Latest News

Thursday, March 30, 2017

တစ်နှစ်တာအောင်မြင်မှုမှသည် ဒီမိုကရေစီနိုင်ငံသစ်ဆီသို့

တစ်နှစ်တာအောင်မြင်မှုမှသည် ဒီမိုကရေစီနိုင်ငံသစ်ဆီသို့

''ပြောင်းလဲချိန်တန်ပြီ''ဟူသော ကြွေးကြော်သံဖြင့် ပြည်သူလူထု တစ်ခဲနက်ထောက်ခံမှုရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဆောင်ဖွဲ့စည်းခဲ့သည့် အရပ်သားအစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံ့တာဝန်များကို ''ပြည်သူနှင့်အတူ'' ထမ်းရွက်နေသည်မှာ တစ်နှစ်ပြည့်ပြီဖြစ်သည်။

အစိုးရသစ်တစ်ရပ်အနေဖြင့် နိုင်ငံ့တာဝန်ကို ရယူဆောင်ရွက်ရာ၌ ဒီမိုကရေစီနိုင်ငံများ၏ ဆောင်ရွက်လေ့ရှိသည့်အတိုင်း ၄င်းတို့အစိုးရအဖွဲ့၏ ရက် ၁ဝဝ ဆောင်ရွက်ခဲ့မှုနှင့် တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုတို့ကို ပြည်သူများအား အလေးထားသောအားဖြင့် ပြန်လည်အသိ ပေးလေ့ရှိသည်။

ယနေ့အစိုးရအဖွဲ့၏ တစ်နှစ်တာ ဆောင်ရွက်ချက်များကို မတ်လ ၁၁ ရက် နေ့မှစ၍ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သိရှိခွင့်ရခဲ့ရာ ဝေဖန်သုံးသပ်ပြောဆိုသံများကြားတွင် အစိုးရအဖွဲ့၏ တခုတ်တရလုပ်ဆောင်မှုများကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။ နိုင်ငံ့အာဏာကိုလွှဲပြောင်းလက်ခံ တာဝန်ယူဆောင်ရွက်ရသော အစိုးရအဖွဲ့အနေဖြင့် အင်ဂျင်အဟောင်းနှင့် မောင်းနှင်ရသည့်ကားကဲ့သို့ ရှေ့ဆက်ရမည့်ခရီးအတွက် ကားအဟောင်းကိုပြင်၊ ပြောင်းသင့်သည်တို့ကိုပြောင်း၊ ဖြည့်သင့်သည်တို့ကိုဖြည့်၊ လဲသင့်သည်တို့ကိုလဲ။ လမ်းကြမ်းကြမ်းတွင် ခရီးဆက်မည့်ယာဉ်ကို ကြံ့ခိုင်အောင် ဆောင်ရွက်ရင်း ခရီးတွင်အောင်လည်း အပြေးနှင်နေရသည်။

သို့ကြောင့် ဒီမိုကရေစီခရီးလမ်းတွင် တက်စုံဖွင့် ရွက်ကုန်လွှင့်ကာ ဖြောင့်ဖြောင့် ဖြူးဖြူး ခရီးမတွင်သေးသည်ကို နားလည်ပေးကြလိမ့်မည်ဟု ယုံကြည်ပါသည်။
တစ်ချိန်သောကာလက မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအလယ်တွင် သာလွန်ကောင်းမွန်သော အခြေအနေရှိခဲ့သည်ကို အားလုံးသိရှိကြမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် အခြားနိုင်ငံများထက် နောက်ကျကျန်နေသည်မှာလည်း အမှန် ဖြစ်သည်။

ယင်းမှာ နိုင်ငံရေးအခြေအနေ ကျဆင်းသွားသောကြောင့် စီးပွားရေးသည်ပင် လိုက်ပါထိခိုက်သွားရခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပဋိပက္ခ များချုပ်ငြိမ်းရေး၊ လူအခွင့်အရေးစံနှုန်းများ ပြည့်မီရေးတို့ကို အစိုးရက အလေးထား ဆောင်ရွက်ပေးနေသည်မှာ နိုင်ငံစီးပွားရေး ပြန်လည်ကောင်းမွန်လာပြီး တန်းတူညီမျှ နေထိုင်နိုင်ရေးအတွက်ဖြစ်သည်။

တန်းတူညီမျှဖွံ့ဖြိုးရေးအတွက် နိုင်ငံအတွင်း အဂတိလိုက်စားမှုကင်းစင်ရေးသည် အရေးကြီးသည်။ အစိုးရအဖွဲ့အတွင်း အဂတိ လိုက်စားမှုကင်းစင်ရေးအတွက် နိုင်ငံ့တာဝန်ယူပြီးရက်ပိုင်းအတွင်းပင် ညွှန်ကြားချက်များထုတ်ဆင့်ခြင်းဖြင့် စတင်ခဲ့သည်။ အဂတိလိုက်စားမှုမှာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည်မှာ အမှန်ဖြစ်သည်။ နှစ်ပေါင်းများစွာအမြစ်တွယ်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အစိုးရ၏ကြိုးပမ်းမှုကို ကြိုဆိုကြသလို ထောက်ခံကြသည်။

အစိုးရအဖွဲ့တွင် အဂတိလိုက်စားမှု နည်းပါးသွားခြင်းသည် ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးရာရောက်သည်။

ယနေ့မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော ရခိုင်ပြည်နယ်အရေးတွင် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ စွပ်စွဲပြစ်တင်မှုများနှင့် လုပ်ဆောင်မှုများအား နိုင်ငံအကျိုးစီးပွားကို ရှေးရှု၍ အစိုးရအဖွဲ့က ပြတ်ပြတ်သားသား တုံ့ပြန်မှုများပြုလုပ်ခဲ့သလို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျလုပ်ဆောင်ပေးနေသည်မှာ မိမိတို့၏အိမ်တွင်းရေးကို အစိုးရကမိဘသဖွယ် ဖြေရှင်းပေးနေခြင်းပင်ဖြစ်သည်။

ရခိုင်အရေးတွင် အစိုးရနှင့်တပ်မတော် ပူးပေါင်းဆောင်ရွက်ပေးနိုင်ခြင်းသာမက အခြားအရေးအရာကိစ္စများတွင် လက်တွဲ ဆောင်ရွက်နိုင်ခြင်းမှာ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး တိုးတက်ကောင်းမွန်ခြင်းကို ဆောင်ပေသည်။
ဒီမိုကရေစီနိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ရှိသည့်အနက် ဥပဒေပြုရေး မဏ္ဍိုင်၏ ဆောင်ရွက်ချက်များမှာ နိုင်ငံနှင့် ပြည်သူလူထု၏အကျိုးစီးပွားကို ထိရောက်အောင်ဖော်ဆောင်ပေးနိုင်ပြီး ထင်ရှားသောဆောင်ရွက်ချက်များရှိခဲ့သည်။

နိုင်ငံရေးသမားများအတွက် ပုဒ်မ ၅(ည)ဟုဆိုလျှင် အများပြည်သူသိရှိကြသည်။ နိုင်ငံရေးသမားများကို ဖမ်းဆီးရာတွင် အလွယ်တကူအသုံးပြုနိုင်သည်။ ယင်းကို လွှတ်တော်က ပယ်ဖျက်နိုင်ခဲ့သည်။ မြို့ရွာများအတွင်း လာရောက်ကြသော ဧည့်သည်များအား အဟန့်အတားဖြစ်စေနိုင်သည့် ဧည့်စာရင်းတိုင်ရသည့်စနစ်ကို
ပယ်ဖျက်နိုင်သည့်ဥပဒေကို ပြင်ဆင်နိုင်ခဲ့သည်။

လူတစ်ဦးနှင့်တစ်ဦးအကြား တယ်လီဖုန်းပြောဆိုမှုကို ကြားဖြတ်နားထောင်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်း၊ စောင့်ကြည့်ခြင်းတို့သည် ပြည်သူလူထု၏ကိုယ်ပိုင်အခွင့်အရေးကို ထိခိုက်နစ်နာစေသည်။ မကြာသေးမီကာလက ကျင်းပပြီးစီးခဲ့သော လွှတ်တော်တွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းပေးနိုင်ခဲ့သည်။

အထက်ပါ ပြည်သူတို့၏အခွင့်အရေးကို ဥပဒေမဲ့ဆောင်ရွက်ပါက ပြန်လည်အမှုဖွင့် တိုင်ကြားနိုင်သော အခွင့်အရေးကို ပြည်သူများ ရရှိတော့မည်ဖြစ်သည်။ ယင်းတို့သည် ဥပဒေပြုရေးအပိုင်းမှ ပြည်သူအတွက် ထိရောက်သည့်လုပ်ဆောင်ချက် အချို့ဖြစ်သည်။

ထို့အပြင် ပြည်သူလူထုအကျိုးစီးပွားအတွက် ပြည်သူ့ဘဏ္ဍာငွေများအား မယိုမဖိတ်ခြင်း၊ လျှော့ချသုံးစွဲနိုင်ခြင်း၊ လိုအပ်သောနေရာဌာန ဥပမာ ပြည်သူလူထုအတွက် အထူးလိုအပ်သည့် ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ပိုမိုဖြည့်စွက်ပေးနိုင်ခဲ့သည်။ ပြည်သူလူထုအများစုကို ထိခိုက်စေနိုင်သော ဥပဒေအချို့ကို ပယ်ဖျက်နိုင်ခြင်းနှင့် ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းရေးဆွဲနိုင်ခြင်း၊ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသွားသော်လည်း စီးပွားရေးအတက်နှေးနေသည်ကို ပွင့်ပွင့်လင်းလင်းဝန်ခံပြီး စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နေခြင်းနှင့် အခြားအခြားသော အများပြည်သူ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနေမှုများမှာ ငြင်း၍မရသော ရလဒ်ကောင်းများဟု ဆိုရမည်ဖြစ်သည်။

အစိုးရအနေဖြင့် တစ်နှစ်တာတည်းဟူသော နိုင်ငံ့တာဝန်များကို ရယူလာခဲ့သည်မှာ နိုင်ငံအုပ်ချုပ်ရေး တာဝန်များသာမက အပြောင်းအလဲကို အလိုရှိကြကုန်သော ပြည်သူလူထုတစ်ရပ်လုံး၏ ကြီးမားသော မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်များကိုပါ ပူးတွဲလက်ခံဆောင်ရွက်ပေးနေရသဖြင့် အခက်အခဲနှင့်စိန်ခေါ်မှုများ များစွာရှိနေသည်ကို နားလည်ကြရမည်ဖြစ်သည်။
အစိုးရအတွက် တစ်နှစ်တာသော အချိန်ကာလ အတိုင်းအတာမှာ မကြာလှသေး သော်လည်း ပြည်သူလူထု၏ဆန္ဒနှင့်နိုင်ငံအုပ် ချုပ်ရေးတာဝန်များကို အကောင်းဆုံးဆောင် ရွက်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

အနိုင်ရပါတီမှ နိုင်ငံ့တာဝန်ကို ခွဲဝေစီမံဆောင်ရွက်ရသဖြင့် အုပ်ချုပ်ရေးနှင့်ဥပဒေပြုရေးတွင် ဟန်ချက်မပျက်ချေ။ အရပ်သားအစိုးရ ကိုယ်တိုင်တင်ပြလာသောဘတ်ဂျက်များကို လွှတ်တော်က စိစစ်မှုများပြုနိုင်ခဲ့သည်။

နိုင်ငံနှင့်ပြည်သူအကျိုးအတွက် ကျပ်ဘီလီယံ ၃ဝဝ ခန့် လျှော့ချဖြတ်တောက်ခဲ့ပြီး နိုင်ငံအတွက် စီးပွားရေးအရ တွက်ခြေမကိုက်သော လုပ်ငန်းများ၊ အရှုံးပေါ်နေသောစီမံကိန်းများကို လတ်တလောရပ်ဆိုင်းထားရန် အကြံပြုနိုင်ခဲ့ခြင်းသည် ပြည်သူလူထုအတွက် အလုပ်အကျွေးပြုခြင်းပင်ဖြစ်သည်။

နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ အစဉ်အဆက်လိုငွေပြနေပြီး ကြွေးမြီများလည်းရှိသည်။ နိုင်ငံ့ဘဏ္ဍာငွေ တောင့်တင်းခိုင်မာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်၊ စီးပွားရေးကောင်းမည်။ ထို့ကြောင့် ဘဏ္ဍာငွေ တောင့်တင်းရေးအတွက် အခွန်ကောက်ခံရေးကို အလေးထားဆောင်ရွက်နေသည်ကိုတွေ့ရသည်။
ထို့အပြင် အစိုးရပြည်ထောင်စု ဝန်ကြီးဌာနများ ကျစ်လျစ်မှုရှိစေရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရန်နှင့် ပြည်သူ့ဘဏ္ဍာငွေများကို ခြိုးခြံချွေတာနိုင်စေရန် ပြည်ထောင်စုဝန်ကြီးဌာနအရေအတွက်ကို လျှော့ချနိုင်ခဲ့သလို ဌာနအချို့ပေါင်းစပ် ဖွဲ့စည်းနိုင်မှုများမှာလည်း ထူးခြားချက်ပင်ဖြစ်သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော ပြည်ထောင်စုဝန်ကြီးဌာနအဖြစ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်း နိုင်ခဲ့သည်။ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍမှာ နိုင်ငံအတွက်အရေးကြီးသည်။ နိုင်ငံ၏အနာဂတ် ကောင်းမွန်ခြင်းသည် ယင်းကဏ္ဍနှစ်ရပ်မှာ အခြေခံဖြစ်သည်။

ထို့ကြောင့် အစိုးရက ထိုကဏ္ဍနှစ်ရပ်အတွက် ဘတ်ဂျက် မြှင့်တင်သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံတော်၏ဘတ်ဂျက်တစ်ခုလုံး အသုံးစရိတ်၏ ၁၃ ရာခိုင်နှုန်းသုံးစွဲမည်ဖြစ်ပြီး ကျေးလက်ကျန်းမာရေးကဏ္ဍမြှင့်တင်ရန်နှင့် စာသင်ကျောင်းများ ဆောက်လုပ်ရန်တို့ပါဝင်သည်။ ယင်းသို့ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်းနိုင်ငံများအကြား ဆယ်စုနှစ်များစွာနောက်ကျကျန်နေခဲ့သော လူမှုဘဝအခြေ အနေများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။

တစ်ဆက်တည်းတွင် တိုင်းရင်းသား ပြည်သူများ မျှော်လင့်စောင့်စားလျက်ရှိသည့် နှစ်ပေါင်းများစွာဝေးကွာနေသော ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဦးစားပေးသည့် အနေဖြင့် (၂၁)ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ခဲ့ခြင်းမှာလည်း ထူးခြားမှုပင်ဖြစ်သည်။ ဘုံသဘောတူညီချက်နှင့် အနာဂတ်တွင် စစ်မှန်သည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် တိုင်းရင်းသားအားလုံး၏ သဘောထားများ ပါရှိရေးသည် အရေးကြီးသည်။

ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးတွင် တိုင်းရင်းသားအားလုံး ပါဝင်အောင်ဆောင်ရွက်နေသည်။ အစိုးရ၏ဆောင်ရွက်နေသော ငြိမ်းချမ်းရေးခရီးသည် ယခင်အဆက်ဆက် ဆောင်ရွက်ခဲ့သည်များထက် ထူးခြားမှုအသွင်ဆောင်ပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်သည်ဟုဆိုရမည်ဖြစ်သည်။
ပြည်သူများ၏လူမှုဘဝအတွက် အရေးကြီးသည့် ရပ်ရွာလုံခြုံရေးနှင့် အေးချမ်းသာယာရေးကို ဆောင်ရွက်ပေးနေသလို ပြည်သူအလွှာ ပေါင်းစုံနေထိုင်နိုင်မည့် အိမ်ရာစီမံကိန်းများကိုလည်း ဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။
နိုင်ငံ၏အရေးအရာကိစ္စများမှာ ရှုပ်ထွေး မြားမြောင်ပါသည်။ တစ်နှစ်တာအတွင်း အာဏာပိုင်အဖွဲ့အစည်း သုံးရပ်က အတတ်နိုင်ဆုံးနှင့်အကောင်းဆုံးဆောင်ရွက်ပေးနိုင်သည်ကိုပင် ကျေနပ်ရပါသည်။ ဤသို့ဖြစ်လာစေရန်နှင့် ပိုမိုကောင်းမွန်သော နိုင်ငံ၏အနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် အစိုးရတစ်ရပ်တည်း၊ လွှတ်တော်တစ်ရပ်တည်း တည်ဆောက်နေရုံဖြင့် မပြီးသေးချေ။ ပြည်သူအားလုံးက ဝိုင်းဝန်းပါဝင်ကူညီဆောင် ရွက်ပေးရန် လိုအပ်ပေသည်။
ပုဂ္ဂလိက လုပ်ငန်းရှင်များလည်း စီမံကိန်းလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအောင်မြင်အောင် ဝိုင်းဝန်းအကူအညီပေးဖို့လိုအပ်ပါသည်။ နိုင်ငံ၏တာဝန်မှာ အစိုးရတွင်သာတာဝန်ရှိသည်ဟု ခံယူချက်မျိုးမထားသင့်ချေ။ အစိုးရကသာ လုပ်ရမည်ဟူသောစိတ်ဓာတ်သည် ဒီမိုကရေစီစိတ်ဓာတ်မဟုတ်ချေ။
ပြည်သူအားလုံးပူးပေါင်းပါဝင်မှသာ မိမိမျှော်မှန်းသော ရည်ရွယ်ချက်ပန်းတိုင်သို့ရောက်ရှိနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီသည် ပြည်သူလူထုတွင် အခွင့်အရေးရှိသလို တာဝန်လည်းရှိသည်။ ယနေ့မိမိတို့၏လိုအပ်ချက်မှာ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး၊ စည်းကမ်းရှိရေး၊ ညီညွတ်ရေးတွင် ပြည်သူ့အား လိုနေသေးသည်။

ယခုအခါ နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ ထူးခြားသောနိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲတစ်ခုပေါ်သို့ ရောက်ရှိ နေလေပြီ။ ၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံဆန္ဒမဲဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရအဖွဲ့ နိုင်ငံ့တာဝန်ယူလာခဲ့သည်မှာ သက်တမ်းတစ်နှစ်တိတိ ပြည့်မြောက်ခဲ့သော်လည်း စိန်ခေါ်မှုများစွာနှင့် တစ်နှစ်တာ သက်တမ်းကာလအတွင်း စွမ်းဆောင်ရည်များအပေါ်တွင် အားရကျေနပ်မှုများရှိသလို လိုအပ်ချက်များလည်းရှိနေဦးမည်ဖြစ်သည်။

အရပ်သားအစိုးရအနေဖြင့် ဒီမိုကရေစီ ခရီးလမ်းကို ပန်းခင်းသောလမ်းတွင် လျှောက်လှမ်းနေရခြင်းမဟုတ်၊ ဆူးခင်းလမ်းကြမ်း ခရီးလမ်းပေါ်တွင် ဖြတ်သန်းနေရသည်။ တက်စုံ၊ ရွက်ကုန် တညီတညွတ်တည်း လှော်ခတ်နေသည်မဟုတ်၊ ကျောက်ကြမ်း၊ မြေကြမ်းလမ်းတွင် လှည်းယာဉ်မောင်းရ သကဲ့သို့မောင်းနှင်နေရသည်။

သို့အတွက် ထင်သလောက် ခရီးမပေါက်သေးဟု ဆိုချင်လည်း ဆိုကြမည်ဖြစ်သည်။ သို့သော် တစ်နှစ်တာ ကာလအတွင်း အတိုင်းအတာတစ်ခုအထိ ခရီးပေါက်သည်ဟု ပြောနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ ပြည်သူလူထုစိတ်ဝင် စားမှုအထူးရှိသည့် အရပ်သားအစိုးရ နိုင်ငံ့တာဝန်လွှဲပြောင်းမှုတွင် ညင်သာချောမွေ့ခဲ့ပြီး ယနေ့တစ်နှစ်တာကာလအတွင်း အလားအလာကောင်းများရှိနေသည်မှာ ကောင်းသော လက္ခဏာများပင်ဖြစ်သည်။

ဆက်လက်၍ ဒီမိုကရေစီ အနှစ်သာရများ၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်မျှတအောင် ဆောင်ရွက်ရင်း အခက်အခဲ အကျပ်အတည်းများကို ကျော်လွှားရာတွင် ပြည်ထောင်စုကြီးအကျိုး အတွက်ဟူသော ခံယူချက်ဖြင့် အားလုံး ပူးပေါင်းပါဝင်ကြရန်လိုအပ်ပါသည်။

(အညတြ)ပြန်/ဆက်

No comments:

Post a Comment