Latest News

Thursday, February 23, 2017

မန်ယူ အသင်းခေါင်းဆောင် ဝိန်းရွန်နီ တရုတ်လိဂ် ရောက်မလား

မန်ယူ အသင်းခေါင်းဆောင် ဝိန်းရွန်နီ တရုတ်လိဂ် ရောက်မလား

အင်္ဂလန် လက်ရွေးစင်နဲ့ အင်္ဂလိပ် ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက် အသင်းတွေရဲ့ ခေါင်းဆောင် ဖြစ်တဲ့ နာမည်ကြီး တိုက်စစ်မှူး ဝိန်းရွန်နီရဲ့ ကိုယ်စားလှယ် ပေါလ်စထရက်ဖို့ဒ် တယောက် တရုတ်နိုင်ငံမှာ ရောက်နေပါတယ်။  မန်ယူအသင်းကနေ တရုတ် ကလပ် တသင်းသင်း ကို ရွန်နီ ပြောင်းရွှေ့နိုင်ဖို့  အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ အခုလို သွားတာပါ။

တရုတ် ဆူပါလိဂ်ရဲ့ ဘောလုံးသမား အပြောင်းအရွေ့ ပိတ်သိမ်းရက် ဖေဖော်ဝါရီ ၂၈ မတိုင်မီ သဘောတူညီမှု တခုခု ရရှိနိုင်ဖို့တော့ ဖြစ်နိုင်ဖွယ် မရှိပါဘူး။

ဒါပေမယ့် မန်ယူ နည်းပြချုပ် မော်ရင်ဟိုဟာ အသင်းရဲ့ ဂန္ထဝင် ကစားသမား စာရင်းဝင် ဂိုးသွင်းအများဆုံး အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူးကို အသင်းကနေ လက်လွှတ်တော့မယ် ဆိုတာကိုတော့ ပေါလ်စထရက်ဖို့ဒ်ရဲ့ ဒီခရီးစဉ်ကနေ ထင်ထင်ရှားရှား ညွှန်ပြနေပါတယ်။

ဒီလ ထဲမှာ ရွန်နီ အသင်းက မထွက်ဖြစ်ရင်လည်း လာမယ့် နွေရာသီ အပြောင်းအရွေ့ ကာလမှာ ထွက်မယ့် သဘော ဖြစ်ပါတယ်။

ဒီရာသီမှာ မန်ယူအသင်းကို ပေါ်တူရီ လူမျိုး နာမည်ကြီး နည်းပြ မော်ရင်ဟို စတင်ကိုင်တွယ်ကတည်းက အသင်းခေါင်းဆောင် ရွန်နီဟာ အသင်းမှာ  ပုံမှန် နေရာ မရခဲ့ပါဘူး။

ရွန်နီ အသင်းမှာ ဆက်ရှိ၊ မရှိကို အခု တပတ် အချိန် အတွင်းမှာတော့ သေချာ ပြောနိုင်မှာ မဟုတ်သေးဘူးလို့ အင်္ဂါနေ့တုန်းက  မော်ရင်ဟိုက ပြောထားပါတယ်။  ရွန်နီရဲ့ မန်ယူ အသင်းနဲ့ လက်ရှိ စာချုပ်ကတော့ ၂၀၁၉ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ရွန်နီကို ခေါ်ယူဖို့ တရုတ်ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေတာဟာ အချိန် အတော်ကြာပြီ ဖြစ်ပေမယ့် အခု သူ့ ကိုယ်စားလှယ်က ဘယ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတာတော့ တရားဝင် မသိသေးပါဘူး။

တရုတ်လိဂ်ကို ရွန်နီ ပြောင်းသွားခဲ့ရင် အင်္ဂလန်လက်ရွေးစင် အသင်းမှာ ပါဝင်နိုင်ဖို့ အခွင့်နည်းပါး သွားနိုင်ပါတယ်။ ရွန်နီဟာ အင်္ဂလန် အတွက် ပွဲအများဆုံး ဘောလုံးသမား အဖြစ် စံချိန်သစ်တင်ဖို့ နိုင်ငံကိုယ်စားပြု ၇ ပွဲ ကစားခွင်ရဖို့ လိုနေပါသေးတယ်။

တဖက်မှာလည်း ကလပ်အသင်းအတွက် ပွဲထွက်ကစားခွင့် ဆုံးရှုံးနေရတဲ့ အခြေအနေက ရွန်နီကို တရုတ်လိဂ် ရောက်သွားစေနိုင်ပါတယ်။

ဝိန်းရွန်နီဟာ အသက် ၁၈ နှစ်သား အရွယ်မှာ အဲဗာတန် အသင်းကနေ မန်ယူအသင်းကို ပေါင် ၂၇ သန်း နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်း အတွက် ပွဲပေါင်း ၅၄၉ ပွဲ ကစားခဲ့ကာ ဂိုး ၂၅၀ သွင်းယူ နိုင်ခဲ့သလို ပရီးမီးယားလိဂ် ဖလား ၅ ကြိမ်၊ ဥရောပ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပါအဝင် ဆုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ကတည်းက ပွဲထွက် ကစားခွင့် ၃ ကြိမ်သာ ရသေးတဲ့ ရွန်နီဟာ အင်္ဂလန်မှာဆိုရင် မန်ယူနဲ့ အဲဗာတန် ကလွဲပြီး အခြား ကလပ်အသင်း တခုခုမှာ သွားကစားမှာ မဟုတ်ဘူးလို့ ထုတ်ပြောထားပါတယ်။

ဘီဘီစီ ပရိသတ်တွေထဲက မန်ယူ အသင်းကို အားပေးကြသူတွေ အနေနဲ့ ဝိန်းရွန်နီ တယောက် အသင်းကနေ ပြောင်းရွှေ့သွားစေလိုသလား၊ အထူးသဖြင့် တရုတ်လိဂ် ကို ရောက်သွားရင် သူ့ရဲ့ နိုင်ငံ့ လက်ရွေးစင် ဘောလုံးသမား ဘဝ ဘယ်လို ဖြစ်လာနိုင်သလဲ။

ယဉ်ယဉ်ကျေးကျေးနဲ့ အများပါဝင် ဖတ်ရှု ဆွေးနွေးနိုင်မယ့် မှတ်ချက်တွေ ပေးကြပါဦး ခင်ဗျား...။

BBC

No comments:

Post a Comment