သမီးဆိုတာ အမေရဲ့ကိုယ်ပွားလား
ဒီမေးခွန်းကို ကျွန်မကိုယ်တိုင်လည်း မကြာခဏကိုယ့်ကိုယ်ကို မေးခဲ့ဖူးပါတယ်။
မိခင်တစ်ဦးရဲ့အတ္တအမြင်နဲ့ကြည့်မယ်ဆိုရင်တော့သမီးဆိုတာ အမေရဲ့အနာဂတ်မျှော်လင့်ချက်၊ အမေရဲ့ကိုယ်ပွားတစ်ခုပဲ ဖြစ်စေချင်ပါတယ်။
ကိုယ်ငယ်ငယ်တုန်းက ဖြစ်ချင်ပေမဲ့ မဖြစ်ခဲ့ရတဲ့ဘ၀ကို သမီးလေး မွေးလာတဲ့အခါ ကိုယ်မဖြစ်ခဲ့ရပေမဲ့ကိုယ့်သမီးကတော့ ဖြစ်ရမယ်၊ သမီးကိုဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့စိတ်နဲ့ကိုယ့်ရဲ့အိပ်မက်တွေက ပြန်လည် နိုးထလာခဲ့တယ်။
ဒါကြောင့် မိခင်တွေက သမီးတွေကို မွေးဖွားလာကတည်းက သမီးအတွက် သတ်မှတ်ထားတဲ့အနာဂတ်က ရှိနေပြီးသား။
အ၀တ်အစားတွေ ရွေးချယ်တဲ့အခါ ကိုယ့်မျက်စိတည်း လှတာကို ဆင်တယ်။ ကိုယ်က ဆံပင်ရှည်ကြိုက်တဲ့ သူဆိုရင် သမီးကို ဆံပင်ရှည်ရှည်လေး ထားပေးတယ်။
ကိုယ်က အသားအရည်လှချင်တဲ့ သူ ဆိုရင် သမီးကိုလည်းငယ်စဉ်ကတည်းက အသားအရည်ထိန်းသိမ်း နည်းကို သင်ပေးတယ်။
အဲဒီလို နည်းလမ်းနဲ့ သမီးဆိုတာ တကယ်တော့ အမေရဲ့ သက်ရှိ အရုပ်ကလေးဖြစ်လာရတယ်။ သမီးဟာ ငယ်စဉ်တုန်းကတော့အမေ့ရဲ့အလိုကျ၊ စိတ်တိုင်းကျ အခြယ်အမှုန်းခံတဲ့၊ အမေ့ရဲ့စိတ်ချမ်းသာမှုကို အပြည့်အ၀ ဖန်တီးပေးနိုင်တဲ့ အရုပ်ကလေး ဖြစ်လာခဲ့တာပါပဲ။
ဒါပေမဲ့  သမီးဟာ အရွယ်ရောက်လို့ သူ့သဘော သူဆောင်လာတဲ့အခါ သူ့မှာ ရွေးချယ်ချင်တဲ့စိတ်ဆန္ဒလေး ရှိလာတဲ့အခါ သမီးဟာ အမေ့ရဲ့ အရုပ်ကလေး မဟုတ်တော့ဘူး။ သူ့မှာ သူ့ရဲ့သီးသန့်စိတ်နဲ့သီးသန့်ဘ၀ဆိုတာ ရှိလာခဲ့ပြီ။
အဲဒါကို အမေက နားမလည်ပေးနိုင်ဘဲနဲ့ သမီးကို သူဖြစ်စေချင်တဲ့အတိုင်းသာ ဆက်ပြီး ပုံသွင်းပေးနေမယ်ဆိုရင်တော့ သမီးနဲ့အမေရဲ့ပဋိပက္ခဟာ ဒီနေရာမှာ စတင်ပါတယ်။
သမီးက ငြင်းဆန်တတ်သူ ဖြစ်လာတယ်။ သမီးက သူ့ရ
င်ထဲမှာ ရှိတာ သူ ဖြစ်ချင်တာလေးတွေကို အမေ့ကို သိစေချင်လာတယ်။
ဒါပေမဲ့ သမီးတော်တော်များများ က အမေကို ကြောက်လည်း ကြောက် ချစ်လည်း ချစ်တဲ့အတွက် သူတို့ဖြစ်ချင်တာနဲ့အမေ ဖြစ်ချင်တာ ဆန့်ကျင်နေတယ်ဆိုရင်တောင်မှ အမေစိတ် ချမ်းသာမယ်ဆိုရင် သူတို့ဖြစ်ချင်တာလေးတွေကို မေ့ပစ်နိုင်အောင် ကြိုးစားပေးကြပါတယ်။
ဒါပေမဲ့အမေကကတော့ သမီးကို ခုလို စီမံချုပ်ကိုင်နေတာ သမီးကို ပိုကောင်းတဲ့ဘ၀ ရောက်စေချင်လို့၊ သမီးရဲ့ အနာဂတ်လှစေချင်လို့အမေ့စေတနာ၊ မေတ္တာလို့ ပြောနေပေမဲ့ စိတ်ထဲမှာတော့ သူငယ်တုန်းက ဖြစ်ချင်တဲ့ဘ၀ကို ပုံဖော်နေမိတယ်ဆိုတာကိုလည်း လက်ခံမိနေပြန်တယ်။ ဒါကြောင့်အမေ့ရဲ့စိတ်ဟာလည်း သမီးနဲ့ ပတ်သက်ရင် သူ့လုပ်ရပ်ဟာ သမီးအပေါ်မှာ တရားရဲ့လား ဆိုတဲ့အတွေးတွေနဲ့ သံသယတွေရှိနေပြန်တယ်။
တကယ်လို့များ သမီးက သတ္တိရှိတယ်၊ ထက်မြက်တယ်ဆိုရင်တော့အမေ ဖြစ်ချင်တဲ့ဘ၀ထက် သူ ဖြစ်ချင်တဲ့ဘ၀ကို သတ္တိရှိရှိနဲ့ ရွေးချယ်ပြီး ထူထောင်ပါတယ်။
အဲလိုမှ မဟုတ်ဘူး အမေ စိတ်ချမ်းသာရင် ပြီးရင် ငါ့အိမ်မက်တွေကိုတော့ မေ့ပစ်လိုက်မယ်ဆိုတဲ့သမီးမျိုး ဆိုရင်တော့အမေ ဖန်တီးပေးတဲ့ဘ၀ကို ကြိုက်ကြိုက်မကြိုက်ကြိုက် လက်ခံရှာတယ်။ နောက်ဆုံး အမေ ပေးစားတဲ့သူကို မျက်စိမှတ်မိပြီး လက်ထပ်ရှာတာ ဒီလို သမီးမျိုးတွေပါ။ သူတို့ဟာ အမေရဲ့စိတ်ဆန္ဒကို သူတို့ရဲ့စိတ်ဆန္ဒတွေနဲ့လဲပြီး ဖြည့်ဆည်းပေးရှာတာပါ။
ကျွန်မကလည်း သမီးနှစ်ယောက်မွေးထားတော့ ကျွန်မရဲ့သမီးတွေကို သမီးမျိုး ဘယ်လိုဖြစ်စေချင်သလဲ ဆိုတာ အရေးကြီးလာပါတယ်။
ကျွန်မအနေနဲ့ မိခင်ရဲ့အတ္တကို ခွာပြီး ကြည့်မယ်ဆိုရင်တော့ သမီးဆိုတာ မိခင်ရဲ့သက်ရှိ အရုပ်ကလေး မဖြစ်သင့်ပါဘူး။ သူတို့ရဲ့အသိအရွယ်နဲ့အလိုက် ဖြစ်နေတဲ့စိတ်ကလေးတွေအတိုင်း လွတ်လပ်စွာ စီးမျောခွင့်ရတဲ့ သူတွေပဲဖြစ်စေချင်တာ။
ဒါကြောင့်သူတို့ရဲ့ကလေးဘ၀မှာတော့ ကျွန်မက အချို့ကိုပဲ သွန်သင်ပေးလိုက်မယ်လို့ စဉ်းစားခဲ့ပါတယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့နဲ့ ချစ်တတ်ဖို့ကို သွန်သင်ပေးမယ်။ လူအချင်းချင်း လေးစားတတ်ဖို့နဲ့ ကိုယ်ချင်းစာနာတတ်ဖို့သွန်သင်ပေးမယ်။ မကောင်းမှုနဲ့ကောင်းမှုကို သိအောင် သွန်သင်ပေးမယ်၊ အမှားတွေနဲ့စွန့်စားမှုတွေကို မကြောက်တတ်အောင် သွန်သင်ပေးမယ်၊ ဗဟုသုတ နည်းပါးတဲ့သူနဲ့ဗဟုသုတကြွယ်တဲ့သူ နှစ်ဦးရဲ့အားနည်းချက်၊ အားသာချက်တွေကို ပြောပြမယ်၊ နောက်ဆုံး လွယ်လွယ်နဲ့ အရှုံးမပေးတတ်ဖို့သွန်သင်ပေးလိုက်မယ် လို့ပဲ စဉ်းစားခဲ့တယ်။
သူတို့ရဲ့ အတွေးနဲ့ဘ၀ကို ဘောင်တစ်ခုတည်းထဲမှာ ထည့်ပိတ်လိုက်မိမှာမျိုး မဖြစ်အောင် ကိုယ့်ကိုယ်ကိုလည်း ထိန်းသိမ်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ကျွန်မမှာလည်း အတ္တနဲ့မာန ရှိနေတာကိုး။
ဆိုပါတော့ သမီးကြီးက ပညာတော်တဲ့အတွက် ကျွန်မက ဆရာဝန်မကြီး ဖြစ်စေချင်တယ်။ ဒါပေမဲ့သမီးက သွေးမြင်ရင် လန့်တတ်တယ်၊ ဆရာဝန် မလုပ်ချင်ဘူး အမေ လို့ဆိုပါတယ်။
စာတော်တဲ့သမီးမို့ ဆရာဝန်ဖြစ်အောင် လုပ်ရင်တော့ရနိုင်မှာပဲ ဆိုတာလည်း ကျွန်မ သိနေတယ်။ လုပ်နိုင်တဲ့စွမ်း၇ည်လည်း ရှိတယ်.။ အမေဖြစ်ချင်တဲ့ဆရာဝန်မလေး ဖြစ်အောင် လုပ်ပြီး အခြားသူတွေရဲ့ အောင်မြင်မှုတွေကို ငေးမော အားကျနေရတဲ့ ဆရာဝန်မလေးကို ကျွန်မ မလိုချင်ပါဘူး။
ကျွန်မက သမီးကို သမီး ၀ါသနာပါရာ လုပ်ပါ၊ ပန်းချီဆွဲချင်ရင်လည်း ဆွဲပါ၊ သမီးက သူဌေးတစ်ဦး ဖြစ်ချင်တယ်ဆိုရင်လည်း လုပ်ပါ၊ အဲဒါတွေ လုပ်နို်င်ဖို့အမေက လိုအပ်တာတွေ ပံ့ပိုးပေးမယ်၊ အမှားမဖြစ်အောင်တော့အမေက ထိန်းပေးမယ်လို့သာ ဆိုခဲ့မိတယ်။
သမီးငယ်လေးကတော့နိုင်ငံရေးကို စိတ်ဝင်စားသတဲ့။ ဘုရားရေ… သူ့အသက်နဲ့ နိုင်ငံရေးစိတ်ဝင်စားတာ စောလို်က်တာလို့မြင်မိပေမဲ့ သူကသာ နိုင်ငံရေးလောကထဲ ၀င်မယ်ဆိုရင် ကျွန်မက အားပေးရမှာပါပဲ။
သားသမီးတွေရဲ့စိတ်ကို ကျွန်မက အမေတစ်ယောက်အနေနဲ့သိနေခဲ့ရပေမဲ့သူတို့မှာ ကျွန်မ မမြင်သာတဲ့အခြားတစ်ဖက်ကလည်း ရှိနေနိုင်တယ် မဟုတ်လား။ အဲဒီတစ်ဖက်ကိုပါ ကျွန်မတို့အမေတွေက လိုက်ပါပြီး ထိန်းချုပ်ဖို့ကြိုးစားရင် ကျွန်မဟာ စက်ရုပ်တစ်ရုပ်ကိုသာ မွေးထုတ်ပေးလိုက်သလို ဖြစ်တော့မှာ။
ဒါကြောင့် ကျွန်မက လူပီသတဲ့ လွတ်လပ်စွာ ရှင်သန်နိုင်တဲ့ဖန်တီးနိုင်စွမ်းရည်မြင်တဲ့ အမျိုးသမီးတွေကိုသာ မွေးထုတ်ပေးချင်တာပါ။
ဒါကြောင့် ကျွန်မကတော့ယူဆ လက်ခံထားပါတယ်။ သမီးဆိုတာ အမေရဲ့ကိုယ်ပွား ဖြစ်စရာ မလိုပါဘူး။ သမီးဆိုတာ အမေထက် ပိုတော်ရမယ်။ အမေထက် ပိုကောင်းပြီး ပိုပြီး လွတ်လပ်စွာ ရှင်သန်နိုင်တဲ့ ဖန်တီးနိုင်စွမ်းရည် မြင့်တဲ့ ကိုယ်ပိုင်ဘ၀ ရှိတဲ့သီးသန့်အမျိုးသမီးတစ်ဦးသာ ဖြစ်ရမယ်လို့ပါ။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment