Latest News

Thursday, June 29, 2017

ချောင်းရေလျှံကာ စပါးခင်း ဧက ၆၀၀ ကျော် ရေနစ်မြုပ် ပျက်စီး

ချောင်းရေလျှံကာ စပါးခင်း ဧက ၆၀၀ ကျော် ရေနစ်မြုပ် ပျက်စီး

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စပါးခင်း ဧက ၆၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သဲကုန်းမြို့နယ်အတွင်း ထမ္မကောက်အုပ်စု၊ ရဲ့ရဲ့ကန်အုပ်စုရှိ တဲကြီးကုန်း၊ သောင်းမဲကြီး၊ အုတ်တွင်းကုန်း၊ ညောင်ကုန်း၊ ဇီးကုန်းစသည့် ကျေးရွာများတွင် ဇွန်လဆန်းပိုင်းမှစကာ မိုးရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ထွက်ပေါက်မရှိ၍ စိုက်ပျိုးပြီး စပါးခင်းများအတွင်း ရေ၀င်နစ်မြုပ်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ကျွန်တော်ကတော့ ငါးဧကလောက်ရှိတယ်။ အဲဒီ ငါးဧကကို နှစ်ခါစိုက်ပေါ့နော်။ နှစ်ခါစလုံးဆုံးတယ်။ ရေကအောက်ကထွက် ပေါက်မရှိဘူးလေ။ အပေါ်ကလာတဲ့ရေကသာ ဒီထဲကိုစုပြီးတော့ အောက်ကလာတဲ့ရေနဲ့ အပေါ်ကလာတဲ့ ရေနဲ့ပေါင်းပြီးတော့ ဒီထဲမှာသာ စုပြီးနစ်နေတာပေါ့။ သက်ဆိုင်ရာတွေက ဒီမှာ ချောင်းကျိုးတာတော့ လာလုပ်ပေးသွားတယ်။ ရေကြီးတာနဲ့ ပတ်သက်ပြီးတော့ သူတို့လည်း ဘာမှလုပ်မပေးနိုင်ဘူး ဖြစ်နေတယ်” ဟု တောင်သူ ကိုရဲဝင်းအောင်က ပြောကြားသည်။

အဆိုပါလယ်မြေများအတွင်း ပဲခူးရိုးမမှ စီးဆင်းလာသည့် တောင်ကျချောင်းများဖြစ်သည့် သဲဖြူ၊ နွယ်ကောက်၊ သဲကုန်းကြီးချောင်းတို့ ပေါင်းစုံစီးဝင်ပြီး အင်းမအင်းနှင့် တရားမ၀င် ငါးကန်များ တူးဖော်လုပ်ကိုင်နေခြင်းများကြောင့် ချောင်းရေထွက်ပေါက်ပိတ်ကာ နှစ်စဉ်ဆိုသလို ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရကြောင်း၊ ယခုနှစ် ရေလွှမ်းမိုးမှုမှာလည်း ရက် ၂၀ ခန့်ရှိနေပြီဖြစ်ကြောင်း စိုက်ပျိုးရာတွင်လည်း ကုန်ကျမှုများပြားခြင်းကြောင့် နောက်တစ်ကြိမ် ထပ်မံစိုက်ပျိုးရန် ခက်ခဲလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

“ကိုယ်တွေဆီမှာ ရေနစ်နေတာ အခုဆိုရင် ၁၅ ရက်၊ ၁၆ ရက်လောက်ဖြစ်နေပြီ။ ဖြစ်တာက အပေါ်ကရေစီးအားနဲ့ အောက်ကရေထွက်အားနဲ့က မမျှတဘူးဖြစ်နေတယ်။ ရေထွက်အားကအောက်မှာ ပေ ၃၀ လောက်ရှိတဲ့ ရေထွက်အားနဲ့ ဒီမှာက ချောင်း ၁၆ ချောင်းလောက်က ၀င်နေတဲ့ရေအားက မမျှဘူးဆိုတော့ ဒီမှာပဲစုပြီး ရေနစ်နေတယ်။ အခုနေတော့ ပြန်စိုက်ဖို့ဆိုတာက စိုက်တာပဲ နှစ်ထပ်ရှိနေပြီ။ အဲဒီတော့ ငွေအင်အားကမတတ် နိုင်တော့ဘူး။ အဲဒီတော့ ရှိတဲ့ပျိုးလေးနဲ့ပဲ ကိုင်းပြန်စိုက်ရအောင်ဆိုပြီး လုပ်ထားတယ်။ ကျန်တဲ့ဥစ္စာကတော့ လွှင့်ပစ်ရတော့မှာပဲ။ ဘယ်လိုမှလည်း မတတ်နိုင်တော့ဘူး။ ပြန်စိုက်လည်းပဲ နောက်ကရေက စိတ်မချရဘူး” ဟု အုတ်တွင်းကုန်းကျေးရွာမှ တောင်သူ ဦးကျင်မောင်က ပြောကြားသည်။

အဆိုပါဒေသတွင် စိုက်ပျိုးသည့် ဒေသမျိုးစပါးမှာ ပေါ်ဆန်းကြီးအမျိုးအစားဖြစ်ပြီး မျိုးစပါးတစ်တင်းလျှင် ကျပ် ၈၀၀၀ နှုန်း ပေးဝယ်ရကာ တစ်ဧကလျှင် စပါးနှစ်တင်းပျိုးရပြီး စပါးစိုက်ခ တစ်ဧကလျှင် ကျပ် ၃၀၀၀၀ ပေးရကြောင်း၊ ရေကြီးနစ်မြုပ်မှုမှာ လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက စတင်နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ခုနစ်နှစ်ခန့်မှစကာ ရေကြီးနစ်မြုပ်မှုမှာ ဆိုးရွားစွာဖြစ်ပေါ်နေကြောင်း၊ အုပ်ချုပ်ရေးပိုင်းသို့ တင်ပြထားရာ မြေပုံကြမ်း ရေးဆွဲခိုင်းထားသဖြင့် ပြန်လည်ရေးဆွဲလျက်ရှိပြီး ရေထွက်ပေါက်ကျဉ်းမြောင်းနေသည့် ကိစ္စလည်း တင်ပြထားကြောင်း သိရသည်။

ဝေလင်း (ပြည်)

Eleven Media Group

No comments:

Post a Comment