Latest News

Thursday, June 29, 2017

ပင်နယ်တီကာကွယ်နိုင်ရန် လေ့ကျင့်မှုနှင့်လေ့လာမှု အများကြီးပြုလုပ်ထားရန်လိုကြောင်း ချီလီဂိုးသမား ဘရာဗိုပြော

ပင်နယ်တီကာကွယ်နိုင်ရန် လေ့ကျင့်မှုနှင့်လေ့လာမှု အများကြီးပြုလုပ်ထားရန်လိုကြောင်း ချီလီဂိုးသမား ဘရာဗိုပြော

ဇွန် ၂၉၊ ရုရှား ။              ။ ကွန်ဖက်ဒရေးရှင်းဖလားဆီမီးဖိုင်နယ်တွင် ပေါ်တူဂီအသင်းကို အနိုင်ရပြီးနောက် ချီလီဂိုးသမား ဘရာဗိုက ဥရောပချန်ပီယံအသင်းကို ရပ်တန့်နိုင်ခဲ့သည့်အတွက် အလွန်ပျော်ရွှင်ကြောင်းနှင့် ပင်နယ်တီကာကွယ်နိုင်ရန် လေ့ကျင့်မှုနှင့်လေ့လာမှုအများကြီး ပြုလုပ်ထားရန်လိုကြောင်း ပြောဆိုခဲ့သည်။

ထိုပွဲစဉ်တွင် ပေါ်တူဂီအသင်းနှင့်ချီလီအသင်းတို့သည် မိနစ်ကိုးဆယ်ကစားအပြီး အချိန်ပိုအထိ ဂိုးမရှိသရေကျခဲ့ခြင်းကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရသည်။ ချီလီဂိုးသမားဘရာဗိုသည်   ပေါ်တူဂီအသင်းမှ မော်တင်ဟို၊ ကွာရက်စ်မာနှင့်နာနီတို့၏ ကန်သွင်းမှုများကို ကာကွယ်ပြီး ချီလီအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိစေခဲ့သည်။

ပွဲအပြီးတွင် ဘရာဗိုက ‘ကျွန်တော်စိတ်ထဲမှာ ခံစားရသလို ဖမ်းပါတယ်။ ကျွန်တော်က ခန့်မှန်းတာ အရမ်းကောင်းတဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့ ဒီလိုပင်နယ်တီကာကွယ်နိုင်ဖို့က လေ့ကျင့်မှုတွေအများကြီး လုပ်ရသလို ပြိုင်ဘက်ရဲ့ ကန်သွင်းပုံတွေကိုလည်း အများကြီးလေ့လာထားဖို့ လိုအပ်ပါတယ်။

ကွန်ဖက်ဒရေးရှင်းပြိုင်ပွဲမတိုင်ခင်က ဒဏ်ရာရထားလို့ ကြံ့ခိုင်မှုအပြည့်နဲ့ မကစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီပွဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ကစားနိုင်ခဲ့ပါတယ်။ တကယ့်ပွဲကောင်းပါ။ နှစ်သင်းစလုံးဟာ တစ်သင်းက တစ်သင်းကို လေးစားနိုင်လောက်အောင် အစွမ်းအစတွေ ပြသနိုင်ခဲ့ကြပါတယ်။

ဥရောပချန်ပီယံအသင်းကို ရပ်တည့်ပေးနိုင်ခဲ့တဲ့အတွက်တော့ တကယ်ပျော်ပါတယ်။ လျှို့ဝှက်ချက်ကတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုကို ဘယ်တော့မှ မရပ်တန့်လိုက်ခြင်းပါပဲ။ ကျွန်တော်တို့ အနိုင်ရနိုင်မယ့် ဘယ်နည်းလမ်းကိုမဆို ကြိုးစား လုပ်ဆောင်ခဲ့ကြပါတယ်။ ချန်ပီယံဖြစ်ဖို့အတွက် တစ်ပွဲကျန်နေပါသေးတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

Mizzima

No comments:

Post a Comment