Latest News

Sunday, March 26, 2017

အမ်းက တသီးပုဂ္ဂလကိုယ်စားလှယ် နိုင်ခဲ့လျှင် ANP နှင့် ပူးပေါင်းမည် မဟုတ်

အမ်းက တသီးပုဂ္ဂလကိုယ်စားလှယ် နိုင်ခဲ့လျှင် ANP နှင့် ပူးပေါင်းမည် မဟုတ်

စစ်တွေ၊ မတ် ၂၆ ရက်။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင်မှ မိမိအနေနှင့် အနိုင်ရခဲ့လျှင် ရခိုင်အမျိုးသားပါတီ ANP နှင့် လုံးဝ ပူးပေါင်းသွားမည် မဟုတ်ဘဲ ပြည်နယ်အကျိုးစီးပွားအတွက် အခြား ပါတီတစ်ခုခုနှင့် ပူးပေါင်းရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။

“ အနိုင်ရခဲ့ရင်တော့ ANP နှင့် ပူးပေါင်းဖို့ အစီစဉ်မရှိပါဘူး။ အခြားပါတီတစ်ခုခုနဲ့ ပူးပေါင်းနိုင်ပါတယ်။” ဟု တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ်ဖြစ်သော အမ်းမြို့နယ်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ပြည်နယ်အင်အားကြီး ပါတီ ရခိုင်အမျိုးသားပါတီ အပါအဝင် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသား ဒီမိုကရေစီချူပ်တို့၏ ကိုယ်စားလောင်းများနှင့်အတူ အမ်းဒေသခံ ဦးဇော်လင်းအောင်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။

“ အမ်းမြို့နယ်မှာ တောင်သူလယ်သမား ၈၀ ရာခိုင်နှုန်းနဲ့ ဝန်ထမ်း၊ ကုန်သည်တွေက ၂၀ ရာခိုင်နှုန်းရှိပါတယ်။ အဲဒီတော့ ဒေသရဲ့ အမှန်တကယ် လိုအပ်ချက်ဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး မဖွံ့ဖြိုးမှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ တိုးတက်လာဖို့ အမ်းဒေသခံတစ်ဦးအနေနဲ့ မဖြစ်မနေ ဆောင်ရွက်ဖို့ ကတိပြုပါတယ်။”

လက်ရှိ အမ်းမဲဆန္ဒနယ်အတွက် ANP မှ ပါတီ ဥက္ကဌ ဒေါက်တာ ဦးအေးမောင်၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးသောင်းငြိမ်း၊ NLD မှ ဦးဇော်ဝင်းမြင့်၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင်တို့က ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ရာ ANP ဥက္ကဌ ဒေါက်တာ ဦးအေးမောင်မှအပ ကျန်ကိုယ်စားလှယ်လောင်းများမှာ အမ်းဒေသခံများ ဖြစ်ကြသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း ပြည်နယ်လွှတ်တော်တွင် ၂၂ နေရာ အနိုင်ရရှိခဲ့ပြီး စစ်တွေမြို့နယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးကျော်ဇောဦးမှာ အနိုင်ရပြီးနောက်ပိုင်း ANP နှင့် ပူးပေါင်းခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် ၂၃ နေရာထိ အင်အားဖြည့်နိုင်ခဲ့သည့် အစဉ်အလာ ရှိခဲ့ဖူးသည်။RiA

No comments:

Post a Comment