Latest News

Tuesday, June 27, 2017

စည်းကမ်း ဖောက်သည့်ယာဉ်မောင်းကို နာမည်ပျက်စာရင်း သွင်းမည်

စည်းကမ်း ဖောက်သည့်ယာဉ်မောင်းကို နာမည်ပျက်စာရင်း သွင်းမည်

ရန်ကုန်၊ ဇွန် ၂၆

ရန်ကုန်မြို့တွင်း YBS တံဆိပ်တပ် ယာဉ်မောင်းများ အနေနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်ပါက နာမည်ပျက်စာရင်း သွင်းမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

“နာမည်ပျက်ရှိတဲ့ ယာဉ်မောင်းကို YBS ရဲ့ ယာဉ်မောင်းနှင်ခွင့်ကတ် သိမ်းမယ်။ ဘယ်ယာဉ်လိုင်းမှာမှ မောင်းခွင့်မရှိဘဲ အပြီးထုတ်ပယ်မယ်”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

လက်ရှိ YBS စနစ် စတင်ပြေးဆွဲချိန်မှစ၍ ငါးလအတွင်း စည်းကမ်းဖောက်ဖျက်သည့် အမှုပေါင်း ၁၀ဝ၀ ကျော်ရှိပြီး အဆိုပါ ပြစ်မှုကျူးလွန်သူများကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ချမှတ်နိုင်ရန် စစ်ဆေး အရေးယူလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ကုမ္ပဏီက အရေးယူတာရှိသလို YRTA ကလည်း အရေးယူတယ်။ နောက်တစ်ခုက ကိုယ်ထိလက်ရောက်ဖြစ်တဲ့ ရိုက်မှုတွေဆိုရင် တရားရုံးကို ပို့တယ်။ လက်ရှိ တရားရုံးက စစ်ဆေးနေဆဲဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

စည်းကမ်းဖောက်ဖျက်မှုများကို ထိန်းသိမ်းရန် YBS ယာဉ်လိုင်းများကို စည်းကမ်းထိန်းသိမ်းရေးယာဉ် ဆယ်စီးဖြင့် လိုက်လံစစ်ဆေး ဖမ်းဆီးလျက်ရှိပြီး စည်းကမ်းလိုက်နာမှု အားကောင်းလာရန် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေဖြင့် ထိရောက်စွာ အရေးယူလျက်ရှိကြောင်း YRTA ထံမှ သိရသည်။

YBS စနစ်ဖြင့် စတင်ပြေးဆွဲချိန်မှစ၍ စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်လုပ်သား ၃၆၀ ကို အရေးယူထားပြီး ပြစ်ဒဏ်များအနေနှင့် လအလိုက် ဂိတ်ပိတ်ခြင်း၊ ယာဉ်လိုင်းမှ ထုတ်ပယ်ခြင်းများဖြင့် အရေးယူကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီထံမှ သိရသည်။

“ယာဉ်လုပ်သား ၁၄၀ဝ ကျော်ရှိတယ်။ ထုတ်ပယ်သင့်တဲ့သူကို ထုတ်ပယ်တယ်။ ပြစ်မှုအပေါ် မူတည်တယ်။ ဂိတ်စ ဂိတ်ဆုံး မမောင်းတာ၊ ခရီးသည်အပေါ် ရိုင်းပြစွာ ဆက်ဆံတာဆိုရင် ဂိတ်ပိတ်တယ်”ဟု YUPT ကုမ္ပဏီအမှုဆောင် အရာရှိချုပ် ဦးမောင်မောင်လွင်က ဆိုသည်။

ရန်ကုန်မြို့တွင်း YBS တံဆိပ်တပ်ယာဉ်လိုင်း ၈၅ လိုင်းရှိပြီး ယာဉ်စီးရေ ၄၀ဝ၀ ကျော်ဖြင့် ခရီးသည် နှစ်သန်းကျော်ကို နေ့စဉ် ပို့ဆောင်ပြေးဆွဲလျက်ရှိသည်။

The Voice

No comments:

Post a Comment