Latest News

Sunday, April 2, 2017

လှိုင်သာယာတွင် အယောင်ဆောင် မဲပေးသူ သုံးဦးကို အမှုဖွင့်

လှိုင်သာယာတွင် အယောင်ဆောင် မဲပေးသူ သုံးဦးကို အမှုဖွင့်

ပိုတိုcredit
လှိုင်သာယာမြို့နယ်၊ ၁၂ ရပ်ကွက် မဲရုံအမှတ် (၈) တွင် ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ၌ အယောင်ဆောင်မဲပေးရန် စေခိုင်းသူတစ်ဦးနှင့် ဆန္ဒမဲပေးခဲ့သူနှစ်ဦးကို အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အယောင်ဆောင် မဲပေးရန် စေခိုင်းသူ အသက် ၄၁ နှစ်အရွယ် ဒေါ်ချောစုထွန်းမှာ ယင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ ယောက္ခမ တော်စပ်သူနှင့် မတ်တော်စပ်သူ နှစ်ဦးတို့၏ ဆန္ဒမဲများကို  တစ်ရပ်ကွက်တည်း နေထိုင်သည့် (အသက် ၂၃ နှစ်) မပြည့်ပြည့်နှင့် (အသက် ၁၈ နှစ်) ကိုထိန်လင်းတို့ကို အယောင်ဆောင် ဆန္ဒ မဲပေးရန် စေခိုင်းခဲ့သည်။

ဒေါ်ချောစုထွန်း၏ စေခိုင်းမှုကြောင့် မဲဆန္ဒအမည်စာရင်းတွင် ၎င်းတို့၏ အမည် မပါဝင်သည့် မပြည့်ပြည့်နှင့်  ကိုထိန်လင်းတို့သည် ယင်းနေ့ နံနက်က မဲရုံ အမှတ် (၈)သို့ သွားရောက်၍ အယောင်ဆောင် မဲပေးစဉ် ဖမ်းမိခဲ့ကြောင်း လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းထံမှ သိရသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ချိုးဖောက်တာကြောင့် စေခိုင်းသူရော၊ မဲသွားထည့်သူ နှစ်ဦးလုံးကိုပါ အရေးယူထားတယ်”ဟု သောင်ကြီး နယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ကိုကိုက ပြောသည်။

ယင်းဖြစ်စဉ်မှ အယောင်ဆောင် မဲပေးရန် စေခိုင်းသူ ဒေါ်ချောစုထွန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၅၉ (ဂ) ဖြင့်လည်းကောင်း၊ မဲရုံသို့ သွားရောက်၍ အယောင်ဆောင် မဲပေးခဲ့သူ ကိုထိန်လင်းနှင့် မပြည့်ပြည့်တို့ နှစ်ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၅၉ (ဇ) ၅၉ (ဂ) ဖြင့် လည်းကောင်း သောင်ကြီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေသည်။

The Voice

No comments:

Post a Comment