Latest News

Monday, March 13, 2017

ဘာစီလိုနာနှင့် ပီအက်စ်ဂျီပွဲကို ပြန်ကစားခိုင်းရန် ပရိသတ် ၁၈၀,၀၀၀ လက်မှတ်ရေးထိုး တောင်းဆို

ဘာစီလိုနာနှင့် ပီအက်စ်ဂျီပွဲကို ပြန်ကစားခိုင်းရန် ပရိသတ် ၁၈၀,၀၀၀ လက်မှတ်ရေးထိုး တောင်းဆို

ပဲရစ်၊ မတ် ၁၃

အွန်လိုင်းလူထုစစ်တမ်း ကောက်ယူမှု တစ်ခုသည် ၎င်းတို့ကောက်ခံရရှိထားသည့် ပရိသတ်လက်မှတ် ၁၈၀,၀၀၀ ကို တင်ပြ၍ ဘာစီလိုနာက ပီအက်စ်ဂျီကို ခြောက်ဂိုးတစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို ပြန်ကန်ပွဲကစားခိုင်းရန် ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ထံသို့ တင်ပြတောင်းဆိုလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့၏ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကို ပြန်ကန်ပွဲ ကျင်းပပေးရန် အွန်လိုင်းလူထုစစ်တမ်းတစ်ရပ် ဦးဆောင်ဦးရွက်ပြု ကောက်ယူပေးခဲ့သူမှာ ရီးရဲလ်မက်ဒရစ်ပရိသတ် လူးဝစ္စ မီလင်ဒို အော်လ်မီဒိုဖြစ်ပြီး ၎င်းအနေနှင့် ဘာစီလိုနာအသင်း နောက်တစ်ဆင့်သို့ ဆက်လက်တက်လှမ်းသွားသည်ကို မနာလိုခြင်းကြောင့် မဟုတ်ဘဲ တရားမျှတခြင်းနှင့် အမှန်အတိုင်း ဖြစ်စေလိုခြင်းတို့ကြောင့် ယခုလှုပ်ရှားမှုကို ဆောင်ရွက်လိုက်ခြင်း ဖြစ်ကြောင်း အော်လ်မီဒိုက ရှင်းပြထားသည်။

အော်လ်မီဒိုသည် Change.org ဝက်ဘ်ဆိုက်ကတစ်ဆင့် ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့၏ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကို ပြန်ကန်ပွဲ ကျင်းပသင့်ကြောင်း တိုက်တွန်းလှုံ့ဆော်ခဲ့ခြင်း ဖြစ်ပြီး ယင်းပွဲစဉ်တွင် ပီအက်စ်ဂျီအသင်း ခြောက်ဂိုး တစ်ဂိုးဖြင့် အပြတ်အသတ် အရေးနိမ့်သည်အထိ ဖြစ်သွားခဲ့ရသည်မှာ ကွင်းလယ်ဒိုင်လူကြီး အေတီကင်၏ တစ်ဖက်စောင်းနင်း နိုင်လွန်းသည့် ဆုံးဖြတ်ချက်များကြောင့် ဖြစ်သည်ဟု အော်လ်မီဒိုက သုံးသပ်ထားသည်။

ယူအီးအက်ဖ်အေသည် မည်သို့သော ကန့်ကွက်ဝေဖန်မှုများ ရှိနေစေကာမူ ၎င်းတို့အနေနှင့် ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့၏ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကို ပြန်ကန်ပွဲကစားခိုင်းရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းလင်းအသိပေးထားပြီး ပီအက်စ်ဂျီ အသင်းဘက်ကလည်း ယင်းပွဲစဉ်တွင် ဖြစ်ပျက်ခဲ့သည်များအတွက် စောဒကတက်ရန် ၎င်းတို့တွင် အစီအစဉ်မရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီလည်း ဖြစ်သည်။

ဖီဖာဥက္ကဋ္ဌသစ် အင်ဖန်တီနိုသည် ဘာစီလိုနာက ပီအက်စ်ဂျီကို ခြောက်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ဖြစ်ပျက်ခဲ့သည်များကို ၎င်းအနေနှင့် မှတ်ချက်ပေးလိုခြင်း မရှိကြောင်း ငြင်းဆန်ပယ်ချထားပြီး ယင်းပွဲစဉ်ကို ကြည့်ရှုအပြီးတွင် ၎င်းသဘောပေါက်နားလည်လိုက်သည်မှာ ဗီဒီယို ဒိုင်လူကြီး ထားရှိအသုံးပြုနိုင်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်မှ ဖြစ်နိုင်တော့မည် ဆိုခြင်းသာ ဖြစ်ကြောင်း အင်ဖန်တီနိုက အသိပေးထားသည်။

The Voice

No comments:

Post a Comment