Latest News

Tuesday, February 21, 2017

‘ကျွန်တော် ပါတီကို မကြိုက်လို့ နုတ်ထွက်တာပါ ... ကျွန်တော် ပါတီကနေ ရိုးရိုးလေးနုတ်ထွက်တာပါ’’

‘ကျွန်တော် ပါတီကို မကြိုက်လို့ နုတ်ထွက်တာပါ ... ကျွန်တော် ပါတီကနေ ရိုးရိုးလေးနုတ်ထွက်တာပါ’’

ရာထူးမှ နုတ်ထွက်ထားသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးနှင့်တွေ့ဆုံခြင်း

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်း မင်းဦးသည် ဝန်ကြီးချုပ်သက်တမ်း ၁၀ လအတွင်း ရာထူးမှ တရားဝင်နုတ်ထွက်တော့မည်ဖြစ် ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က အတည်ပြုပြောကြားခဲ့ပြီး ဖေဖော် ဝါရီ ၂၀ ရက်တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ ၎င်း၏ နုတ်ထွက်စာကို ပေးပို့ခဲ့သည်။ ဦးမင်းမင်းဦးသည် ပြည်နယ်ဝန်ကြီးချုပ်တာဝန်သာမက ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲတာဝန်ယူထားသူဖြစ်သည်။ ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ရသည့်အ ကြောင်းရင်းနှင့် ရှေ့ဆက်လှုပ်ရှားမည့် အခြေအနေများနှင့်ပတ် သက်၍ 7DayDaily က ဦးမင်းမင်းဦးကို တွေ့ဆုံမေးမြန်းထား သည်များမှ ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်တဲ့ ၁၀ လသက်တမ်းအတွင်းမှာ ပြည်နယ်အတွက် မှတ်မှတ်ရရ လုပ်ပေးနိုင်ခဲ့တယ်လို့ ကိုယ့်ကိုယ် ကိုယ် အားရကျေနပ်မိတဲ့ လုပ်ငန်းတွေ ဘာတွေရှိခဲ့လဲ၊ အားမရတဲ့ အချက်တွေက ဘာတွေပါလဲ။

ရှိတော့ရှိတယ်။ မော်လမြိုင် မြို့ပေါ်မှာဆို လမ်းမကြီးတွေကိုနိုင်လွန်ကတ္တရာ ပြုပြင်မှုတွေ လုပ်ပေးခဲ့တယ်။ မွန်ပြည်နယ်မှာ လမ်းချဲ့ဖို့ အစီအစဉ်မရှိဘူး။ ကျွန်တော်သွားရင်းလာရင်းနဲ့တွေ့တော့ ဒီလိုလုပ်ပေးခဲ့တယ်။ လုပ်တာတွေ အများကြီးရှိသေးတယ်။ နယ်တွေမှာဆို ကျေးလက်လမ်းတွေကိုပါ လုပ်ပေးခဲ့တယ်။ နောင်နှစ်အ တွက်ဆွဲမယ့် စီမံကိန်းမှာ စည်ပင်လုပ်ရမယ့်လမ်း ၂၀ လောက်ရှိတယ်။ အခု ကျွန်တော် ၂၄၇ လမ်းလောက် ထည့်ဆွဲထားပေးတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပေးခဲ့တယ်။ အားမရတာတော့ ရှိတယ်။ မွန်ပြည်နယ်မှာ ဘတ်ဂျက်လုံလောက်မှုမရှိဘူးဆိုတော့ လုပ်ချင်သလောက် လုပ်လို့မရတာ တွေရှိတယ်။ အရင်အစိုးရဆွဲခဲ့တဲ့ လုပ်ငန်းတွေကို အခုပြန်လုပ်ရ တော့ နောက်နှစ်မှ ကိုယ်ဆွဲတဲ့ လုပ်ငန်းတွေကို လုပ်ရတော့မယ်ဆိုတော့ အခု မမီတော့ဘူး။ ဒါ ကြောင့်ပါ။

နောက်လာမယ့် မွန်ပြည်နယ်ဝန် ကြီးချုပ်ရာထူးကို ဆက်ခံမယ့် ပုဂ္ဂိုလ်ကို ဝန်ကြီးချုပ်ဟောင်း အနေနဲ့ ဘာများအကြံပြုချင်လဲ။

နောက်လာမည့် ဝန်ကြီးချုပ် အသစ်ကို အကြံပေးချင်ပါတယ်။ မွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေကို ဦးစားပေးပါလို့။ တိုင်းရင်းသားတွေကို အလေးထားပါလို့၊ တံတားကိစ္စ အဲဒါနဲ့ ငြိသွားတယ်။ မွန်တိုင်းရင်းသားတွေက ကိုယ့်ထီးကိုယ်နန်းနဲ့ နေခဲ့တဲ့ လူမျိုးပါ။ ဇာတိသွေး ဇာတိမာန် အရမ်းမြင့်တယ်။ တိုင်းရင်းသားတွေရဲ့ ရင်ထဲက ခံစားချက်ကို အလေးထားပေးပါလို့။

အစိုးရအဖွဲ့ဝန်ကြီးအချို့နဲ့ ပူး ပေါင်းဆောင်ရွက်မှု အားနည်း တယ်ဆိုပြီး  ဝေဖန်မှုတွေအပေါ် မှာ ဘယ်လိုတုံ့ပြန်ပြောကြားချင် ပါသလဲ။

ပူးပေါင်းဆောင်ရွက်မှု အား နည်းတဲ့သဘော မဟုတ်ပါဘူး။ ဝန်ကြီးတွေကို အားလုံးကို နတ် ရေကန်ထဲ ပစ်ထည့်လိုက်သလိုပဲ လုပ်နေရတယ်။ အခုမှ အခြေချရုံ ပဲရှိသေးတယ်။ သူ့ဌာန သူကိုင် နိုင်အောင် လုပ်နေရတာ။ ဘယ် သူမှ အထိုင်မကျသေးလို့ပါ။ ပူး ပေါင်း ဆောင်ရွက်မှုရှိပါတယ်။ အခုမှ လုပ်ငန်းလည်ပတ်နေသေး တယ်။ ဘယ်ဝန်ကြီးသွားမေးမေး ဘယ်သူ့မှ စိတ်ဝမ်းကွဲတာမရှိပါ ဘူး။

ဝန်ကြီးချုပ်ရော၊ ဝန်ကြီးတစ်ပါး အဖြစ်ရော၊ ပါတီ၊ လွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ရော နုတ်ထွက်မယ်ဆိုတော့ ကိုယ့်ကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေကို မလေးစားရာ ရောက်တယ်လို့ မခံစားမိဘူး လား။ ပြီးတော့ လွှတ်တော်ထဲက နေ ကိုယ့်ကြောင့် ပါတီအတွက် အားထားရမယ့် ဆန္ဒမဲတစ်မဲ လျော့ပါးဆုံးရှုံးသွားမှာကိုကော ပါတီအတွက် ပြန်ပြီးမငဲ့ညှာပေး တော့ဘူးလား။

အားလုံးကို တောင်းပန်ပါ တယ်။ ပြည်သူတွေကို ထပ် တောင်းပန်ပါတယ်။ ပြည်သူတွေ အခန်းကဏ္ဍက တာဝန်ကျေ တယ်။ ကျွန်တော်က တာဝန် မကျေသလိုဖြစ်သွားတယ်။ အ ရေးကြီးတာပြောချင်တာကတော့ ခွင့်လွှတ်ပါလို့ ပြောပါရစေ။ ၁၀ လလောက်ပဲ တာဝန်ယူသွားရလို့။ အခြေအနေ၊ အချိန်အခါအရ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်လိုက်လို့ ပြန်ပြီးမငဲ့တော့ပါ ဘူး။

အခုလို နုတ်ထွက်တယ်ဆိုရင် ကော အစကတည်းက ဘာလို့ ဒီလိုတာဝန်ကြီးကြီးတွေကို တာဝန်ယူခဲ့လည်းဆိုပြီး  ဝေဖန်မှုတွေအပေါ် မှာ ဝန်ကြီးချုပ် ဘယ်လိုတုံ့ပြန် ပြောကြားလိုပါသလဲ။

အရင်က တာဝန်ကြီးကြီး ဘာလို့ ယူခဲ့လဲဆိုတော့ အလုပ်ကို လုပ်နိုင်တယ်။ အခုရော လုပ်နိုင်တယ်။
ဘာကြောင့် ဒီလိုနုတ်ထွက်တယ်ဆိုတဲ့ မေးခွန်းကိုတော့ ကျွန်တော် လွတ်လွတ်ကင်းကင်းဖြစ်တဲ့အချိန်ကျမှ မေးပေးပါ။ အဲဒါ ကျမှ ဖြေတော့မယ်။ အခု ဘာမှ မတုံ့ပြန်ချင်တော့ပါဘူး။

ပါတီကနေ အခုနုတ်ထွက်မယ့် ကိစ္စအပေါ် ဘယ်လိုတုံ့ပြန်မှုရှိပါသလဲ။

ကျွန်တော် ပါတီကနေ ရိုး ရိုးလေးနုတ်ထွက်တာပါ။ ကျွန် တော် ဒီပါတီကို မကြိုက်လို့ နုတ်ထွက်တာပါ။ ဘာမှ မပြောစရာ မရှိဘူး။ သူတို့ကိုလည်း အပြစ် ပြောစရာ မရှိဘူး။ လူတိုင်း လွတ် လပ်ခွင့်ရှိတယ်။ ဘယ်ပါတီမဆို လူတိုင်း နုတ်ထွက်ခွင့်ရှိတယ်။ ဘာမှ တုံ့ပြန်မှုမရှိပါဘူး။

ဝန်ကြီးချုပ် ရာထူးက အနားယူပြီးရင်ကော ဘာတွေ ဆက်လုပ်သွား မလဲ။ ဘာစီးပွားရေးတွေ လုပ် သွားမလဲ။ ပြီးတော့ ၂၀၂၀ ရွေး ကောက်ပွဲကျရင် ဘယ်ပါတီကို မဲပေးသွားဖို့ရှိပါသလဲ။

ကျွန်တော် နိုင်ငံရေးကို အ နားမယူသေးပါဘူး။ ဒီလောကကိုပဲ လတ်တလော အနားယူသွားတာပါ။ နိုင်ငံရေးမှာ ပြန်ပါဝင်သင့်တဲ့ လူတွေနဲ့ ပြန်ကူညီသွားဖို့ရှိတယ်။ ကျွန်တော့်မှာ စီးပွားရေး တွေ အများကြီးရှိတယ်။ ရော်ဘာ ခြံလုပ်ငန်းတို့၊ မုန့်တီစက်လုပ်ငန်းတို့၊ ဖုန်းဆိုင်တွေ ဖွင့်ထားတယ်။ အမျိုးသမီး အလှပြင်ဆိုင်ဖွင့်ထားတယ်။ လုပ်ငန်းလေးခုလောက် ရှိတယ်။ ဝန်ကြီးချုပ်လုပ်လိုက် တော့ လုပ်ငန်းနှစ်ခုလောက်ကို တခြားသူကို ပေးလုပ်ရတယ်။ အခု ကျွန်တော် ဒီလုပ်ငန်းတွေကို ပြန်ဆက်လုပ်သွားမယ်။ မဆင်းရဲ သေးပါဘူး။ အဲဒီလောက်ပဲ ပြောပါရစေ။ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းပြည်ကို တကယ်အလုပ်လုပ် နိုင်မယ့် ပါတီကိုကြည့်ပြီး မဲပေး သွားမှာပါ။

လူမှုရေးပြဿနာနဲ့ပတ်သက်လို့ ပြည်နယ်အတွင်းမှာ တော်တော် လေး ပြောခံနေရတော့ ဝန်ကြီး ချုပ်အနေနဲ့ ဒီပြဿနာပေါ်မှာ ပြည်သူတွေကို တစ်စုံတစ်ရာ ရှင်းပြချင်စိတ်မျိုး ရှိပါသလား။

လူမှုရေးပြဿနာက မဟုတ်ပါဘူး။ ကျွန်တော်နဲ့ စွပ်စွဲတဲ့ ကောင်မလေးက အိမ်ထောင် တောင်ပြုတော့မယ်။ စွပ်စွဲခံရတဲ့ ကောင်မလေးက အစ်ကိုရွေးကောက်ပွဲ မဲဆွယ်တုန်းက ကမ်ပိန်းမန်နေဂျာပါ။ ကျွန်တော် ဝန်ကြီးချုပ်ဖြစ်လာတော့ သူ့ကို မခေါ်တော့ဘူး။ ကိုယ်စားလှယ်တုန်းက တောထဲ တောင်ထဲအထိ လိုက် ကူညီပေးခဲ့တယ်။ ပတ်ဝန်းကျင် က ပြောလာတော့ မိန်းကလေး တစ်ယောက် ဂုဏ်သိက္ခာအတွက် ငဲ့ပြီး သူ့ကို စာဝိုင်းဖတ်ပေးဖို့ ရုံး ခန်းထဲ ခေါ်ခိုင်းခဲ့တယ်။ ကျွန် တော်က ဆောက်လုပ်ရေးဝန်ကြီး ကိုပါ ပူးတွဲလုပ်ရတော့ မျက်လုံး မကောင်းဘူး။ သူ့ကို အကူအညီ တောင်း လုပ်ခိုင်းခဲ့တယ်။ ဒါကို စွပ်စွဲကြတာပါ။ တော်တော်စိတ် မကောင်းဖြစ်မိတယ်။

ဝန်ကြီးချုပ် မဖြစ်ခင်တုန်းက ဝန် ကြီးချုပ်ဖြစ်ခဲ့ရင် ပြည်နယ်အတွင်းမှာ ရော်ဘာကဏ္ဍကို တိုး တက်လာအောင် လုပ်ဆောင်ပေး မယ်လို့ ကတိပေးထားတာရှိ တယ်။ အခု သက်တမ်း ၁၀ လအတွင်းမှာ ဘယ်နှရာခိုင်နှုန်းလောက် တိုးတက်လာအောင် လုပ်ဆောင် ပေးမှုရှိခဲ့ပါလဲ။

ကျွန်တော် ကံကောင်းတယ် လို့ ပြောရမယ်။ ကျွန်တော့်လက်ထက်မှာ ရော်ဘာဈေးက တော် တော်တက်လာတယ်။ ကျွန်တော် ပြောသလို ဖြစ်လာတယ်လို့ ပြောရမယ်။ နောက်ပြီး ကရင်တိုင်းရင်း သားဝန်ကြီးက ရော်ဘာကဏ္ဍကို ဝိုင်းကူလုပ်ပေးတယ်။ ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို ရော်ဘာ ကဏ္ဍနဲ့ပတ်သက်ပြီး သွားလေ့ လာဖို့ရှိတယ်။ ဈေးကွက်ဘယ်လို ရှိလဲဆိုတာ လေ့လာသွားမှာပါ။

လုပ်ငန်းရှင်တစ်ဦးဆီက ကား လက်ဆောင်ရခဲ့တဲ့ သတင်းတွေ ထွက်နေတာနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမှု ပေးချင်ပါလဲ။
ကျွန်တော့်ကို ကားလက် ဆောင်ပေးတဲ့ သတင်းက မဟုတ်ပါဘူး။ ကျွန်တော့်မှာလည်း ကားတစ်စီးမှ မရှိဘူး။ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လို့ ကားစီးနေရတာ။ ကိုယ့်မိသားစုမှာလည်း ကားမရှိပါဘူး။ ဝန်ကြီးချုပ်ရာထူးကထွက်ရင် ကားစီးဖို့ ဘာမှမရှိပါဘူး။ လာစစ်ဆေးလို့ရပါတယ်။

ဝန်ကြီးချုပ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နီးစပ်လွန်းတယ်လို့လည်း အပြင်မှာ သတင်းတွေထွက်ပေါ်နေတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မကြာခဏ တွေ့ဆုံမှုတွေရှိတယ်။ စီးပွားရေးလုပ်ငန်းရှင်တချို့ကို လွှတ်တော်ကော်မတီထဲ ထည့်တာနဲ့ပတ်သက်လို့ အခုလို နုတ်ထွက်မှုနဲ့သက်ဆိုင်မှုရှိလား၊ ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုတုံ့ပြန်ပြောကြားလိုပါသလဲ။

စီးပွားရေးလုပ်ငန်းရှင်တွေကို ကော်မတီတွေထဲထည့်တာ နိုင်ငံတော်က အမိန့်ပေးလို့ ဒီလိုဖွဲ့လိုက်တာပါ။ သူညွှန်ကြားတဲ့အတိုင်း ကောက်ထည့်တာပါ။ အခုနုတ်ထွက်မယ့်ကိစ္စနဲ့မဆိုင်ဘူး။ ဘာမှလည်း မတုံ့ပြန်တော့ပါဘူး။ ကျန်တာ မပြောတော့ပါဘူး။ တော်ပါပြီ။

ကျေးဇူးတင်ပါတယ်။


7Day News Journal

No comments:

Post a Comment