ်ဆေးမည်ဆိုကာ နေအိမ်အတွင်းသို့ ဝင်ခဲ့သည်။

အိမ်အတွင်းဝင်ပြီး အိမ်သာ သို့အရောက် အဆိုပါအမျိုးသမီး က အဘွားအိုအား လည်ပင်းညှစ် ကာ လက်ကောက်များနှင့်ဆွဲကြိုး ကိုချွတ်ယူပြီး အဘွားအိုကို ခြိမ်းခြောက်ကာ ဘောပင်ဖြင့် လည်ပင်းကို ထိုးခဲ့ကြောင်း လုယက်ခံရသူ၏ချွေးမ မဝေဝေမြင့်က ပြော သည်။

‘‘အမေဝတ်ထားတာ လက် ကောက် ၁၄ ကွင်း၊ ဆွဲကြိုးက တစ်ကုံး။  သူက ရုံးဝတ်စုံနဲ့ ပိုး လောက်လမ်းစစ်ဖို့ဆိုတော့ အမေ က တံခါးဖွင့်ပေးလိုက်တာ။ အိမ် မှာက  မိသားစုသုံးယောက်ရှိ တယ်။ ကျွန်မနဲ့ ကျွန်မယောက်ျား က အလုပ်သွားနေတာ။ အမေ တစ်ယောက်တည်း ကျန်ခဲ့တာ’’ ဟု မဝေဝေမြင့်က ပြောသည်။

ဘောပင်ဖြင့် လည်ပင်းအား ထိုးသဖြင့် ဒေါ်နွယ်နွယ်ဝင်းက အော်ဟစ်အကူအညီတောင်းရာ အပေါ်ထပ်အခန်းတွင် နေထိုင်သည့် ကိုပိုင်စိုးနှင့် ဘေးချင်းကပ်အိမ်မှ အမျိုးသမီးတစ်ဦးတို့ ဝင်ကြည့်ရာ အိမ်သာအတွင်း လုယက်နေသည်ကို တွေ့ရှိသဖြင့် ကိုပိုင်စိုးက လုယက်နေသူအမျိုး သမီးအား လည်ပင်းညှစ်ကာ ဖမ်း ဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ဒေါ်သီတာက ဆိုသည်။

‘‘ကျွန်မက အော်သံကြားလို့ ဝင်ကြည့်တော့ အန်တီက အိမ်သာထဲမှာ ပက်လက်ကြီး။ လုတဲ့မိန်းမ ရဲ့လက်တစ်ဖက်မှာက ဘောပင်။ နောက်တစ်ဖက်မှာက လက် ကောက်တွေနဲ့ ဆွဲကြိုးကိုင်ထား တယ်’’ဟု အခင်းဖြစ်နေအိမ်နှင့် ဘေးချင်းကပ်နေထိုင်သူ အမျိုး သမီးတစ်ဦးက ပြောသည်။

အဘွားအိုနေအိမ်ကို အနု ကြမ်းစီးခဲ့သည့် အမျိုးသမီးသည် ရန်ကုန်အရှေ့ပိုင်းခရိုင်စည်ပင် သန့်ရှင်းရေးဌာနမှ အသက်(၄၀) အရွယ် အကြီးတန်းစာရေးဒေါ်မူမူ ကျော်ဖြစ်ပြီး ၎င်းဘောပင်ဖြင့် ထိုး လိုက်သောကြောင့် ဒေါ်နွယ်နွယ် ဝင်း၏လည်ပင်းတွင် ဒဏ်ရာရရှိ သဖြင့် စံပြဆေးရုံသို့ သွားရောက် ကုသခဲ့ရကြောင်း တောင်ဥက္ကလာ ပမြို့မရဲစခန်းရဲအရာရှိတစ်ဦးက ပြောသည်။

လုယက်မှု ကျုးလွန်သော ဒေါ်မူမူကျော်ကို တောင်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
7Day News

No comments:

Post a Comment