Latest News

Thursday, March 30, 2017

နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် နိုင်ငံတကာမျက်နှာစာတွင် ရှေ့တန်းမှကာကွယ်ပေးနေသည့် နိုင်ငံခြားရေး ဝန်ကြီးဌာန

နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် နိုင်ငံတကာမျက်နှာစာတွင် ရှေ့တန်းမှကာကွယ်ပေးနေသည့် နိုင်ငံခြားရေး ဝန်ကြီးဌာန

ယနေ့ကာလသည် အစိုးရသစ်သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် ကာလဖြစ်သည့် နည်းတူ ၁၉၄၇ ခုနှစ် မတ် ၁၇ ရက်တွင် စတင်တည်ထောင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ သက်တမ်း (၇ဝ) ပြည့်အခါသမယလည်း ဖြစ်သည်။

နိုင်ငံ့အကျိုးစီးပွား ကာကွယ်မြှင့်တင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

နိုင်ငံခြားဆက်ဆံရေးဆိုသည်မှာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ ဆောင်ရွက်ပိုင်ခွင့်ရှိသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးသည် နိုင်ငံ့အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရေးအတွက် အလွန်အရေးပါသည့် အခန်း ကဏ္ဍတစ်ခုဖြစ်ရာ နိုင်ငံတိုင်းက နိုင်ငံခြားရေး မူဝါဒကို ပြည်တွင်းမူဝါဒအပေါ် အခြေပြု တိုးချဲ့ချမှတ်လေ့ရှိကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဓိကတာဝန်မှာ နိုင်ငံတော်၏အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးရန်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေး ရန်ဖြစ်ပြီး အစိုးရသစ်၏တစ်နှစ်တာ နိုင်ငံခြားရေးဝန်ကြီးဌာနသည်လည်း ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ထားသည့် ''ပြည်သူ အခြေပြု သံတမန်ဆက်ဆံရေး''နည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။

သံတမန်ကောင်းတစ်ဦးအနေဖြင့် မိမိနိုင်ငံ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေး ရုံမက ထိတွေ့ဆက်ဆံသည့် နိုင်ငံ၏အကျိုး စီးပွားကိုလည်း ထည့်သွင်းစဉ်းစားတတ်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသားများကိုသာမက နိုင်ငံသားဟောင်းများ၏ အကျိုးစီးပွားကိုလည်း ကာကွယ်စောင့်ရှောက်ရန်နှင့် ၄င်းတို့အား မိသားစုစိတ်ဓာတ်ဖြင့် နွေးထွေးစွာ ဆက်ဆံသွားရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားသည်။

သံတမန်ဆက်ဆံရေး လုပ်ငန်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက် နိုင်ငံတကာရှေ့တန်းမျက်နှာစာမှ ရင်ဆိုင်ဖြေရှင်းပေးရသည့် လုပ်ငန်းဖြစ်ပါသည်။ သံတမန်ခံတပ်စည်းကျိုးပေါက်လျှင် စစ်အင်အားသုံး၍ ဖြေရှင်းရသည့်အဆင့်သို့ ရောက်ရှိလာနိုင်သဖြင့် နိုင်ငံအတွက် များစွာအရေးပါလှသည်။ ပြည်တွင်းတွင် ဖြစ်ပေါ်လာသည့် အကြောင်းကိစ္စတို့ကို နိုင်ငံတကာမျက်နှာစာတွင် နှလုံးရည်ဖြင့် ဆွေးနွေးညှိနှိုင်းခြင်းမှသည် ကာကွယ်ဖြေရှင်းမှုများ ပြုလုပ်ပေးရသည့် တာဝန်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

''နိုင်ငံခြားရေးလုပ်ငန်းရဲ့ သဘော သဘာဝက လုပ်ငန်းစဉ်(process)ပုံသဏ္ဌာန် ဖြစ်တာကြောင့် ထင်ရှားတဲ့တိုးတက်မှုတွေရှိတာနဲ့အတူ လက်ဆုပ်လက်ကိုင်မပြနိုင်သေးတဲ့ တိုးတက်ပြောင်းလဲမှုတွေလည်းရှိတယ်'' ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအကြား နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်မြှင့်တင်ရေးအတွက် နှစ်နိုင်ငံခေါင်း ဆောင်များအပါအဝင် အဆင့်မြင့်ကိုယ်စား လှယ်များ၏ ခရီးစဉ်များကို စီစဉ်ဆောင်ရွက် ပေးခြင်း၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအတွင်း တက်ကြွစွာလှုပ်ရှား ဆောင်ရွက်ခြင်းများ တိုးမြှင့်ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာ အပါအဝင် အခြားသော အကူအညီအထောက် အပံ့များ ပိုမိုရရှိရေးအတွက် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုပြုလုပ်လျက်ရှိကြောင်း သိရသည်။



နိုင်ငံခြားရေးမူဝါဒ
▄▄▄▄▄▄▄▄▄

နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွား ကာကွယ် မြှင့်တင်ရေးမျှော်မှန်းချက်(vision) ကို ဦးထိပ်ထားပြီး လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည် ဖော်ရာတွင်လည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေ မူကြီး (၅)ရပ်နှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိသည်။

ဝန်ကြီးဌာန၏ ရည်မှန်းချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
နိုင်ငံတော်အစိုးရသစ် ပထမတစ်နှစ်တာ ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး တို့၏ ဂုဏ်သိက္ခာပုံရိပ် ပြန်လည်မြှင့်တင်ရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပထမဦးစားပေးရည်မှန်းချက်ဖြစ်သည့် ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို ဆောင်ရွက်ရာတွင် တစ်ဖက်၌လည်း မိမိတို့ရင်ဆိုင်နေရဆဲ လူ့အခွင့်အရေးစိန်ခေါ်မှုများကို အမျိုးသား ရင်ကြားစေ့ရေးကို မထိခိုက်စေဘဲ ဖြေရှင်းရေးကို ဦးတည်ကြိုးပမ်းလျက်ရှိပြီး အစိုးရသစ် လက်ထက်တွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်မှုပုံစံအား လုံးဝပြောင်းလဲဆောင်ရွက်နိုင်ခဲ့သည်။ အစိုးရသစ်လက်ထက်တွင် လူ့အခွင့်အရေးဆိုင်ရာ တန်ဖိုးထားမှုများအား အလေးထားမှု ပြသခဲ့ပြီး လူ့အခွင့်အရေးကိစ္စရပ်များတွင် ထိပ်တိုက်ရင်ဆိုင်မှုအစား အပြုသဘော ထိတွေ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းကို ပြောင်းလဲကျင့်သုံးခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယ ဦးစားပေးလုပ်ငန်းအနေဖြင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်း များတွင် ပိုမိုတက်ကြွစွာပါဝင်ခြင်း၊ လူ့အခွင့် အရေးနှင့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း၊ စာချုပ်များအား လက်မှတ်ရေးထိုးခြင်း၊ အတည်ပြုပါဝင် ခြင်းဖြင့် ကတိကဝတ်ပြုမှုများပြသခြင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအကျိုးကို ကာကွယ်စောင့်ရှာက်မှုများ တိုးမြှင့်ဆောင်ရွက် ခြင်းတို့ဖြင့် မြန်မာနိုင်ငံ၏ပုံရိပ်ကို မြှင့်တင် ပေးရန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အထက်ဖော်ပြပါ အဓိကတာဝန်များအား မိမိတို့ လက်အောက်ရှိ ဦးစီးဌာနခုနစ်ခုနှင့် မြန်မာသံရုံးများ၊ အဖွဲ့ရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရှေ့တောင်အာရှနှင့် တောင်အာရှ ဒေသအား ပေါင်းကူးတံတားတစ်ခုဖြစ်နေသည့်အပြင် လူဦးရေအထူထပ်ဆုံးနှင့် စီးပွား ရေးအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိနေသည့်အတွက် ပထဝီနိုင်ငံရေးအနေအထားအရ မဟာဗျူဟာ ကျသည့်နေရာတွင် တည်ရှိပါသည်။ ထို့ကြောင့် အမျိုးသားအကျိုးစီးပွားအား ကာကွယ်မြှင့်တင် နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့်သာမက အစဉ်အလာအရ ခင်မင်ရင်းနှီးမှုရှိခဲ့သည့် နိုင်ငံများနှင့်လည်းကောင်း၊ ဒီမိုကရေစီရေးတွင် အားပေးထောက်ခံမှုပြုခဲ့ကြသည့် ဖွံ့ဖြိုးရေး မိတ်ဖက်သစ်နိုင်ငံများနှင့်လည်းကောင်း ချစ်ကြည်ရင်းနှီးမှု ဟန်ချက်ညီမျှစွာ တည်ဆောက်ရေး၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ် မပျက်ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးကို ထူထောင်နိုင်ခဲ့သည်။

နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင် နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား နိုင်ငံတော်အကြီးအကဲများ၊ အဆင့်မြင့် ကိုယ်စားလှယ်များ၏ ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်နိုင်ရေးအတွက် အစိုးရသစ်၏ ပထမတစ်နှစ်တာအတွင်း ချစ်ကြည်ရေးခရီးစဉ်များကို ဘက်ညီမျှတအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် လာအို၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ ချစ်ကြည်ရေးခရီးများသွားရောက်ခဲ့ပြီး အာဆီယံ-ရုရှား ဆက်ဆံရေး နှစ် (၆ဝ)ပြည့် အခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံ (၁၁)ကြိမ်မြောက် အာရှ-ဥရောပ (ASEM) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းဘုရင်ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုးရန် ထိုင်းနိုင်ငံ စသည်တို့သို့ သွားရောက်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အရှေ့ခြမ်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် အိန္ဒိယနိုင်ငံများသို့ လည်းကောင်း၊ အနောက်ဘက်မှ ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့လည်းကောင်း ချစ်ကြည်ရေးခရီးများ သွားရောက်ခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချစ်ကြည်ရေးခရီးစဉ်နှင့်အတူ နယူးယောက်မြို့၌ ကျင်းပသည့် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် အိန္ဒိယနိုင်ငံ ဂိုအာမြို့ ၌ ပြုလုပ်သည့် BRICS-BIMSTEC ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

မိမိတို့နိုင်ငံသို့လည်း ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွင်း စင်ကာပူ၊ မွန်ဂိုလီးယား၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲ များ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၏ ချစ် ကြည်ရေးခရီးစဉ်များနှင့် တရုတ်၊ ကနေဒါ၊ အီတလီ၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ပြင်သစ်၊ ဗြိတိန်၊ ယူကရိန်းနိုင်ငံတို့မှ နိုင်ငံခြား ရေးဝန်ကြီးများမှာ ခရီးစဉ် ၂၁ ခုအထိ လာရောက်ခဲ့ပြီး မကြာမီလည်း နိုင်ငံအများ အပြားမှ အဆင့်မြင့်ကိုယ်စားလှယ်များ လာရောက်ရန်ရှိနေသေးကြောင်း သိရသည်။
နိုင်ငံတော်အကြီးအကဲက ၂ဝ၁၆ ခုနှစ် အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် လာအိုနိုင်ငံသို့ ပထမဆုံးချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ရန် ရွေးချယ်ခဲ့ခြင်းဖြင့် မိမိတို့အနေဖြင့် အာဆီယံအပေါ်ဆက်ဆံရေးကို အလေးထားကြောင်း ပြသနိုင်ခဲ့ပြီး မဟာဗျူဟာကျသည့် နိုင်ငံများသို့ ခရီးစဉ်များကိုလည်း ဘက်ညီမျှတစွာ စနစ်တကျစီမံဆောင်ရွက်နိုင်ခဲ့သဖြင့် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

အကျိုးများသည့် ချစ်ကြည်ရေးခရီးစဉ်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ် ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ အကြားစီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ ကွမ်းလုံတံတား တည်ဆောက်ပေးရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ သုံးသန်းကူညီပေးရန်၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ အတွက် တရုတ်ယွမ်ငွေ သန်းတစ်ထောင် ပေးအပ်ရေးတို့ကို သဘောတူညီခဲ့သည်။ ထို့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ဦးဆောင်သည့် (၂'၂) အဆင့်မြင့် ဆွေးနွေးပွဲယန္တရားတစ်ရပ် ထူထောင်ပေးနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား (၂'၂) အဆင့်မြင့်ဆွေးနွေးပွဲများကို နှစ်ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ နယ်စပ်ဒေသပြဿနာများကို ပူးတွဲဖြေရှင်းသွားရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ရန် တရုတ်ဘက်မှ အပြုသဘောအကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကိုလည်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့သဖြင့် ပိုမိုနွေးထွေးသည့် ဆက်ဆံရေးတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပြီး ၄င်းတို့ ဘက်မှလည်း Neighborhood First Policy အရ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အထူး အလေးထားကာ နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ သုံးနိုင်ငံအဝေးပြေး လမ်းမကြီး၏ တမူး-ကျီကုန်း-ကလေးဝ လမ်းပိုင်းရှိ တံတားများနှင့် ချဉ်းကပ်လမ်းများ တည်ဆောက်ရေးနှင့် အဆင်မြှင့်တင်ရေးအတွက်လည်းကောင်း၊ တိုင်းရင်းဆေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတို့တွင်လည်းကောင်း ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးနိုင် ခဲ့ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း၌လည်း နားလည်မှု စာချွန်လွှာသုံးခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြားတွင် ကာလကြာရှည်စွာကြန့်ကြာနေသည့် သဘောတူညီချက်များ၊ နယ်နိမိတ်ကိစ္စရပ်ဆိုင်ရာများကို နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးအဖြေရှာ သွားရန် ယခုအစိုးရသစ်အနေဖြင့် ဆောင်ရွက် နိုင်ခဲ့ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံအစိုးရနှင့် ထိုင်းနိုင်ငံအစိုးရတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ အလုပ်သမားများ အလုပ်ခန့်ထား ရေးဆိုင်ရာ သဘောတူညီချက်စာချုပ်၊ နှစ် နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေး ဆိုင်ရာ သဘောတူစာချုပ်တို့ကို လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများကိစ္စ၊ ယခင် အစိုးရအဆက်ဆက်လက်ထက်က အစဉ်တစိုက် ရွှေ့ဆိုင်းထားခဲ့သည့် နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာရေးလုပ်ငန်းများကို ပြန်လည်စတင်သွားရေးတို့ကို ညှိနှိုင်းဆောင် ရွက်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ စင်ကာပူခရီးစဉ်အတွင်း စင်ကာပူ-မြန်မာ အသက်မွေးပညာသင်ကျောင်း နားလည်မှု စာချွန်လွှာအား သက်တမ်းတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား အခွန်နှစ်ထပ်မဖြစ်စေရေး သဘောတူစာချုပ်အား ခေတ်နှင့်လျော်ညီအောင် ပြန်လည်ပြင်ဆင်ရေးဆွဲရေး၊ စင်ကာပူ လေကြောင်းလိုင်း Silk Air အား စင်ကာပူ-ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် စမ်းသပ် ကာလ ခြောက်လ own stop over rights ပျံသန်းပြေးဆွဲခွင့်ပြုရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုဖြစ်ထွန်း စေရန် ရင်းနှီးမြှုပ်နှံမှုစာချုပ် လက်မှတ်ရေးထိုး ရေးတို့ကို သဘောတူညီခဲ့ကြသည်။

စင်ကာပူဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း၌လည်း နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ရက် ၃ဝ ဗီဇာကင်းလွတ်ခွင့်ပြုရေး စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်သက်ဝင်နေပြီ ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန် နိုင်ငံခရီးစဉ်တွင်လည်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်အတွက် ငါးနှစ်အတွင်း ဂျပန်ယန်း ဘီလီယံ ၄ဝ အကူ အညီပေးရန်၊ မြို့ပြနှင့်ကျေးလက် ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အစိုးရ၏ အထောက်အပံ့များနှင့် ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှုများအားလုံးပေါင်း၍ ငါးနှစ်အတွင်း ဂျပန်ယန်းဘီလီယံ ၈ဝဝ ပေးအပ်သွားရန်တို့ကို သဘောတူညီမှုရရှိခဲ့သည်။

အစိုးရသစ်လက်ထက်တွင် မြန်မာ-အမေရိကန်ဆက်ဆံရေးကို မိတ်ဖက်ဆက်ဆံရေး အဖြစ်သတ်မှတ်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးနယ်ပယ်သစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများကို ထောက်ခံသည့်အနေဖြင့်လည်းကောင်း၊ နှစ်နိုင်ငံအတွင်း ချစ်ကြည်ရင်းနှီးမှု အဆင့်မြှင့်တင်မှုကို အားဖြည့်သည့်အနေဖြင့် လည်းကောင်း၊ မြန်မာနှင့် အမေရိကန်အကြား ဆက်ဆံရေးကို မိတ်ဖက်ပူးပေါင်းဆောင်ရွက် ရေးအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမျိုးသားအရေးပေါ်အခြေ အနေကို အပြီးသတ်ရပ်ဆိုင်းပေးခဲ့ပြီး ကန့်သတ် ပိတ်ဆို့မှုများနှင့်ပတ်သက်၍ သမ္မတ၏ အမိန့်အာဏာ လေးခုဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်။ မြန်မာနိုင်ငံအား ပို့ကုန် များအပေါ် အထူးအခွင့်အရေးပေးသည့်စနစ် Generalized System of Preferences - GSP ခံစားခွင့်ကို ပြန်လည်ပေးအပ်ခဲ့သည်။

မြန်မာ-အမေရိကန် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်အရ မြန်မာ-အမေရိကန် ပထမအကြိမ် မိတ်ဖက်အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် နိုင်ငံခြား ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးတွင်လည်း အစိုးရသစ်လက်ထက် တစ်နှစ်တာကာလအတွင်း ဆွစ်ဇာလန်နိုင်ငံနှင့် ချက်သမ္မတနိုင်ငံတို့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန များအကြား ညှိနှိုင်းဆွေးနွေးပွဲ(FOC)များကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပနိုင်ခဲ့သည်။

ဥရောပနိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့(Joint Peace Fund)တွင် ရန်ပုံငွေ ထည့်ဝင်ခြင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အတွေ့အကြုံကောင်းများ ဖလှယ်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ပေးခဲ့သည်။

သံတမန်အဆက်အသွယ် နိုင်ငံပေါင်း ၁၂ဝ ကျော်လာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အစိုးရသစ်လက်ထက်တွင် ဂီနီ၊ အီကွေ ဒေါ၊ ဆေးရှဲလ်၊ လိုင်ဘေးရီးယားနှင့် ဟိုလီဆီး (ဗာတီကန်)၊ မော်လ်တာနှင့် မာရှယ်ကျွန်းစု တို့နှင့် သံတမန်အဆက်အသွယ် ထူထောင်နိုင် ရန်အတွက် လိုအပ်သည့် ပြည်တွင်းလုပ်ထုံး လုပ်နည်းများအား စီစဉ်ဆောင်ရွက်ပြီးနောက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးသို့ တင်ပြခဲ့ရာ သံတမန်အဆက်အသွယ်ပြုလုပ်ရန် သဘော တူညီခဲ့ပြီးဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် သံတမန်အဆက်အသွယ် ထူထောင်ပြီးသည့် နိုင်ငံ စုစုပေါင်း ၁၂၁ နိုင်ငံ ရှိလာတော့မည် ဖြစ်ပါသည်။

အာဆီယံအဖွဲ့အတွင်း မှန်ကန်သည့် ရပ်တည်ချက်ဖြင့် ဆက်လက်ခရီးနှင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာနိုင်ငံသည် အာဆီယံသို့ ဝင်ရောက်ခဲ့သည်မှာ အနှစ် ၂ဝ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဆယ်စုနှစ် နှစ်ခုနီးပါးတွင် မြန်မာ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့တွင် ဆက်တိုက် ဝေဖန်ဖိအားပေးခံနေရသည့် အတွက် အာဆီယံတွင် မြန်မာနိုင်ငံကြောင့် အနောက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွင် အဟန့်အတားသဖွယ် ယူဆ ခဲ့ကြသည်။ ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီအစိုးရအဖြစ်သို့ ကူးပြောင်းခဲ့ပြီး အာဆီယံနိုင်ငံများအတွင်း နိုင်ငံရေးနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်အရှိဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့ရာ အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံပါဝင်ခြင်းသည် အခြားသော ကမ္ဘာ့နိုင်ငံများ အလေးထားဖွယ်ရာ ဖြစ်လာခဲ့ သည်ကို မြင်တွေ့ရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ၂ဝ၁၆ ခုနှစ် ဇူလိုင်လက လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည့် (၄၉)ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ လည်းကောင်း၊ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပသည့် (၂၈)ကြိမ်နှင့် (၂၉)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေး များသို့လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း တစ်နိုင်ငံ၏ပြည်တွင်းရေးကို တစ်နိုင်ငံမှ ဝင်ရောက်စွက်ဖက်မှုမပြုရေးမှာ အရေးအကြီး ဆုံးသော မူဝါဒရပ်တည်မှုဖြစ်ပြီး အချင်းချင်း ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးဖြေရှင်းကြရန် ဖြစ်သော်လည်း ရခိုင်ပြည်နယ် မောင်တော ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရ အပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံမှ ဝေဖန်ပုတ်ခတ် ပြောဆိုမှုများပြုလုပ်ခဲ့သဖြင့် အာဆီယံ၏မူဝါဒမှ သွေဖည်သည့်အပြင် အာဆီယံ၏ သွေးစည်းညီညွတ်မှုနှင့် ဂုဏ်သိက္ခာကို ထိပါးလာစေနိုင်သည့် အခြေအနေမျိုး ပေါ်ပေါက်လာခဲ့ပါသည်။

ထို့ကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ရခိုင်ပြည်နယ်အခြေအနေ နှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအား မိသားစုအနေဖြင့် အလွတ်သဘော ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ကြောင့် အာဆီယံနိုင်ငံများက ရခိုင်ပြည်နယ်ကိစ္စအား ဖြေရှင်းရန် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ကြိုဆိုခဲ့ကြပြီး အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပေးအပ်သည့် လူသားချင်းစာနာမှုအကူအညီ များကိုလည်း သံတမန်လမ်းကြောင်းမှတစ်ဆင့် တရားဝင် လက်ခံရယူနိုင်ခဲ့သည့်အတွက် မလေးရှားနိုင်ငံမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် Floatia သင်္ဘော ရန်ကုန် ဆိပ်ကမ်းဆိုက်ကပ်ဝင်ရောက်ရန် ကြိုးပမ်းမှုကို ပြေလည်အောင်စေ့စပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ဖိလစ်ပိုင်နိုင်ငံ ဘော်ရကိုင်းကျွန်းတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော သီးသန့်အစည်းအဝေးတွင်လည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးမှ ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ နောက်ဆုံး တိုးတက်မှုအခြေအနေများကို အလွတ်သဘော ရှင်းလင်းပြောကြားကာ ထပ်မံအသိ ပေးနိုင်ခဲ့သည်။

ကုလသမဂ္ဂ မျက်နှာစာထက် နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ချက်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာနိုင်ငံခြားရေးမူဝါဒ၏ မဏ္ဍိုင်တစ်ရပ် ဖြစ်သည့်အားလျော်စွာ နိုင်ငံတော်အစိုးရ ကိုယ်စား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင်ကျင်းပသည့် UNGA ၏ (၇၁)ကြိမ်မြောက် အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံကိုယ်စားပြု မူဝါဒ ရေးရာမိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့သည်။
အလားတူပင် ဒုတိယဝန်ကြီးခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကျင်းပသည့် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံများအုပ်စု (Partnership Group on Myanmar)၏ အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် လူ့အခွင့်အရေးမြှင့်တင်ရေးကြိုးပမ်းမှုများနှင့် ကျန်ရှိနေသည့် စိန်ခေါ်မှုများအား ဖြေရှင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအား ဥရောပသမဂ္ဂမှ နှစ်စဉ်အဆိုမူကြမ်း တင်သွင်းနေမှုကို အဆုံးသတ်ပေးရန် တောင်းဆိုခဲ့သဖြင့် အစိုးရအနေဖြင့် ပထမတစ်နှစ်တာ ကာလအတွင်း အထူးခြားဆုံးအောင်မြင်မှု တစ်ရပ်ဖြစ်သည့် ၁၉၉၁ ခုနှစ်မှစ၍ ကုလ သမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီတွင် အီးယူမှ နှစ်စဉ်တင်သွင်းနေသည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုမူကြမ်းအား ဆက်လက်တင်သွင်းခြင်း မပြုတော့ဘဲ အဆုံးသတ်နိုင်စေခဲ့ပြီဖြစ်သည်။
အဆိုပါဆုံးဖြတ်ချက်အရ ခန့်အပ်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယားအား တာဝန်ပေးခန့်အပ်ထားမှုကိုလည်း အဆုံးသတ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများတွင် လက်မှတ်ရေး ထိုးခြင်း၊ အတည်ပြုပါဝင်ခြင်းတို့ ဆောင်ရွက်နေရာ လက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်၍ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်(CTBT) သို့ အတည်ပြုပါဝင်သည့် စာချွန်လွှာအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် အပ်နှံနိုင်ခဲ့သည်။ နျူကလီးယား ဘေးအန္တရာယ်ကင်းရှင်းရေး ပဋိညာဉ်(Convention on Nuclear Safety- CNS)နှင့် နျူကလီးယားဒြပ်ပစ္စည်းနှင့် နျူကလီးယား အဆောက်အအုံများအား ရုပ်ပိုင်းဆိုင်ရာအကာအကွယ်ပြုမှု ပဋိညာဉ် (Convention on the Physical Protection of Nuclear Material - CPPNM) တို့သို့လည်း အတည်ပြုပါဝင်နိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်အတွင်း လက်မှတ်ရေးထိုးခဲ့ ပြီးဖြစ်သည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ် (International Covenant on Economic, Social and Cultural Rights- ICESCR)နှင့် လက်နက်ကိုင်ပဋိပက္ခများ အတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှု တွင် ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် (Optional Protocol to the Convention on the Rights of the Child on the Involvement of Children in Armed Conflict)တို့အား အတည်ပြုပါဝင်နိုင်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးရန် ကျန်ရှိသော လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များအနက် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်၊ လူမဆန်သည့် (သို့) လူ့သိက္ခာညှိုးနွမ်းစေသည့် ပြုကျင့်မှု (သို့) ပြစ်ဒဏ်ပေးမှုပပျောက် ရေးဆိုင်ရာစာချုပ် (CAT) နှင့် အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာစာချုပ်(ICCPR)အပါအဝင် အခြားအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များကို လေ့လာသုံးသပ်ခြင်း၊ အသိပညာပေးရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
ထိုစဉ်က ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဖြစ်သူ မစ္စတာဘန်ကီမွန်းကိုလည်း နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် (၂၁)ရာစု ပင်လုံညီလာခံဖွင့်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားနိုင်ခဲ့ပြီး ၄င်းရောက်ရှိနေစဉ် ကာလအတွင်း အတွင်းရေးမှူးချုပ်အား ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစေလျက် ဘာသာပေါင်းစုံဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပပေးနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်အရေးစိန်ခေါ်မှုများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြိုးပမ်းချက်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

နိုင်ငံတော်အစိုးရ၏ အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ရခိုင် ပြည်နယ်အရေးကို ရေတို/ရေရှည် နည်းလမ်း များ ရှာဖွေဖြေရှင်းရန် အစိုးရသစ် စတင် တာဝန်ယူပြီး ၂ဝ၁၆ ခုနှစ် မေ ၃ဝ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကောင် အထည်ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်း ဆောင်ရွက်နေသည်။ ထို့အပြင် ရခိုင်ပြည် နယ်ရှိ စိန်ခေါ်မှုများကို နိုင်ငံတကာအမြင် နှင့်သုံးသပ်ကာ ရေရှည်အကျိုးရှိတည်တံ့မည့် အဖြေရရှိနိုင်ရေးအတွက် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်း ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးအပါအဝင် ပြဿနာဖြေရှင်းရေးအတွက် သော့ချက်ကျ သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို စတင်ဆောင် ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ကိစ္စအား အစိုးရမှ အာရုံစိုက် ဆောင်ရွက်နေချိန်တွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့များစခန်းကို အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်မှစတင်ကာ လုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်မှုနှင့် ပတ်သက်၍ သတင်းမီဒီယာများမှတစ်ဆင့် လှုံ့ဆော်လာမှု များကြောင့် မြန်မာနိုင်ငံအပေါ် တစ်ကျော့ပြန် ဖိအားပေးမှုများ ကြီးထွားလာသည့် အနေအထားနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုသို့ ဖိအားပေးမှုများကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အား အသုံးချဆောင်ရွက်လာနေသည်ကိုလည်း တွေ့ရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ အားပေးထောက်ခံမှုများရရှိနေသော်လည်း နိုင်ငံတကာမျက်နှာစာတွင် ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင်ကျန်ရှိနေသည့် စိန်ခေါ်မှုများကြောင့် ဖိအားပေးမှုများနှင့်အတူ နိုင်ငံတော်အကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ထိပါးလာနိုင်သည့် ခြိမ်းခြောက်မှု အန္တရာယ်များနှင့် ရင်ဆိုင်လာရသည်။ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် ကာကွယ်တုံ့ပြန် ရှင်းလင်းခြင်း၊ ချဉ်းကပ်စည်းရုံးခြင်းများ ပြုလုပ်နေရဆဲဖြစ်သည်။

ဖိအားပေးမှုကို တုံ့ပြန်ရန်အတွက် ၂ဝ၁၇ ခုနှစ် မတ်လအတွင်းက ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၏ (၃၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ကာ မိန့်ခွန်းပြောကြားခဲ့ပြီး နှစ်နိုင်ငံချင်း တွေ့ဆုံချဉ်းကပ်စည်းရုံးခြင်းများ ပြုလုပ်နိုင်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အထူးကိုယ်စားလှယ်အဖြစ် ဒုတိယဝန်ကြီးအား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့စေလွှတ်ကာ နှစ်နိုင်ငံနယ်စပ်အကြား လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ ပြုလုပ်စေခဲ့သည်။ ယင်းကိစ္စတွင် အရေးပါသည့် နိုင်ငံများမှ မြန်မာသံအမတ်ကြီးများကလည်း အိမ်ရှင်နိုင်ငံများသို့ ချဉ်းကပ်စည်းရုံးမှုများ ပြုလုပ်ပေးခဲ့ကြသည်။

''ဝန်ကြီးဌာနအနေနဲ့ လူ့အခွင့်အရေး ကိစ္စအပါအဝင် ရခိုင်ပြည်နယ်ကိစ္စတွေမှာ မိမိတို့အပေါ် စွပ်စွဲမှုတွေရှိလာရင် စုံစမ်း စစ်ဆေးပြီး ခိုင်လုံရင် လိုအပ်တဲ့အရေးယူမှု တွေ လုပ်သွားမှာပါ။ ဒါပေမယ့် ပြဿနာကို ဖြေရှင်းဖို့မဟုတ်ဘဲ အစိုးရရဲ့ ကြိုးပမ်းနေတာ တွေကို ပိုမိုရှုပ်ထွေးလာအောင် စွက်ဖက်တဲ့ ဖိအားပေးတာတွေလိုမျိုး အခြေအနေတွေကိုတော့ ကာကွယ်တားဆီးဖို့ နိုင်ငံတကာမျက်နှာစာမှာ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သံတမန်နည်းလမ်း အတိုင်းကြံ့ကြံ့ခံ ရပ်တည်ကြိုးပမ်းနေပါတယ်''ဟု ဒုတိယဝန်ကြီးက ဖြေကြားသည်။

ဒေသတွင်းပိုမိုပူးပေါင်းဆောင်ရွက်နေ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့အပြင် အိန္ဒိယသမုဒ္ဒရာ ကမ်းခြေရပ်ဝန်းနိုင်ငံများအသင်း (India Ocean Rim Association)တွင် ပါဝင်နိုင်ရေးအတွက် ယခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အိန္ဒိယသမုဒ္ဒရာ ကမ်းခြေရပ်ဝန်းနိုင်ငံများအသင်း အစည်းအဝေးသို့ လေ့လာသူအဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်အဖြစ်ပါဝင်ရေးကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အာဆီယံ နှင့် မိတ်ဖက်ဆက်ဆံရေး နိုင်ငံတစ်နိုင်ငံဖြစ်သည့် သြစတြေးလျနိုင်ငံနှင့် ပူးပေါင်းလျက် အာဆီယံ-သြစတြေးလျဖိုရမ်ကိုလည်း ၂ဝ၁၇ ခုနှစ် မတ်လအတွင်း အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့သည်။

ထို့အပြင် အာရှ-ဥရောပ အစည်းအဝေး (Asia Europe Meeting : ASEM) အဖွဲ့တွင် အာဆီယံအဖွဲ့၏ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူထားသည့်အတွက် ယခုနှစ်နိုဝင်ဘာ လတွင် ASEM အဖွဲ့ဝင်နိုင်ငံ ၅၃ နိုင်ငံပါဝင်သည့် ASEM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန်ရှိကြောင်း သိရသည်။

အိမ်နီးချင်း နယ်နိမိတ်ပြဿနာအဖြေရှာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်း ငါးနိုင်ငံတို့အကြား နယ်နိမိတ်ပြဿနာများဖြေရှင်းရေး၊ နယ်နိမိတ်များ သတ်မှတ်တိုင်းတာရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဦးဆောင်တာဝန်ယူထားသည်။ ယခင်အစိုးရ အဆက်ဆက် ဆိုင်းငံ့ထားခဲ့သည့် ထိုင်းနှင့် မြန်မာနိုင်ငံအကြားနယ်နိမိတ်အား ပြန်လည် တိုင်းတာရေးကိစ္စ၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ အကြား နယ်နိမိတ်မျဉ်းကြောင်းများ ရှင်းလင်းစွာ ပြန်လည်သွယ်တန်းရေးကိစ္စနှင့် လာအိုနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရေး တံတားကိစ္စများကို ဦးစားပေးအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။

ထိုင်း-မြန်မာနယ်နိမိတ်
▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာ-ထိုင်း နယ်နိမိတ်အရှည်မှာ ၁၃၁၈ မိုင်ရှိသည့်အနက် တာချီလိတ်မြို့နယ် အတွင်းရှိ အရှည် ၃၆ မိုင်ရှိ မဲဆိုင်-မဲဟောက် ချောင်း နယ်နိမိတ်ကိုသာ ပုံသေနယ်နိမိတ်အဖြစ် ပြန်လည်သတ်မှတ်ထားနိုင်ခဲ့ပြီး ကျန်နယ်နိမိတ်များကို ပြန်လည် တိုင်းတာရေးကိစ္စ မှာ ယခင်အစိုးရများလက်ထက်က အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် နောင်လာနောက်သားများအား ကောင်းမွန်သည့် အမွေအနှစ်များ ပေးအပ်ခဲ့လိုသည့် စိတ်စေတနာဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ၄င်း၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ-ထိုင်း နယ်နိမိတ် တိုင်းတာရေးကိစ္စများကို ဆွေးနွေးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

တောင်ပိုင်းနယ်နိမိတ်ဖြစ်သည့် ပတ်ချန် မြစ်တစ်လျှောက်နှင့် ယင်း၏မြောက်ဘက် ရေဝေကြောအတိုင်း စုစုပေါင်း မိုင် ၂ဝဝ ခန့် ကို စတင်တိုင်းတာမည်ဖြစ်ပြီး လေကြောင်းမှ ဓာတ်ပုံရိုက်ကူးခြင်းများပြီးစီးခဲ့ပြီး ကောင်းကင် ဓာတ်ပုံမှ ဓာတ်ပုံမြေပုံရေးဆွဲထုတ်လုပ်ပြီးပါက အင်္ဂလိပ်လက်ထက် သဘောတူညီမှုများကို အခြေခံကာ နယ်နိမိတ်အား ကွင်းဆင်း တိုင်းတာပြီး နယ်နိမိတ်မှတ်တိုင်များစိုက်ထူ ခြင်းကို ပူးတွဲဆောင်ရွက်မည်ဖြစ်သည်။ လုပ်ဆောင်ချက်များအတွက် နှစ်နိုင်ငံသဘော တူညီမှုဆိုင်ရာ လက်မှတ်ရေးထိုးခြင်းကို သံတမန်လမ်းကြောင်းဖြင့် ဆောင်ရွက်ရန် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းလျက်ရှိသည်။

မြန်မာ-ထိုင်း မြေထိန်းနံရံများ လိုက်နာရမည့်စည်းကမ်းချမှတ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာ-ထိုင်းနယ်နိမိတ်တွင် ရေပိုင်း နယ်နိမိတ်များမှာ မြစ်ရေကြီးခြင်းအပါအဝင် လူတို့လုပ်ဆောင်ချက်များကြောင့် ရေစီးကြောင်း ပြောင်းလဲမှုများ မကြာခဏဖြစ်ပေါ် လေ့ရှိပြီး နှစ်နိုင်ငံအကြား မကြာခဏ အငြင်း ပွားခဲ့ရသည်။ လက်ရှိအစိုးရအနေဖြင့် မြစ်၊ ချောင်း နယ်နိမိတ်များတွင် ပေါ်ပေါက်သည့် ပြဿနာများကို ဖြေရှင်းရန် မြစ်/ချောင်း နယ်နိမိတ်တွင် မြစ်ကမ်းပါးပြိုမှုကို ကာကွယ် ရန် မြေထိန်းနံရံများတည်ဆောက်ခြင်းတွင် နှစ်နိုင်ငံစလုံးမှ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို သဘောတူခဲ့ကြသည်။

မြန်မာ-အိန္ဒိယ နယ်နိမိတ်ပိုင်းခြားသတ်မှတ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာ-အိန္ဒိယနယ်နိမိတ် နာဂဒေသရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၄၅ နှင့် ၁၄၆ ကြားတွင် အိန္ဒိယဒေသခံများမှ အဆောက်အအုံများ တည်ဆောက်ခြင်းကို ကာကွယ်တားဆီးနိုင်ရေးအတွက် ခြံစည်းရိုးကာရံခြင်း ကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သည်။ အိန္ဒိယဘက်မှ အဆိုပါလုပ်ငန်းကို နှစ်နိုင်ငံပူးတွဲ၍ ထပ်တိုးမှတ်တိုင်များ စိုက်ထူပြီးမှ ဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့သဖြင့် မြန်မာဘက်က ခြံစည်းရိုးကာရံခြင်းကို ခေတ္တဆိုင်းငံ့ထားခဲ့ပြီး ၂ဝ၁၇ ခုနှစ် မတ်လကုန်တွင် အိန္ဒိယဘက်နှင့် ပူးတွဲဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

ချစ်ကြည်ရေးတံတားပေါ်တွင် လာအိုနှင့် နယ်နိမိတ်အမှတ်အသားသတ်မှတ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာ-လာအို နယ်နိမိတ်ဖြစ်သည့် မဲခေါင်မြစ်ပေါ်တွင် ပထမဆုံး ချစ်ကြည်ရေး တံတားကို ၂ဝ၁၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး ခဲ့သော်လည်း တံတားအပေါ် စီမံထိန်းသိမ်း ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိစ္စ တွင် ယခင်က နှစ်နိုင်ငံအကြား သဘောကွဲလွဲမှု များ ဖြစ်နေခဲ့သဖြင့် မြစ်အတွင်းရှိ နယ်နိမိတ် အမှတ်ကို တံတားပေါ်တွင် မှတ်တမ်းတင် ဖော်ပြနိုင်ရန် ၂ဝ၁၆ ခုနှစ် သြဂုတ်လအတွင်း နေပြည်တော်၌ ကျင်းပခဲ့သည့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် သဘောတူညီမှုရရှိခဲ့ပါသည်။

ထို့ကြောင့် ချစ်ကြည်ရေးတံတားပေါ်တွင် နယ်နိမိတ်အမှတ်အသား ကြေးပြားနှစ်ခုကို ပူးတွဲမြှုပ်နှံရန်နှင့် တံတားပါရှိသည့် နယ်နိမိတ် ရေပုံအမှတ် (၁၂)အား ပြန်လည်ရေးဆွဲနိုင်ရန် တံတားနေရာအား နှစ်နိုင်ငံ ပူးတွဲစစ်ဆေး တိုင်းတာခဲ့ပြီး တံတားပေါ်တွင် မိမိနယ်နိမိတ် အမှတ်အသားထင်ရှားခဲ့ပြီး မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ဒေသ အာဏာပိုင်များအနေဖြင့် သေချာစွာသိရှိနိုင် စေမည် ဖြစ်သည်။

ပြည်ပရောက်မြန်မာများအတွက် ရည်မှန်းဆောင်ရွက်ချက်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့သည့် အစိုးရလက်ထက်တွင် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် ပြည်သူကို ဗဟိုပြုသည့် သံတမန်များ ဖြစ်လာကြစေရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံသားများ အကျိုးကို ကာကွယ်စောင့်ရှောက်ရေးအတွက် အဂတိကင်းရှင်းစွာဖြင့် ပိုမိုကြိုးပမ်း ဆောင်ရွက်ကြရန်၊ နိုင်ငံသားများနှင့် နွေးထွေးရင်းနှီးသည့် ဆက်ဆံရေးရှိအောင် အစဉ်ကြိုးပမ်းရန်၊ ပြည်ပတွင် ပြစ်ဒဏ် ကျခံနေရသူပင်ဖြစ်စေကာမူ မိမိနိုင်ငံသား ဖြစ်သည့်အတွက် ဂရုတစိုက်လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေးအတွက် ဆောင်ရွက်ကြရန်နှင့် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများအား မိမိနိုင်ငံသို့ ပြန်လည်လာရောက်ပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပါဝင်ခွင့် ရရှိရေးကိုဆောင်ရွက်ပေးကြရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တိကျစွာလမ်းညွှန်မှာကြားထားခဲ့ပါသည်။
သံရုံးများ ပြောင်းလဲခဲ့ပြီ
▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာသံအမတ်ကြီးများအား အစိုးရသစ်၏ မူဝါဒသစ်များကို အသိပေးရှင်းလင်းရန် မြန်မာသံအမတ်ကြီးများ ကွန်ဖရင့်ကို နေပြည်တော်တွင် တစ်ကြိမ်၊ လန်ဒန်မြို့တွင် တစ်ကြိမ် ကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား အများစု ရောက်ရှိနေထိုင်လျက်ရှိသည့် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံ များရှိ မြန်မာသံရုံးများအနေဖြင့် မြန်မာနိုင်ငံ သားများအကျိုးကို ယခင်ထက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများရှာဖွေကာ ကာကွယ် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သံရုံးများ၏ လူအင်အားနှင့် ဘဏ္ဍာငွေ ကန့်သတ်ချက်များကြောင့် ကူညီပံ့ပိုးမှု များကို ဆန္ဒရှိသည့်အတိုင်း အပြည့်အဝကူညီ ပံ့ပိုးပေးနိုင်ခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံသားအကျိုး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများအား ယခင်ကထက် သိသိသာသာ ပိုမိုတိုးတက်စွာ ဆောင်ရွက်လျက်ရှိသည်။

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်၍ ဆောင်ရွက်မှုများတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော်ရှိရာ ထိုသူများမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားများခန့်ထားခြင်း ဆိုင်ရာ MoU အရ တရားဝင် ဝင်ရောက်ခဲ့သူများနှင့် ယခင်က တရားမဝင်ရောက်ရှိ လုပ်ကိုင်နေသူများအားလုံး ထိုင်းနိုင်ငံသားများနှင့်တန်းတူ လူမှုဘဝလုံခြုံရေး၊ ကျန်းမာရေးနှင့် ဘဝအာမခံချက် အကျိုးခံစားခွင့်များ ခံစားရရှိစေရေး၊ အလုပ်သမားအခွင့်အရေး နစ်နာဆုံးရှုံးမှုများမှ ကာကွယ်တားဆီးပေးနိုင်ရေး စသည်တို့အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေးထားသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအနက် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အိမ်ထောင်စုဇယား၊ နိုင်ငံသား စိစစ်ရေးကတ်စသည့် အထောက်အထားပြ နိုင်သူများအား နိုင်ငံသားစိစစ်၍ မြန်မာသံရုံး၊ ဗန်ကောက်မြို့တွင် သာမန်မြန်မာနိုင်ငံကူး လက်မှတ်များ ထုတ်ပေးရန် စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

နိုင်ငံသားအထောက်အထား မတင်ပြနိုင်သူများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-C of I) ထုတ်ပေးလျက်ရှိပါသည်။ ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားများ အများစုနေထိုင်ရာ ဒေသများဖြစ်သည့် စမုစခွန်၊ စုပရာကန်၊ မယ်ဆိုင်နှင့် ရနောင်းမြို့တို့တွင် C of I ထုတ်ပေးရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပြီး ၂ဝ၁၇ ခုနှစ် မတ် ၃ ရက်မှစတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကိစ္စများအား ပိုမိုထိရောက်စွာ ကူညီပံ့ပိုးနိုင်ရေးအတွက် မြန်မာသံရုံးအင်အားကို တိုးမြှင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံရောက် နေရပ်ပြန်လိုသူများကို ကူညီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မြန်မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခများ ဖြစ်ပေါ်မှုကြောင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်း ၃ဝ မှ စ၍ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ဝင်ရောက် ခိုလှုံမှုများရှိခဲ့ရာ ထိုင်းနိုင်ငံရှိ ယာယီစခန်း ကိုးခုတွင် နေထိုင်လျက်ရှိကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံသို့ မိမိဆန္ဒအရ ပြန်လာလိုကြောင်း အဆိုပြုတင်ပြလာသူ ၁၆၉ ဦးရှိသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ နိုင်ငံသားစိစစ်ရန် ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့ပြီး လိုအပ်သည့်ခရီးသွားစာရွက်စာတမ်းများ ဆောလျင်စွာထုတ်ပေးနိုင်ခဲ့သည်။ ၄င်းတို့အနက်မှ မိမိတို့ဆန္ဒအလျာက် ပြန်လိုသူ ခြောက်ဦးကို ထီးခီးစခန်းမှတစ်ဆင့်လည်း ကောင်း၊ ၆၅ ဦးကို နယ်စပ်မြဝတီစခန်းမှ လည်းကောင်း ပြန်လည်ခေါ်ယူကာ နေရပ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

စင်ကာပူရောက် အိမ်အကူများအတွက် ကူညီရပ်တည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာအိမ်ထောင်မှု အကူအပံ့များအနက် အချို့မှာ အသက်မပြည့်ခြင်း၊ အင်္ဂလိပ်စကား အခက်အခဲရှိခြင်း၊ မျှော်မှန်းသည်ထက် ပိုမိုပင်ပန်းခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများရှိသကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှုများ၊ အနိုင်ကျင့်ခံရမှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသူများအတွက် မြန်မာသံရုံးသည် စင်ကာပူအလုပ် သမား၊ လူ့စွမ်းအားဝန်ကြီးဌာန၊ စင်ကာပူ အလုပ်သမားသမဂ္ဂနှင့် စင်ကာပူအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတို့နှင့်ပူးပေါင်း၍ တရားဥပဒေဘောင်အတွင်းမှ မြန်မာအိမ်ထောင်မှု အကူအပံ့များ ရသင့်သည့်အခွင့်အရေးနှင့် ရပိုင်ခွင့်များ ရရှိခံစားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိန်းသိမ်းရေးစခန်းမှ ပြန်လည်ခေါ်ဆောင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံးများသည် အိမ်နီးချင်းနိုင်ငံများတွင် ထိန်းသိမ်း ခံနေရသူများအား ပြန်လည်ခေါ်ဆောင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိရာ မြန်မာနိုင်ငံသို့ပြန်ရန် ခရီးစရိတ်မတတ်နိုင်သူများအတွက် ပြည်တွင်းအလှူရှင်များ၊ ကုမ္ပဏီများနှင့်ညှိနှိုင်းကာ ခရီးစရိတ်ကျခံ၍ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အစိုးရ၏ ပထမတစ်နှစ်တာအတွင်း အိန္ဒိယနိုင်ငံ ပို့ဘလဲယားအကျဉ်းထောင်မှ ပြစ်ဒဏ်ပြီးမြောက်ပြီး Open Distress Camp တွင် နေထိုင်လျက်ရှိသော မြန်မာရေလုပ်သား ၂၇၂ ဦးအား လေကြောင်းခရီးစဉ်များဖြင့် စီစဉ်ပို့ဆောင်နိုင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် လူကုန်ကူးခံရသော မြန်မာရေလုပ်သားများနှင့် အကြောင်းအမျိုးမျိုးကြောင့် အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးစခန်းများတွင် ထိန်းသိမ်းခံထားရသူ ၁ဝ၅ ဦးအား မြန်မာသံရုံးမှ IOM နှင့် ညှိနှိုင်းကာ မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါသည်။

ထို့အပြင် မလေးရှားနိုင်ငံထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် ထိန်းသိမ်းခံထားရသူ မြန်မာ နိုင်ငံသား ၁၇၆၈ ဦးနှင့် ရင်ခွင်ပိုက်ကလေး ခုနစ်ဦးတို့အား (၁၃)ကြိမ်ခွဲ၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်းပြသည်။

ဗီဇာဆိုင်ရာဆောင်ရွက်ချက်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ရာဇဝတ်မှုကျူးလွန်ခြင်းမရှိဘဲ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အမည်မည်း စာရင်းဝင်ခဲ့ပြီး ပြည်ပြန်ဝင်ခွင့်ပိတ်ပင်ခံထားရမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ အမည်မည်းစာရင်း ပယ်ဖျက်မှုများကို ဆောင်ရွက်ခဲ့ပြီး အစိုးရ ပထမရက် ၁ဝဝ ကာလအတွင်းမှာပင် မြန်မာနိုင်ငံသား ၂၄၈ ဦးနှင့် နိုင်ငံခြားသား ၃၇၁ ဦးတို့အား အမည် မည်းစာရင်းမှ ပယ်ဖျက်ပေးရန် စီစဉ်ခဲ့ပြီးဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံသားဟောင်းများ အနေဖြင့် ၄င်းတို့၏ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုပညာများဖြင့် နိုင်ငံတည်ဆောက်ရေးတွင် တိုးမြှင့်ပါဝင်လာနိုင်စေရန်နှင့် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီး ကာလရှည်ကြာ နေထိုင်နိုင်ရေးအတွက် လူမှုရေးဗီဇာများနှင့် ပတ်သက်၍ ဖြေလျှော့ခဲ့ရာ ယခင်က တစ်ကြိမ်တစ်ခါသုံး သုံးလသက်တမ်းရှိ ပြည်ဝင်ဗီဇာအားနေထိုင်ခွင့် ၂၈ ရက်သာ ခွင့်ပြုရာမှ ယခုအခါ နေထိုင်ခွင့်ရက် ၇ဝ သို့ လည်းကောင်း၊ အကြိမ်ကြိမ်သုံး လူမှုရေးဗီဇာ အား သုံးလ၊ ခြောက်လ၊ တစ်နှစ်သက်တမ်းဖြင့် ပြောင်းလဲပေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသံတမန်များအတွက် လက်တွေ့မကျသည့် လုပ်ထုံးများဖြေလျှော့
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အစိုးရအသစ် တာဝန်ယူလာခဲ့ပြီးနောက် မိမိတို့နိုင်ငံသို့ လာရောက်တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံခြား သံတမန်များအား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် လုပ်ထုံးလုပ်နည်းများတွင် လက်တွေ့မကျ သည်များကို စိစစ်ဖြေလျှော့မှုများလည်း ပြုလုပ်ပေးခဲ့သည်။ မြန်မာနိုင်ငံ အခြေစိုက် သံတမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် သံတမန်များနှင့် မိသားစုဝင်များ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက် နေထိုင်ခွင့် သက်တမ်းတိုးရာ၌ သံတမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများအတွက် ယခင်က သုံးနှစ်အစား ယခုအခါ တာဝန်ထမ်းဆောင်သည့်ကာလအတိုင်း (Duration of Assign- ment)သို့ လည်းကောင်း၊ အထူးနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများအတွက် ယခင်က တစ်နှစ်နေထိုင်ခွင့်အစား တာဝန်ထမ်းဆောင်သည့် ကာလအတိုင်း(Duration of Assign- ment) ပြောင်းလဲ၍ လည်းကောင်း၊ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အခကြေးငွေကောက်ခံ၍ တစ်ကြိမ် အသုံးပြုနိုင်သော သုံးလသက်တမ်း ပြည်ဝင်ဗီဇာကို ထုတ်ပေးရန် ဆောင်ရွက်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်များနှင့် သံတမန်မဟုတ်သော သံရုံး ဝန်ထမ်းများအနေဖြင့် ပြည်တွင်း၌ ခရီးသွားလာရာတွင် လုံခြုံရေးအရကန့်သတ်ထားသည့် နယ်မြေများအပ၊ ကျန်ဒေသများသို့ ခရီးသွား ခြင်းနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ကိုလည်း ပိုမိုအဆင်ပြေအောင် ဖြေလျှော့ပေးခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုမြို့တော် နေပြည်တော်ကို ပြောင်းလဲသတ်မှတ်ခဲ့ ပြီးခြင်းကြောင့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရေးအတွက် ကျင့်သုံးမည့် မြေယာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းကိုလည်း အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် အစိုးရ၏ ပထမတစ်နှစ်တာအတွင်း ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်မှုတိုးပွား လာရေးအတွက် ခရီးစဉ်များသွားရောက်ခြင်း၊ ဧည့်သည်တော်များလာရောက်ခြင်း၊ နိုင်ငံ တကာအဖွဲ့အစည်းများ၊ အစည်းအဝေးများသို့ တက်ရောက်ခြင်းနှင့် လက်ခံကျင်းပခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့် လက်ရှိ အစိုးရလက်ထက်တွင် နိုင်ငံတကာ ဆက်ဆံရေးများ တိုးတက်အောင်မြင်ခဲ့ကြောင်း မြင်တွေ့ရပြီး အိမ်နီးချင်းနိုင်ငံများ၊ အရှေ့နှင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို ဟန်ချက်မျှတစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြှင့်တင်နိုင်ခဲ့သည်ကိုလည်း မြင်တွေ့ရသည်။

''ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာမျက်နှာစာမှာ စိန်ခေါ်မှုတွေ၊ ဖိအားပေးမှုတွေကို ကျွန်တော်တို့အနေနဲ့ ရင်ဆိုင်နေရဆဲပါ။ ဒါပေမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်း တင်သွင်းမှုနဲ့ အတွင်းရေးမှူးချုပ်ရဲ့ အကျိုးဆောင်မှု ကဏ္ဍတွေကို အဆုံးသတ်နိုင်ခဲ့ခြင်း၊ အမေရိ ကန်ပြည်ထောင်စုကနေ ကန့်သတ်ပိတ်ဆို့နေ တာတွေကို ဖယ်ရှားနိုင်ခဲ့ခြင်းစတဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျတဲ့ အင်အားကြီးနိုင်ငံတွေကိုရော ကမ္ဘာ့နိုင်ငံတွေအားလုံးနဲ့ကိုရော ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဘက်ညီမျှတစွာ တည်ထောင်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

ဒါတင် မကသေးပါဘူး။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်စေရန်အတွက် နိုင်ငံတကာကနေအားပေး ထောက်ခံပံ့ပိုးမှုတွေလည်းရခဲ့တယ်။ မိမိနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေနဲ့ နည်းပညာ အကူအညီအထောက်အပံ့တွေ၊ ကမ်းလှမ်းမှု တွေကို နှစ်နိုင်ငံချင်းရော နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ပါ ပူးပေါင်းခဲ့ပြီး တိုးတက်ရရှိ အောင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ယုံကြည် ပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။ MOI

No comments:

Post a Comment