Latest News

Tuesday, June 27, 2017

မြိတ်စည်ပင်ဈေးကြီးတွင် ဈေးဆိုင်များ ဖောက်ထွင်းခံရ

မြိတ်စည်ပင်ဈေးကြီးတွင် ဈေးဆိုင်များ ဖောက်ထွင်းခံရ





မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်မှာရှိတဲ့ စည်ပင်သာယာရေးကြီးရှိ ဆိုင်တွေကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှာ ဖောက်ထွင်းခံခဲ့ရတယ်လို့ ဖောက်ထွင်းခံခဲ့ရတဲ့ ဈေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ဖောက်ထွင်းခံခဲ့ရတဲ့ ရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်မျိုးခိုင်က “ကျမဆိုင် တံခါးက သံပန်းနဲ့ လုပ်ထားတာ ဖောက်ထွင်းတဲ့သူက သော့ခလောက်ကို ရိုက်ဖျက်ပြီး ဝင်မွှေသွားတယ်။ ရွှေဆိုင် ဆိုတော့ ညနေဆိုင်ပိတ်ရင် ပစ္စည်းတွေ အကုန်သိမ်းသွားတာပါ။ ငွေအကြွေ နည်းနည်းပါးပါးပဲ ထားခဲ့တယ်။ အဲဒီငွေအကြွေ ၁ သောင်းကျော်ပဲ ပါသွားတယ်”လို့ ပြောပါတယ်။

ဖောက်ထွင်းသူမှာ ဆိုင်ကယ်နဲ့ ရောက်လာပြီး ဈေးဆိုင်ခန်းတွေကို မွေနှောက်သွားပေမယ့် တန်ဖိုးကြီးပစ္စည်းများ ပါသွားခြင်းမရှိဘဲ ငွေကြေးအနည်းငယ်သာ ပါသွားတယ်လို့ သိရပါတယ်။

ဖောက်ထွင်းခံခဲ့ရတဲ့ ဈေးရုံ ၂၉၊ ဆိုင်ခန်းအမှတ် (၁) မှ ဆိုင်ရှင် ဦးအောင်ဇော်ထွန်းက “ကျနော့်ဆိုင်က အအေးရောင်းတာပါ။ ဆိုင်ခန်းတံခါးကို သစ်ပြားနဲ့ရှပ်ထည့်ရတဲ့ တံခါးပါ။ သစ်ပြားကိုခွာပြီး အထဲမှာ ဝင်မွှေသွားတယ်။ ဆိုင်ခန်းခ၊ ရေဖိုး၊ မီးဖိုး ပေးဖို့ နေ့စဉ်စုဆောင်း ထားတဲ့ ငွေ ၇ သောင်းကျော် ဖောက်ထွင်းသူက ယူသွားသွားတယ်”လို့ ပြောပါတယ်။

ဈေးဆိုင် ၂ ဆိုင်မှ ငွေကြေးတချို့ ယူဆောင်သွားပြီး ကျန် ၂ ဆိုင်ကိုတော့ မွှေနှောက်သွားကြောင်း ရဲတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

ဖောက်ထွင်းခံရမှုနဲ့ပတ်သက်ပြီး စည်ပင်သာယာဈေးမှာ ညစောင့်တာဝန် ထမ်းဆောင်နေ သူတွေကို ခေါ်ယူစစ်ဆေးနေပြီး ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့ အမှတ် ၃ နယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးအောင်က ပြောပါတယ်။

မြိတ်မြို့တွင် အမှတ်(၁)နယ်မြေ တက္ကသိုလ်ရပ်ကွက်ထဲမှာလည်း အခုလအတွင်း ဖောက်ထွင်းမှုနဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်မှုတွေ မရှိသေးကြောင်း ရပ်ကွက်တွင်းမှ ရာအိမ်မှူး ဦးဝင်းဟန်က ပြောပါတယ်။

သတင်း – မြတ်ထွဋ် (မြိတ်)
DVB

No comments:

Post a Comment