Latest News

Saturday, February 25, 2017

တရုတ်နိုင်ငံမှ တင်သွင်းသည့် ကြက်ဥများကို တရားမ၀င်အဖြစ် သတ်မှတ်လိုက်ပြီး တင်သွင်းသူနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း အရေးယူမည်

တရုတ်နိုင်ငံမှ တင်သွင်းသည့် ကြက်ဥများကို တရားမ၀င်အဖြစ် သတ်မှတ်လိုက်ပြီး တင်သွင်းသူနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း အရေးယူမည်



တရုတ်နိုင်ငံမှ တင်သွင်းသည့် ကြက်ဥများကို တရားမ၀င်အဖြစ် သတ်မှတ်လိုက်ပြီး တင်သွင်းသူနှင့် ဆက်စပ်ပစ္စည်းများကို အရေးယူ သိမ်းဆည်းမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေး H7N9 ဖြစ်ပွားနေစဉ် မြန်မာနိုင်ငံ အတွင်းသို့ တရုတ်ကြက်ဥများ အလုံးအရင်းဖြင့် ၀င်ရောက်နေမှုကို ကာကွယ်ရန်အတွက် အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရေပူနယ်စပ်စခန်းမှ အကောက်ခွန် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ထွန်းအောင် “အမျိုးသားရေး ဖြစ်သွားပြီ။ ဒါကြောင့် တရားမ၀င်အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးစစ်ဆေးနေပါတယ်။ နောက်ပြီး တင်သွင်းတဲ့ သူတွေကိုလည်း ဆက်စပ်ဥပဒေတွေနဲ့ အရေးယူမယ်။ သယ်လာတဲ့အခါ ကားနဲ့ သယ်မယ်။ ဘာနဲ့ပဲဖြစ်ဖြစ် ဆက်စပ်ပစ္စည်း အနေနဲ့ သိမ်းဆည်းမယ်” ဟု ပြောကြားသည်။

တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်တိုင်းတွင် ယင်းကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်ပြီး အကောက်ခွန်ဦးစီးဌာန အပါအ၀င် ဌာနဆိုင်ရာအဖွဲ့ ၁၂ ခုဖြင့် ဖွဲ့စည်းထားသည့် ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးနေကြောင်းလည်း သိရသည်။

“၀င်လာမယ်လို့ သတင်းလည်း ကြားနေတယ်။ ၀င်လာတဲ့ကား အားလုံးကိုလည်း မနေ့ကတည်းက အလုံးစုံ စစ်ဆေးနေတယ်။ အခုချိန်ထိ ဖမ်းဆီးရမိထားတဲ့ ကားရှစ်စီး ရှိသွားပြီ။ ဒါပေမဲ့ ကြက်ဥတော့ ပါမလာသေးဘူး။ တခြားစားသောက်ဖို့ မသင့်တဲ့ ပစ္စည်းတွေ၊ နို့မှုန့်တွေတော့ ဖမ်းဆီးရမိထားတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးသက်ထွန်းအောင်က ဆက်လက်ပြောကြားသည်။

ကချင်ပြည်နယ်သို့ တရုတ်နိုင်ငံနှင့် ထိစပ်နေသော ကန်ပိုက်တီးနှင့် လွယ်ဂျယ် နယ်စပ်ဂိတ်များမှ ကြက်ဥများ ၀င်ရောက်မှု ရှိနေကြောင်း၊ ဖေဖော်ဝါရီ ဒုတိယပတ်အထိ တရုတ်နိုင်ငံမှ ကြက်ဥများ ကျပ် ၁၀၀၀ ဖိုး ၀ယ်ယူလျှင် ၁၁ လုံးအထိ ရရှိကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ဇန်န၀ါရီလမှ ဖေဖော်ဝါရီ ၂၀ ရက်အတွင်း လူ ၂၉၅ ဦးတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး H7N9 ဖြစ်ပွားခဲ့ပြီး ၈၈ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းဗိုင်းရပ်စ်ပိုးသည် ကြက်နှင့် ကြက်ထွက်ပစ္စည်းများ၊ ၎င်းတို့နှင့် ထိစပ်သော ပတ်ဝန်းကျင်မှတစ်ဆင့် လူသို့ ကူးစက်ခံရခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ် မူဆယ်ဒေသသို့ ကွင်းဆင်းပြီး ရောဂါစူးစမ်းလေ့လာခြင်းများလည်း ဆောင်ရွက်နေပြီး ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အချက်ရှစ်ချက်ကို မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။


အောင်ရဲကို

Eleven Media Group

No comments:

Post a Comment