တဏှာကြီးသူတွေကသာ ဖောက်ပြန်ကြတယ်
ကိုယ့်အိမ်ထောင်ရှိလျက်နဲ့ ဖောက်ပြန်ကြတဲ့သူတွေက တဏှာကြီးတဲ့သူတွေလို့ကျွန်မကတော့သတ်မှတ်နားလည်မိတယ်။
သူတို့ရဲ့ တဏှာ စိတ်ကြောင့်သူတို့အိမ်ထောင်ဘက်တွေထက် ငယ်တဲ့သူကို ပိုပြီး လိုချင်တာ။
သူတို့ရဲ့တဏှာစိတ်ကြောင့် မိသားစုအပေါ်ရက်ရက်စက်စက် ပြုရက်တာ။
သူတို့ရဲ့တဏှာစိတ်ကြောင့် လူပုံအလယ်မှာ အရှက်ကွဲခံပြီး ဖောက်ပြန်ရတာ။
သူတို့ရဲ့တဏှာစိတ်ကြောင့် မိသားစုနဲ့ အသိုင်းဝိုင်းကနေ အကျဉ်ခံရတာ။
အဲလောက်ထိ တဏှာကို မက်နေတဲ့အတွက် မစွန့်နိုင်တဲ့အတွက်
သူတို့ရဲ့ အကုသိုလ်ကလည်း ကြောက်စရာပါပဲ။ ဒါ့အပြင် သူတို့နဲ့အတူတူ ဖောက်ပြန်ကြတဲ့ လင်ရှိမှန်း၊ ဇနီးရှိမှန်း သိလျက်နဲ့ မယားငယ်၊လင်ငယ် အဖြစ်ခံကြတဲ့သူတွေရဲ့ အကုသိုလ်ကလည်း ကြောက်စရာပါ။
သူတို့မှာ ရှက်ရမှန်းလည်း မသိ။ ကြောက်ရမှန်းလည်း မသိ။ ငရဲဆိုတာလည်း မသိ။ လူ့ဂုဏ်သက္ခာမဲ့စွာနဲ့ အသက်ရှင်နေရမဲ့ အနာ၈တ်ကိုလည်း မသိ။ နောက်ဆုံး ကိုယ့်ရဲ့ တဏှာကြောင့် မိသားစုတစ် ပြိုကွဲရတယ် ဆိုတာကိုလည်း ဂရုမစိုက်နိုင်လောက်အောင် အသိတရားနဲ့ဆင်ခြင်တုံတရား မရှိတဲ့ အသိဥာဏ်မဲ့တဲ့သူ ဆိုတာလည်း ပေါ်လွင်စေပါတယ်။
ဒါ့အပြင် ဖောက်ပြန်တတ်တဲ့ခင်ပွန်းကို ရထားတဲ့ ဇနီး၊ ကိုယ်ကျင့်တရား မကောင်းလို့ ဖောက်ပြန်တတ်တဲ့ ဇနီးကို ရထားတဲ့ ခင်ပွန်း တွေကိုတော့ အိမ်ထောင်ရေးမှာ ကံအဆိုးဆုံး သူတွေလို့ ကျွန်မအနေနဲ့ နားလည်သတ်မှတ်မိပါတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ်ချစ်ခင်ရတဲ့ယုံကြည်အားကိုးရတဲ့သူက နောက်ကျောကို ဓါးနဲ့ ထိုးရုံတင်မကဘဲနဲ့ အသည်းနှလုံးကိုပါ ရက်ရက်စက်စက် နှင်းချေပစ်လိုက်လို့ပါပဲ။
နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့တဲ့ အိမ်ထောင်သည်ကာလမှာ ကိုယ်က သူ့အပေါ် နားလည်ပေးခဲ့တယ်။ ကိုယ့်ရဲ့ပျိုမြစ်လှပမှုကို သူ့ဆီကိုပဲ ပေးအပ်ခဲ့တယ်။ သူရဲ့ မပြည့်စုံမှုတွေကို နားလည်ပေးပြီး သည်းခံပေါင်းသင်းခဲ့တဲ့သူ။
သူ့ကို မျှော်လင့်မိတာက သိပ်များများ စားစား ရှိတာမဟုတ်ပါဘူး။
ကိုယ့်အပေါ်သစ္စာရှိဖို့။ပြီးတော့ကိုယ့်သားသမီးလေးတွေ မိစုံဖစုံနဲ့ ကြီးပြင်းရှင်သန်ဖို့ ။ကိုယ့်မိသားစုလေး အေးချမ်းတည်ငြိမ်စွာနဲ့ ဘ၀ရဲ့နောက်ဆုံး အချိန်ကို ရင်ဆိုင်ဖို့ပါ။
ဒီလို အတ္တကင်းတဲ့မျှော်လင့်ချက်လေးကို တဏှာရာဂ ကြီးစိုးနေတဲ့အတ္တစိတ်က ခြေဖျက်လိုက်တဲ့အခါ မိသားစုတစ်စုလုံး ထိခိုက်ရပါတယ်။
သူတစ်ယောက်ရဲ့ ဖောက်ပြန်မှုက အိမ်ထောင်ဘက်ရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ သွေးစိမ်းရှင်ရှင်ကျအောင် ထိခိုက်စေရုံသာမက အပြစ်မဲ့ရှာတဲ့ ရင်သွေးငယ်တွေရဲ့ နှလုံးသားကိုပါ ထိခိုက်နာကျင်ရစေရပါတယ်။
ငါ့အဖေက တဏှာကြီးတဲ့သူ။
ငါ့အဖေက မိသားစု အပေါ် သစ္စာဖောက်တဲ့သူ။
ငါ့ အဖေက တကိုယ်ကောင်းဆန်တဲ့ သူ ။
ငါ့အဖေက ငါ့အမေနဲ့ငါတို့ကို ပစ်ထားခဲ့တဲ့ သူ။
ငါ့ အဖေက လူသားကျင့်ဝတ်ဖောက်ဖျက်တဲ့ သူ။
အဖေလို့တွေးလိုက်တဲ့ ငါ့အဖေ ဟာ ….ဒီလို အဖေပါလား ဆိုတဲ့အသိနဲ့ သားသမီးတွေရင်ထဲ နက်နက်နဲနဲ့ခံစားရတယ်။ အရှက်သည်းရပါတယ်။
ဖောက်ပြန်ခြင်းခံရတဲ့မိသားစုဝင်တွေက ပတ်ဝန်းကျင်မှာ သူတို့ရဲ့အမှားမပါဘဲနဲ့ သူတို့ကိုယ်တိုင် ထိခိုက်နာကျင်ရတာ၊ အရှက်သည်းရတာ၊ မျက်နှာမဖော်ချင်လောက်အောင် ခံစားရတာ သစ္စာဖောက်သူရဲ့ တစ်ခဏ အပျော်နဲ့ ထိုက်တန် ရဲ့လား ဆိုတာ စဉ်းစားကြဖို့ ကောင်းပါတယ်။
အိမ်ထောင်ရေး ကံဆိုးပေမဲ့ ဒီအိမ်ထောင်တစ်ခုကိုပဲ တည်မြဲအောင် အားထုတ်နေထိုင်နေတဲ့ အိမ်ထောင်ရှင်တွေကတော့ သားသမီးတွေကြောင့်သည်းခံနေကြတာပါ။
ကိုယ်ကျင့်တရားမကောင်းလို့ မယားငယ်ယူပြီးဖောက်ပြန်နေတဲ့ ခင်ပွန်းသည်တွေကို သည်းခံပြီး ပေါင်းသင်းနေရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့သည်းခံနိုင်အားကိုတော့ကျွန်မအနေနဲ့ အတော့်လေးကို ချီးကျူးမိပါတယ်။ဒါပေမဲ့တစ်မိသားစုလုံး စိတ်ဒဏ်ရာ အရခံပြီး မကောင်းတဲ့လင်ကို ဆက်ပေါင်းပါလို့တော့ ကျွန်မက အားမပေးနိုင်ပြန်ပါဘူး။
ဘာကြောင့်ပဲ ဖြစ်ဖြစ် အိမ်ထောင်ရှင်တိုင်းဟာ ကိုယ့်မိသားစုလေး မပြိုကွဲရေးအတွက်တော့ကြိုးစားအားထုတ်ကြရတာပါပဲ။
ကျွန်မ အနေနဲ့ကတော့အိမ်ထောင်ရေး မပြိုကွဲစေဖို့ အရာအားလုံးကိုလိုက်ပြီး အလျော့ပေး၊ညည်းခံပြီး နှိမ့်ကျနေနေရတာကိုလည်း အမြဲတမ်း မှန်ကန်တယ်လို့တော့ မယူဆမိပါဘူး။မမျှတတဲ့ ၊ ရက်စက်တဲ့ အိမ်ထောင်ရေးမှာ တစ်ဘက်ကပဲ အမြဲတမ်း အနစ်နာခံနေရမယ်ဆိုတာလည်း ရက်စက်လွန်းတယ်လို့ မြင်မိတယ်။
စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေရတဲ့ အိမ်ရှင်မတွေကိုတော့ အိမ်ထောင်ရေး သောကတွေကနေ လွတ်မြောက်ရေးအတွက် ကာကွယ်ရှင်းပြီး ကိုယ့်မိသားစုအတွက် ကိုယ့်ဟာကိုယ် ဦးဆောင်ပါ၊ဘာသာရေးကိုပိုပြီး အာရုံပြုဖို့စိတ်အေးချမ်းအောင် တရားထိုင်ဖို့ တိုက်တွန်းလိုပါတယ်။
ကိုယ်ကျင့်တရားမကောင်းလို့ ဖောက်ပြန်တတ်တဲ့သူကို ဆွဲဖမ်းထာသရွေ့ ကိုယ်ကပဲ နာကျင်ခံစားနေရမှာပါပဲ။ ဒါကြောင့် လွှတ်ချဖို့ လိုတယ်လို့ယူဆရင် လွှတ်ချလိုက်ပါ။
နောက်တစ်ချက်ကတော့ သားသမီးကြောင့်ပဲဖြစ်ဖြစ် ကွဲဖို့မဖြစ်နိုင်တဲ့အိမ်ထောင်ရေးမှာတော့ သူ့ရဲ့မတရားမှု၊ ဖောက်ပြန်မှု၊ အကျဉ်းတန်မှုတွေကို လိုက်ပါ ခံစားမနေဘဲ၊ သူ့အကုသိုလ်နဲ့သူ သွားပါစေ၊ ကိုယ်က သံယောဇဉ် ဖြတ်နိုင်သမျှ ဖြတ်ပြီး ဥပက္ခာပြုနိုင်ရေးကိုပဲ ကြိုးစားပါလို့သာ ဆိုချင်ပါတယ်။ ဥပက္ခာပြုတယ်ဆိုတာကလည်း သူနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို လွှတ်ချလိုက်ခြင်းတစ်မျိုါ်ပါပဲ။
ရခဲလှတဲ့လူ့ဘ၀မှာ ဒီလူတစ်ယောက်ကြောင့် နေ့စဉ်နဲ့အမျှ သောကနဲ့ ရှင်သန်နေရတယ်ဆိုရင်လည်း လူဖြစ်ရှုံးလှပါတယ်။ ဒါကြောင့် အချို့ကိစ္စရပ်တွေမှာ လွှတ်ချသင့်တယ်လို့ လက်ခံနားလည်ပြီး လွှတ်ချဖို့အတွက်လည်း တိုက်တွန်းအားပေးလိုပါသေးတယ်။
မတူတဲ့ အမြင်များရှိရငလည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Friday, March 31, 2017
တဏှာကြီးသူတွေကသာ ဖောက်ပြန်ကြတယ်
တဏှာကြီးသူတွေကသာ ဖောက်ပြန်ကြတယ်
Reviewed by Ar Ti
on
4:49 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment