ချင်းတွင်းမြစ်ရေသည် ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် အနည်းဆုံး တစ်ပေမှ ခြောက်ပေခန့်အထိ မြင့်တက်နေပြီး နောက်နှစ်ရက်မှ သုံးရက်ခန့်အထိ ဆက်လက်မြင့်တက်နိုင်
ချင်းတွင်းမြစ်ရေသည် ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် အနည်းဆုံး တစ်ပေမှ ခြောက်ပေခန့်အထိ မြင့်တက်နေပြီး နောက်နှစ်ရက်မှ သုံးရက်ခန့်အထိ ဆက်လက် မြင့်တက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
“ပခုက္ကူမှာ နှစ်လက်မ၊ ညောင်ဦးမှာ တစ်ပေခန့် စိုးရိမ်ရေမှတ်ကို ကျော်နေတယ်။ နောက်သုံးရက်အတွင်းမှာတော့ အဲဒီမြို့နှစ် မြို့မှာနောက်ထပ် တစ်ပေလောက်တက်နိုင်သေးတယ်။ ချင်းတွင်းမြစ်မှာဆိုရင်တော့ ခန္တီးက ကျသွားပြီ။ ဟုမ္မလင်းကတော့ စိုးရိမ်ရေမှတ်ထက်မှာ နှစ်ပေခွဲလောက် ရှိသေးတယ်။ နောက်နှစ်ရက်လောက်ဆိုရင် စိုးရိမ်ရေမှတ်အောက်ကို ရောက်သွားမှာ။ အဲဒီလိုမျိုးပဲ ချင်းတွင်းမြစ်ရဲ့ ဖောင်းပြင်မှာဆိုရင်တော့ သုံးပေခန့် ရှိတယ်။ မော်လိုက်မြို့မှာတော့ ခုနစ်ပေခွဲခန့် စိုးရိမ်ရေမှတ်အထက်မှာ ကျော်ရောက်နေတယ်။ နောက်နှစ်ရက်အတွင်းမှာ ဖောင်းပြင်မှာ နှစ်ပေလောက်ကျမယ်။ မော်လိုက်မှာ တစ်ပေခွဲလောက် ကျနိုင်တယ်။ အဲဒီလိုမျိုးပဲ ချင်းတွင်းမြစ်၊ ကလေးဝနဲ့ မင်းကင်းမှာ ခြောက်ပေလောက် စိုးရိမ်ရေမှတ် ရောက်နေတယ်။ နောက်ပြီးတော့ ကနီမှာတော့ စိုးရိမ်ရေမှတ် အထက်မှာ တစ်ပေလောက် ရောက်နေတယ်။ မုံရွာမှာတော့ စိုးရိမ်ရေမှတ်အထက်ကို နှစ်ပေခွဲလောက် မြင့်တက်နေတဲ့ အနေအထားရှိတယ်။ နောက်နှစ်ရက်အတွင်းမှာ ကလေးဝရယ် မင်းကင်းမှာ ပေ၀က်လောက် ဆက်တက်မယ်။ နောက်နှစ်ရက်အတွင်း ကနီမှာ တစ်ပေ၊ နောက်သုံးရက်အတွင်းမှာ မုံရွာမှာ တစ်ပေလောက် ထပ်ပြီးတက်လာနိုင်တဲ့ အနေအထား ရှိတယ်။ င၀န်မြစ်က ငါးသိုင်းချောင်းမှာ သူ့ရဲ့ စိုးရိမ်ရေမှတ်ထက် တစ်လက်မလောက် ကျော်သွားတယ်။ နောက်သုံးရက်အတွင်းမှာ တစ်ပေလောက် ဆက်လက်မြင့်တက်လာနိုင်သေးတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင်လ ဇလဗေဒခန့်မှန်းချက်တွင် ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း မြို့၊ ကနီနှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ မကွေး၊ မင်းဘူး၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ဒုဋ္ဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် တစ်ကြိမ်ခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ကြိမ်ခန့်နှင့် ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။
မိုးတွင်းကာလ ဇွန်မှ အောက်တိုဘာလအတွင်း မြစ်ရေကြီးမှု ဖြစ်ပေါ်လေ့ရှိပြီး ဇူလိုင်နှင့် သြဂုတ်လတို့တွင် မြစ်ရေကြီးမှုအများဆုံး ဖြစ်ပွားကြောင်း သိရသည်။
မိုးတွင်းကာလ၌ မြစ်ဝှမ်းဒေသတွင် အချိန်ကြာကြာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်းဖြတ်ကျော် ၀င်ရောက်စဉ် မိုးထစ်ချုန်း ရွာသွန်းခြင်း၊ မြစ်ဖျားဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆည်၊ ရေကာတာကြီးများ ကျိုးပေါက်ခြင်းများကြောင့် မြစ်ရေကြီးမှု ဖြစ်ပွားတတ်ကြောင်း သိရသည်။
မြစ်ရေကြီးပါက လူနေအိမ်များ၊ ရပ်ကွက်များ ရေ၀င်နစ်မြုပ်နိုင်ခြင်း၊ လယ်ယာသုံး ကိရိယာများ၊ မျိုးစေ့များ၊ သီးနှံစိုက်ခင်းများ၊ ရိတ်သိမ်းပြီးသီးနှံနှင့် သိုလှောင်ရိက္ခာများ ရေနစ်မြုပ် ပျက်စီးနိုင်ခြင်း၊ ရေတွင်မျောပါလာသော အပျက်အစီးများဖြင့် တိုက်မိခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိနိုင်ခြင်း၊ ရေတိုက်စားခြင်းကြောင့် မြေပြိုခြင်းနှင့် လျှပ်တစ်ပြက်ရေကြီး၍ လူအများ သေကြေနိုင်ကြောင်း သိရသည်။
မကွေးတိုင်းအတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဇူလိုင် ၁၄ ရက် အထိ စာသင်ကျောင်း ၁၃၀ နီးပါး ပိတ်ထားရပြီး ကျောင်းသူ ကျောင်းသား ၁၇၀၀၀ ကျော် ပညာသင်ယူမှု ရပ်နားထားရကာ ပခုက္ကူမြို့တွင် စိုးရိမ်ရေအမှတ်အထက် စတင်ကျော်လွန်လျက်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်နှင့် တိုင်းမိုးလေ၀သနှင့် ဇလဗေဒရုံး တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
မကွေးတိုင်းအတွင်း ဇူလိုင်လဆန်းမှစ၍ ဧရာဝတီမြစ်ရေ နေ့စဉ်မြင့်တက်လာခဲ့ကြောင်း ဇူလိုင် ၁၄ ရက် နံနက် ၆ နာရီ မိနစ် ၃၀ အထိ တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၂၁၅၂ စင်တီမီတာရှိသည့် ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် ၂၁၅၄ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။
Eleven Media Group
Friday, July 14, 2017
ချင်းတွင်းမြစ်ရေသည် ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် အနည်းဆုံး တစ်ပေမှ ခြောက်ပေခန့်အထိ မြင့်တက်နေပြီး နောက်နှစ်ရက်မှ သုံးရက်ခန့်အထိ ဆက်လက်မြင့်တက်နိုင်
ချင်းတွင်းမြစ်ရေသည် ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် အနည်းဆုံး တစ်ပေမှ ခြောက်ပေခန့်အထိ မြင့်တက်နေပြီး နောက်နှစ်ရက်မှ သုံးရက်ခန့်အထိ ဆက်လက်မြင့်တက်နိုင်
Reviewed by Ar Ti
on
7:59 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment