Latest News

Saturday, February 25, 2017

မန္တလေးသင်္ကြန်တွင် တောင်ဘက်ကျုံးမှလွဲ၍ တစ်ဖက်လျှင် မဏ္ဍပ်လေးခုစီ ချထားမည်ဖြစ်ရာ လေလံစနစ်ဖြင့် တည်ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရ

မန္တလေးသင်္ကြန်တွင် တောင်ဘက်ကျုံးမှလွဲ၍ တစ်ဖက်လျှင် မဏ္ဍပ်လေးခုစီ ချထားမည်ဖြစ်ရာ လေလံစနစ်ဖြင့် တည်ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရ


ယခုနှစ် မန္တလေးသင်္ကြန်တွင် တောင်ဘက်ကျုံးမှလွဲ၍ တစ်ဖက်လျှင် မဏ္ဍပ်လေးခုစီ ချထားပေးရန် စီစဉ်ထားပြီး လေလံစနစ်ဖြင့် တည်ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

ယခင်နှစ်များက ကျုံးနံဘေးတစ်လျှောက် မဏ္ဍပ်များ တည်ဆောက်ကာ ဆင်နွှဲခဲ့ကြသော်လည်း ယခုနှစ် ၂၀၁၇ သင်္ကြန်တွင် မန္တလေးကျုံးနံဘေးမဏ္ဍပ်များ တည်ဆောက်မှုကို ကန့်သတ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ သင်္ကြန်၏ အစည်ကားဆုံး နေရာဟုဆိုရမည့် ၂၆ ဘီလမ်း (တောင်ဘက်ကျုံး) ကို မန္တလေးမြို့ မဟာသင်္ကြန်မဏ္ဍပ်နှင့် နန်းမြို့သူမဏ္ဍပ်နှစ်ခုသာ ထားရှိမှာဖြစ်ကြောင်း၊ အဆိုပါ ၂၆ ဘီလမ်းကို ယာဉ်ဝင်ခွင့် ကန့်သတ်မည်ဖြစ်ပြီး ကျန်ကျုံးမြောက်ဘက် (၁၂ လမ်း)၊ ကျုံးအနောက်ဘက် (လမ်း ၈၀)နှင့် ကျုံးအရှေ့ဘက် (၆၆ လမ်း) တို့တွင် တစ်ဖက်လျှင် မဏ္ဍပ်လေးခုစီ ခွင့်ပြုရန် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ကျုံးတစ်ဖက်လျှင် မဏ္ဍပ်လေးခုစီအတွက် ယခင်နှစ်များကဲ့သို့ မဲနှိုက်ချထားပေးတော့မည် မဟုတ်ဘဲ လေလံရောင်းချ တည်ဆောက်ခွင့်ပေးမည်ဟု စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ကော်မတီဝင် ဦးကျော်ဇောအောင်က “ကျုံးတစ်ဖက်ကို မဏ္ဍပ်လေးခုစီ ချထားပေးဖို့အတွက် လေလံရောင်းချမှာပါ။ အရင်နှစ်တွေလို မဲမနှိုက်တော့ဘဲ စည်ပင်ဘဏ္ဍာထဲ အခွန်ငွေ ရရှိအောင်လို့ပါ” ဟု ပြောကြားသည်။

ကျုံးတောင်ဘက် (၂၆ ဘီလမ်း) တွင် အစိုးရဌာနဆိုင်ရာ မဏ္ဍပ်ကြီးနှစ်ခုသာ တည်ဆောက်မည်ဖြစ်သော်လည်း ပေ ၃၀ ပတ်လည် ကျယ်ဝန်းမည့် ရေပက်စင်များကို ခွင့်ပြုပေးသွားမည်ဖြစ်ကာ စည်းကမ်း ကန့်သတ်ချက်များဖြင့် ဆောင်ရွက်မည်ဟုလည်း သိရသည်။

“လေးခုစီချထားပေးမယ့် မဏ္ဍပ်တွေမှာ အရင်လို ကျုံးမြိုရိုးကွယ်စေမယ့် ကြော်ငြာဆိုင်းဘုတ်တွေ၊ စင်တွေတည်ဆောက်ခွင့်မရပါဘူး။ ရေပိုက်ကိုတော့ ခွင့်ပြုမှာဖြစ်ပေမယ့် မီးသတ်ပိုက်တော့မပါဘူး။ ခြွင်းချက်ကတော့ တောင်ဘက်ကျုံးက ယာဉ်ဝင်ခွင့် လုံးဝမပေးတော့ဘဲ ချင်းမိုင်သင်္ကြန်လို လမ်းလျှောက်ပြီး ပျော်နိုင်ပါတယ်။ ၂၆ ဘီလမ်းပေါ်ကို ၆၆ လမ်းကနေ ၇၈ လမ်းအထိ ယာဉ်ဝင်ခွင့်လုံးဝ မရှိပါဘူး။ နောက်ပြီး မန္တလေးမြို့တွင်းမှာလည်း မဏ္ဍပ်တည်ဆောက်လိုသူတွေကို ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဒါတွေဆောင်ရွက်ဖို့ အစိုးရအဖွဲ့ကို တင်ပြထားပါတယ်” ဟု ကော်မတီဝင် စာရေးဆရာ ကျော်ရင်မြင့်က ပြောကြားသည်။

ဆက်လက်ပြီး မဏ္ဍပ်အလှပြိုင်ပွဲ၊ အလှပြယာဉ်ပြိုင်ပွဲများ ကျင်းပတော့မည် မဟုတ်သော်လည်း သံချပ်အသင်းများကို ဆုချီးမြှင့်မည်ဟု သိရသည်။

မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကိုလည်း ယခင်နှစ်များက ကျပ်သိန်း ၃၀၀၀ မှ ကျပ်သိန်း ၄၀၀၀ အထိ သုံးစွဲခဲ့ရာ ယခုလာမည့်နှစ် ၂၀၁၇ သင်္ကြန်မှာ ၁၀ ပုံ တစ်ပုံသာ သုံးစွဲမည်ဖြစ်ရာ မဏ္ဍပ်ဖျော်ဖြေမှုများအတွက် မန္တလေးမြို့ခံ အနုပညာရှင်၊ ဆိုင်းပညာရှင်များက ကူညီဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

ယဉ်မျိုးသွယ်

Eleven Media Group

No comments:

Post a Comment