Latest News

Thursday, March 30, 2017

ပြည်သူများက အစိုးရကို ကြောက်ရန်မလိုတော့ခြင်းသည် တိုးတက်မှုဖြစ်၊ နိုင်ငံ့ကိစ္စများကို ‘‘ပြည်သူနှင့်အတူ’’ တာဝန်ထမ်းဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူများက အစိုးရကို ကြောက်ရန်မလိုတော့ခြင်းသည် တိုးတက်မှုဖြစ်၊ နိုင်ငံ့ကိစ္စများကို ‘‘ပြည်သူနှင့်အတူ’’ တာဝန်ထမ်းဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဓာတ်ပုံ − Myanmar State Counsellor Office
အစိုးရသက်တမ်းတစ် နှစ်အတွင်း ပြည်သူများက အစိုးရ ကို ကြောက်ရန်မလိုတော့ခြင်း သည်  တိုးတက်မှုဟု ယုံကြည်ပြီး နိုင်ငံ့ကိစ္စများကို ‘‘ပြည်သူနှင့် အတူ’’ တာဝန်ထမ်းဆောင်မည် ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အစိုးရတစ်နှစ်ပြည့် မိန့်ခွန်း တွင် ပြောကြားလိုက်သည်။


‘‘ပထမဦးဆုံးအားဖြင့် ကျွန်မ ယုံကြည်တာကတော့ အခုနှစ်အ တွင်းမှာ ပြည်သူတွေဟာ အစိုးရ ကို ကြောက်ဖို့မလိုဘူးဆိုတာ အ များက သိလာတယ်လို့ ကျွန်မ ထင်ပါတယ်။ ဒီဟာကို တိုးတက် မှုတစ်ခုလို့ပဲ ကျွန်မကတော့ ယူဆ ပါတယ်။ ပြည်သူကနေပြီးတော့ အစိုးရကို ကြောက်ဖို့မဟုတ်ပါ ဘူး။ ကျွန်မတို့ ရည်ရွယ်တာက တော့ ပြည်သူက အစိုးရကိုလေး စားဖို့၊ တန်ဖိုးထားဖို့၊ ယုံကြည်ဖို့ ပဲ။ ဒီအဆင့်ရောက်တဲ့အထိတော့ ကျွန်မတို့ ဆက်ပြီးကြိုးစားသွားရ မှာပါ’’ဟု ဒေါ်အောင်ဆန်းစုကြည် က အနှစ်ငါးဆယ်ကျော် အမြစ် တွယ်ခဲ့သော စနစ်ကို အပြောင်း အလဲလုပ်ဆောင်ရခြင်းနှင့် ပတ် သက်၍ ပြောကြားသည်။

ထို့အပြင် NLD ၏ ပြောင်းလဲ ချိန်တန်ပြီဆိုသည့် ဆောင်ပုဒ်ကို ‘‘ပြည်သူနဲ့အတူ’’ဟု ပြောင်းကာ နိုင်ငံ၏ပြဿနာများ၊ နိုင်ငံတိုး တက်ရေးများကို ပြည်သူနှင့်အတူ တာဝန်ယူမည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

‘‘ကျွန်မတို့အနေနဲ့ ဒီတာဝန် တွေကို ကျေပွန်ဖို့အတွက် ပြည် သူရဲ့အားကို ကျွန်မတို့ယူသလို ကျွန်မတို့ရဲ့ စွမ်းအားတွေအားလုံး ကိုလည်း ပြည်သူတွေအတွက် ကျွန်မတို့ သုံးပါမယ်ဆိုတဲ့စိတ် ဓာတ်နဲ့

ပြည်သူနဲ့အတူ ကျွန်မတို့ နောက် နှစ်ကို ချီတက်သွားချင်ပါတယ်။ အဲဒီလို ချီတက်သွားတဲ့အခါ ကျွန်မတို့ ပြည်သူ ပြည်သား အားလုံး၊ ပြည်ထောင်စုနိုင်ငံသူ၊ နိုင်ငံသားများအားလုံးဟာ ၀ိုင်း ၀န်းပြီးတော့ ပံ့ပိုးကူညီကြလိမ့် မယ်လို့ ကျွန်မတို့ မျှော်လင့်ပါ တယ်’’ဟု ၎င်းက ဆိုသည်။

၂၅ မိနစ်ကြာမြင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့် ခွန်းတွင် နှစ်ငါးဆယ်ကျော်ကြာ အမြစ်တွယ်နေသည့် စနစ်နှင့် စိတ်ဓာတ်များ အပြောင်းအလဲ ဖော်ဆောင်ခြင်း၊ ပြည်သူကို ကာ ကွယ်မည့် ဥပဒေများ ပြဋ္ဌာန်းခဲ့ပြီး ဖိနှိပ်သည့် ဥပဒေများ ပြောင်းလဲ ဖယ်ရှားခဲ့ခြင်း၊ အမျိုးသား ပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဆောင်ရွက်မှု၊ အစိုးရ၀န်ကြီး များ အဂတိတရားကင်းရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် အစိုးရ၏ ရပ်တည်ချက်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။ မိန့် ခွန်းတွင် ‘ပြည်သူ’ဆိုသော စကား လုံးကို ၇၄ ကြိမ်တိုင် ပြောကြားခဲ့ ပြီး ‘အမျိုးသားရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေး’ဆိုသော စကား လုံးကို ၁၅ ကြိမ် ပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူ့ကျန်းမာ ရေးနှင့် ပညာရေးတို့တွင် ဘဏ္ဍာ ငွေတိုးတက်သုံးစွဲခဲ့မှု၊ ပြောင်း သင့်သည့် ၀န်ကြီးများကို ပြောင်း ရမည့်ကိစ္စ၊ တိုင်းပြည်တာဝန်မ ကျေပွန်သူများနှင့် စည်းကမ်းမ လိုက်နာသူများကို ဆက်လက်အ ရေးယူရန် စသည်တို့ကိုလည်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က ‘‘ကျွန်မနိုင်ငံရေး လောကကို ၀င်လာကတည်းက အတိုင်း ကျွန်မတစ်ခုတည်းသော ကတိတစ်ခုကို ပြုမယ်။ ကျွန်မ အကောင်းဆုံးလုပ်မယ်။ ကျွန်မ အကောင်းဆုံးထက်တော့ ပိုပြီး တော့ လုပ်လို့မရဘူး။ ကျွန်မအ ကောင်းဆုံးက နိုင်ငံအတွက်၊ ပြည်သူအတွက် မလုံလောက်ဘူး ဆိုရင် ပိုပြီး လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံလုပ်ပေးမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုက တာဝန်ယူ မယ်ဆိုလို့ရှိရင် ကျွန်မတို့က နောက်ဆုတ်ပေးဖို့ အဆင်သင့် ပါပဲ’’ဟု ပြောသည်။

၂၀၁၆ မတ်လ ၃၀ ရက်တွင် အစိုးရတာဝန်များ စတင်ထမ်း ဆောင်ခဲ့ရာ၌ စီးပွားရေးချွတ်ခြုံကျနေခြင်းနှင့် လွတ်လပ်ရေးပြီး ချိန်မှ လက်ရှိအချိန်ထိ အပြည့် အ၀ငြိမ်းချမ်းရေး မရရှိသေးခြင်း အပါအ၀င် စိန်ခေါ်မှုများစွာ တစ် နှစ်အတွင်း ကြုံတွေ့ခဲ့ရသည်ဟု လည်း ပြောသည်။

ပြည်သူကို ကာကွယ်မည့် ဥပဒေများပြဋ္ဌာန်း၊ ဖိနှိပ်သည့်ဥပဒေများ ဖယ်ရှား

အစိုးသစ်လက်ထက် တစ် နှစ်အတွင်း ပြည်သူလူထုကို အ ကာအကွယ်ပေးနိုင်မည့် ဥပဒေ များ ပြဋ္ဌာန်းခဲ့ပြီး တစ်ချိန်တည်း တွင် ပြည်သူလူထုကို ဖိနှိပ်ရာ ရောက်သည့် ဥပဒေများကို ပြောင်းလဲ၊ ဖယ်ရှားခြင်းများ လုပ် ဆောင်ခဲ့သည်ဟု ဒေါ်အောင် ဆန်းစုကြည်ပြောသည်။

လက်ရှိအစိုးရအဖွဲ့ဝင်များ အနေဖြင့် စိတ်ဓာတ်ကို ပြောင်း လဲခြင်းဆိုသည်မှာ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ စသည့် အဂတိ တရားလေးပါးမှ ကင်းရန်ဖြစ်ပြီး အစိုးရတာဝန်ထမ်းဆောင်သည့် ပုဂ္ဂိုလ်များသည် အမှန်တရားကို ကြည့်ပြီး အလုပ်လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

‘‘အဓိက အရေးကြီးတာက တော့ ကျွန်မတို့ရဲ့ ပြည်သူတွေ စိုး ရိမ်ကြောင့်ကြမှုမှ ကင်းဝေးဖို့ လည်း လိုပါတယ်။ ဒါပေမဲ့ အစိုးရ ဆိုတာလည်း စိုးရိမ်ကြောင့်ကြမှု ကနေ ကင်းရမယ်၊ ပြောရမယ်ဆို ရင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲရမယ်။ လုပ်သင့်လုပ်ထိုက် တာကို မလုပ်ရဲလို့ရှိရင် နိုင်ငံတစ် နိုင်ငံရဲ့ အုပ်ချုပ်ရေးတာဝန်ကို မ ယူသင့်ပါဘူး’’

ပြောင်းသင့်သည့် ၀န်ကြီးများပြောင်းလဲရမည်

လက်ရှိအစိုးရသည် အမျိုး သားရင်ကြားစေ့ရေးကို ဦးတည် သော အစိုးရဖြစ်ပြီး NLD ပါတီဝင် များသာမက အခြားအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များဖြင့် စုဖွဲ့ ထားသည့် အစိုးရဖြစ်ကာ ရွေး ချယ်ထားသည့် ၀န်ကြီးအားလုံး အတော်ဆုံး၊ အကောင်းဆုံးဖြစ်၊ မဖြစ်ကို အချိန်က ပြောသွားမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

‘‘တချို့က တိုးတက်မှုပိုနှေး တယ်။ တချို့ တိုးတက်မှု ပိုမြန် တယ်။ ဒါပေမဲ့ တချို့တွေကလည်းရောက်နေတဲ့ နေရာနဲ့ သင့်တော် ချင်မှ သင့်တော်မယ်။ ဒါတွေက တော့ ကျွန်မတို့ ကြည့်ပြီးတော့ ပြောင်းသင့်ပြောင်းထိုက်တာကို ပြောင်းရမှာပဲ။ ဒါ . . .ပြည်သူတွေ ကလည်း ဒီကိစ္စတွေကို သိပိုင်ခွင့်ရှိပါတယ်’’။

NLD က ခန့်အပ်ထားသည့် ပုဂ္ဂိုလ်များထဲမှ တိုင်းပြည်တာ ၀န်မကျေပွန်သူများ၊ ပါတီစည်း  ကမ်းမလိုက်နာသူများကိုလည်း ရွေးကောက်ပွဲ စည်းရုံးရေးကာလ က လူထုအား ကတိပေးခဲ့သည့်အ တိုင်း အရေးယူခဲ့ပြီး နောင်တွင် လည်း ဆက်လက်အရေးယူမည် ဟု ပြောသည်။

ရခိုင်ပြည်နယ်အရေး အစိုးရရပ်တည်ချက်

ရခိုင်ပြည်နယ်အရေးကိစ္စ နှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသ မဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ နှင့် မကိုက်ညီဟု ယူဆ၍ လက်မ ခံခဲ့ခြင်းဖြစ်ပြီး နိုင်ငံနှင့် ကိုက်ညီ သည့် အကြံဉာဏ်များကို ကျေး ဇူးတင်စွာ လက်ခံမည်ဖြစ်သလို ယင်း အကြံဉာဏ်များကိုလည်း အကောင်အထည် ဖော်နိုင်ရေး အတတ်နိုင်ဆုံး ကြိုးစားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ လူ့အခွင့် အရေးချိုးဖောက်မှုများကို သက် သေပြရေး လွတ်လပ်သော နိုင်ငံ တကာအချက်အလက်ရှာဖွေရေး အဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံသို့ ချက် ချင်းစေလွှတ်ရန် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီက မတ်လ ၂၄ ရက်တွင် အတည်ပြုဆုံးဖြတ် ချက်ကို လက်မခံသည့်အပေါ်  ၎င်းက ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

‘‘ဒီတော့ ကျွန်မတို့ တစ်နှစ် အတွင်း လုပ်ခဲ့တဲ့ ကိစ္စရပ်အား လုံးဟာ နိုင်ငံရဲ့ အနာဂတ်ကို ကျွန်မတို့ ရှေးရှုပြီးတော့ လုပ်ခဲ့ ပါတယ်’’။

ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးတိုးတက်ရရှိရေး

‘‘ပြည်သူအပေါ်မှာ မေတ္တာ ထားမယ်။ နိုင်ငံအပေါ်မှာ သစ္စာ စောင့်မယ်’’ဟု အစိုးရသစ်တာဝန် ထမ်းဆောင်စ မြန်မာနှစ်သစ်ကူး နေ့တွင် ပြည်သူများအား ဒေါ် အောင်ဆန်းစုကြည်က ကတိပေး ခဲ့သည်။ ကတိအတိုင်း ပြည်သူ အပေါ် မေတ္တာထားရာတွင် ပြည် သူများ၏ ကျန်းမာရေး၊ ပညာ ရေးကို အထူးဂရုပြုရန်လိုအပ်၍ ယခုဘဏ္ဍာရေးနှစ်တွင် ပညာ ရေးနှင့် ကျန်းမာရေးအတွက် ဘတ်ဂျက်ကို ယခင်ထက် ပိုမို သုံးစွဲထားကြောင်း ၎င်းကပြော သည်။

တစ်နှစ်အတွင်း အစိုးရသစ် ၏ ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှုနှုန်းသည် ကမ္ဘာက အ သိအမှတ်ပြုရလောက်အောင်ပင် တိုးတက်နှုန်းမြန်ခဲ့သည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြော ကြားခဲ့ပြီး တီဘီ၊ ငှက်ဖျား၊ HIV၊ AIDS စသည့် ရောဂါကြီး သုံးခု တိုက်ဖျက်ရေး စီမံကိန်းသည် ထင်ရှားပြီး Global Funds ဆို သည့် ကမ္ဘာ့ငွေရေးကြေးရေးအဖွဲ့ ကပင် ချီးမွမ်းခဲ့သည်ဟု ဆိုသည်။ Global Funds က လာမည့် သုံး နှစ်အတွင်း မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့မည်ဟုလည်း ပြောဆိုခဲ့ သည်ဟုဆိုသည်။

ပြည်သူ့ဘဏ္ဍာငွေကို ကိုယ်ပိုင်ငွေလိုမသုံး

ယခင်ကတည်းက ဆောင် ရွက်ခဲ့သည့် စီမံကိန်းများ အဆင့်မီ ရေးကို အဓိကထားလုပ်ဆောင် ခဲ့သည့်အပြင် မလိုအပ်ဘဲ ဘဏ္ဍာ ငွေများ အလဟဿမဖြစ်စေရန် စိစစ်ရာ ယင်းစီမံကိန်းများမှ ကျပ် ဘီလီယံနှင့်ချီပြီး ပိုငွေများ ရရှိလာ သည်ကို တိုင်းနှင့် ပြည်နယ်အချို့ တွင်ရှိခဲ့သည်ဟု ဆိုသည်။

‘‘ပြည်သူလူထုရဲ့ ဘဏ္ဍာငွေ ကို ကိုယ်ပိုင်ငွေလို ကျွန်မတို့ မသုံးပါဘူး။ ပြည်သူ့ငွေဟာ ပြည် သူ့ငွေပဲ။ နိုင်ငံ့ငွေဟာ နိုင်ငံ့ငွေပဲ နိုင်ငံ့ဘဏ္ဍာပဲ။ နိုင်ငံရဲ့ အရင်းအ မြစ်ပဲ ဆိုပြီးတော့ ကျွန်မတို့ သေ သေချာချာကို တာဝန်ရှိစွာနဲ့ ကျွန်မတို့ သုံးခဲ့ပါတယ်။ အဲဒီ တော့ ကျွန်မတို့ ဒါဟာလည်း နိုင်ငံ့အပေါ်မှာ သစ္စာစောင့်တယ်ဆိုတဲ့ အတိုင်းပါပဲ’’။

သို့သော် တစ်နှစ်အတွင်း ပြည်သူအားလုံး တိုးတက်သင့်သ လောက်၊ တိုးတက်ချင်သလောက် မတိုးတက်သေးကြောင်းလည်း ၎င်းက ၀န်ခံပြောကြားသည်။

အစိုးရကိုဝေဖန်ရန်၊ အကူအညီပေးရန်တောင်းဆို

ဒီမိုကရေစီအစိုးရဆိုသည် မှာ နိုင်ငံကို အစဉ်အမြဲ အုပ်ချုပ် သွားရန်မဟုတ်ဘဲ မမြဲခြင်းဆို သည့် နိုင်ငံရေးသဘောတရားအ ရ အစိုးရအခြေအနေသည် ပြည် သူများ ကြည်ဖြူမှသာ ခိုင်မာမည် ဆိုသည်ကို လက်ခံကြောင်း ဆက်ပြောသည်။

ပြည်သူများအနေဖြင့် အစိုး ရကို ဝေဖန်သင့်သည်များကို ဝေ ဖန်ရန်နှင့် အကူအညီပေးသင့် သည်များကို အကူအညီပေးရန် လည်း ၎င်းက တောင်းဆိုခဲ့သည်။ တစ်နှစ်အတွင်း၌ အချို့အဖွဲ့ အစည်းများ၊ ပုဂ္ဂိုလ်များက အ စိုးရသစ်ကိုမည်ကဲ့သို့ပင် ပြော သည်ဖြစ်စေပြည်သူများက နား လည်မှုပေးခဲ့ပြီး အစိုးရကို ၀န်းရံ ခဲ့၊ ကူညီခဲ့သည်ကို သတိပြုမိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

အမျိုးသားရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးအတွက် အလှူ ခံရာတွင်လည်း အချိန်တိုအတွင်း ပြည်သူများ၏ လှူဒါန်းမှု ကျပ် ၁၄ ဘီလီယံရရှိခဲ့သည်ဟု ဆိုသည်။

‘‘ကျွန်မတို့ရဲ့ နောင်မျိုးဆက် များဟာ ဒီအချိန် ကာလပြန်ကြည့် ပြီးတော့ ငါတို့ နိုင်ငံကြီးအတွက် အလင်းရောင်သန်းခဲ့တဲ့ကာလ က ဒီကာလပါပဲလို့ မလွဲမသေ ပြောနိုင်ပါတယ်လို့ ယုံကြည်ပါ တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့်ပတ်သက်၍ ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ‘‘နှစ် ပေါင်းများစွာ နိုင်ငံတော်ရဲ့ အ ကြီးအကဲ တာဝန်ထမ်းဆောင်ခဲ့ တဲ့ပုဂ္ဂိုလ်တွေထဲမှာတော့ ဒါဟာ ပထမဆုံးတွေ့ခဲ့ဖူးတဲ့ နိုင်ငံတော် အကြီးအကဲရဲ့ အရိုးဆုံးနဲ့၊ အရှင်း ဆုံးနဲ့ နောက်ပြီးတော့ တစ်နည်း အားဖြင့် ပြည်သူလူထုအပေါ်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှုအပြည့်နဲ့ ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုပါပဲ။ အဲဒီ တော့ ဒီမိန့်ခွန်းအပေါ်မှာ ကျေနပ် အားရမှုရှိပါတယ်’’ဟုပြောသည်။

‘‘သူတို့အနေနဲ့ ပြည်သူနဲ့အ တူ တစ်သားတည်းဖြစ်တယ်ဆိုတဲ့ ဟာက တော်တော်ကောင်းပါ တယ်။ အဲဒါ သူတို့ဆောင်ပုဒ်အ သစ်ပေါ့။ သူတို့လည်း အားလုံး လုပ်နိုင်တယ်လို့ ပြောမသွားပါ ဘူး။ တတ်နိုင်သလောက် လုပ်ပါ တယ်ပေါ့။ ဒါကြောင့်မို့လို့ သူ ပြောခဲ့တာတွေက ကောင်းပါ တယ်။ ကျွန်တော်တို့က လက်ခံပါ တယ်’’ဟု ကချင်ပြည်နယ်ဒီမိုက ရေစီပါတီဥက္ကဋ္ဌ ဒေါက်တာ မနမ် တူးဂျာက ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပါတယ်။ တကယ်ကို သူ မျှော်လင့်တဲ့အနေအထားတစ်ခု ကို ပုံဖော်နေတာတွေ့ရတယ်။ နောက်ပြီး သူ့ပါတီတစ်ခုတည်း အကျိုးအတွက် ပြောသွားတာမ ဟုတ်ဘူး။ နိုင်ငံတစ်ခုလုံးအတွက် ပြောသွားတာ။ ဘယ်သူကိုမှ အ ပြစ်တင်တာမရှိဘူး’’ ဟု ထန်တ လန်မြို့မှ ကိုဇာဘိတ်ထောင်က ပြောသည်။
( 7Day News )

No comments:

Post a Comment