Latest News

Sunday, March 26, 2017

အရှက်ခွဲခံလိုက်ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး မိမိကိုယ်ကို သတ်သေ

အရှက်ခွဲခံလိုက်ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး မိမိကိုယ်ကို သတ်သေ

မောင်တော၊ မတ် ၂၇။ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မောင်တောခရိုင်အတွင်းရှိ ခရေမြိုင်ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေ သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အမျိုးသမီးတစ်ဦး၏ မဟုတ်မမှန်စွပ်စွဲချက်ကြောင့် အရှက်ရကာ မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်မှာ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက အမျိုးသမီးတစ်ဦးအား လက်ကိုဆွဲပြီး ကာယကျင့်ဝတ်ဖောက်ပျက်ရန် ကြိုးစားခဲ့သည်ဟုဆိုကာ တိုင်တန်းခြင်းခံခဲ့ရသည့်အတွက် တိုင်ကြားခံရသူ ရဲတပ်ဖွဲ့ဝင် ထွန်းသက်အောင်မှာ အရှက်လွန်ကဲပြီး မတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မိမိကိုင်ဆောင်ထားသည့် သေနတ်ဖြင့်သတ်သေသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်က ခရေမြိုင်ရဲစခန်းမှာ တာဝန်ကျနေတာပါ။ သူ့ကို မိန်းမတစ်ယောက်က လက်ကို ဆွဲပြီးတော့ မဖွယ်မရာ ပြောခဲ့တယ်ဆိုပြီး လာတိုင်တာကြောင့် ရှက်ပြီး သတ်သေသွားတာ လို့သိရတယ်။ သူကိုင်တဲ့ ဖုန်းမှာ အဲဒီအကြောင်းနဲ့ပါတ်သက်ပြီးတော့ အသံသွင်းထားခဲ့တာတွေကိုလည်း ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါ တယ်။”ဟု နယ်မြေခံရဲအရာရှိတစ်ဦးကပြောသည်။

သေဆုံးသွားသူ ထွန်းက်အောင်မှာ ယင်းသို့တိုင်ကြားခံလိုက်ရပြီးနောက်နေ့မနက်ပိုင်းတွင် မိမိကိုယ်ကိုအဆုံးစီရင် ခဲ့ခြင်းဖြစ်ကာ သေနတ်ပေါက်သံကြားရသည့်အတွက် မောရဝတီရဲကင်းမှ လိုက်လံစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ထွန်းသက်အောင်မှာ ၎င်းကိုင်ဆောင် ထားသည့်သေနတ်ပေါ်တွင်မှောက်လျှက် နဖူးဒါဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်းသိရသည်။

ရဲတပ်ဖွဲ့ဝင်ထွန်းသက်အောင်မှာ မိတ္ထိလာမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာမှ မောင်တောဒေသသို့ လာရောက် တာဝန်ထမ်းဆောင် နေသည့် ရဲတပ်သားတစ်ဦးဖြစ်ကြောင်း ယင်း၏သေဆုံးမှုနှင့်ပါတ်သက်ပြီး အလယ်သံကျော် ရဲစခန်းမှ သေမှုသေခင်းအမှတ် ၃/၂၀၁၇ ဖြင့် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျှက်ရှိကြောင်းသိရသသည်။

မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။RiA


No comments:

Post a Comment