Latest News

Saturday, February 25, 2017

သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားချက်များ

သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားချက်များ

"ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များအရ လုပ်ကြံတာပါ"
(ရဲချုပ်ဇော်ဝင်း)



■ မေး - ဦးကိုနီ စီးလာတဲ့လေယာဉ် လေဆိပ်ကိုရောက်တဲ့အချိန် အတိအကျကို အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင်က ဘယ်လိုသိတာလဲဆိုတာ မေးချင်ပါတယ်။

ရဲချုပ် - လေဆိပ်ခရီးစဉ်ကတော့ ဦးကိုနီရဲ့ လှုပ်ရှားမှုကို သူတို့က အမြဲတမ်း စိတ်ဝင်စားနေတဲ့အဖွဲ့တွေ ဆိုတော့လည်း ကျွန်တော်တို့ရှေ့မှာ ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။ သူ့အိမ်မှာ သွားပြီးစောင့်တာတို့၊ ကြည့်တာတို့ ရှိမှာပေါ့။ ဒီလိုပေါ်ပေါ်ထင်ထင် ပြည်ပခရီးစဉ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ခရီးစဉ်တွေရဲ့ လေဆိပ်ဆိုက်ရောက်ချိန်ဘာချိန် အားလုံးက ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ လုပ်ထားတဲ့ ပြထားတဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် အလွယ်တကူ သိနိုင်တဲ့ကိစ္စဖြစ်တဲ့အကြောင်း ရှင်းလင်း တင်ပြပါတယ်။

■ မေး - ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူရဲ့ယုံကြည်ချက်နဲ့များ ဆက်စပ်နေလားဆိုတဲ့ မေးခွန်းလေး တစ်ခုပါ။ ဆရာဦးကိုနီက သူ့ရဲ့ NLD ထဲမှာ လုပ်ကိုင်စဉ်တစ်လျှောက်မှာ ဖွဲ့စည်းပုံ အခြေအခံဥပဒေအသစ် ရေးဆွဲရေးကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီနေရာမှာ သူ့ရဲ့ NLD အဖွဲ့နဲ့ပင် တချို့အချက်တွေ သဘောကွဲလွဲနေတာကိုလည်း တွေ့ပါတယ်။ တစ်ဖက်မှာလည်း အခြေခံဥပဒေကို အခြေအနေ အမျိုးမျိုးအရ ကာကွယ်ရမယ်ဆိုတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဇန်န၀ါရီ ၁ ရက် နေ့စွဲနဲ့ ဦးကိုနီက လွှတ်တော်အမတ်များသို့ ဖွဲ့စည်းပုံ အခြေခံအသစ် ရေးဆွဲရေးအတွက် ပန်ကြားလွှာကို ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အခုလို လက်တွေ့ဖြစ်ရပ်တွေကို အခြေခံပြီးတော့ စစ်ဆေး ဖော်ထုတ်နေသကဲ့သို့၊ ဒီအမှုနဲ့ ပတ်သက်ပြီး ဦးကိုနီရဲ့ ယုံကြည်မှုဆိုင်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်ဘက် သဘောထားတွေရှိတဲ့ အခြားသော အဖွဲ့အစည်းများကနေပြီးတော့လည်း သူကိုလုပ်ကြံဖို့အတွက် ပူးပေါင်း ဆောင်ရွက်ခဲ့တာလား ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ရဲချုပ်ကြီးတို့ဘက်က ထည့်သွင်းစဉ်းစားခြင်းရှိ မရှိဆိုတာကို သိချင်ပါတယ်။

ပြည်ထဲရေးဝန်ကြီး - မေးတာ တော်တော်ကောင်းပါတယ်။ စဉ်းစားတဲ့အခါမှာ အမျိုးမျိုး စဉ်းစားရပါတယ်။ ဘာကြောင့် တပ်မတော်က ထွက်တဲ့အရာရှိတွေကို ခိုင်းသွားတာလဲ။ တပ်မတော်နဲ့ အစိုးရကြားမှာ ကွဲစေချင်တဲ့ဆန္ဒလား။ သို့တည်းမဟုတ် အခုနက ငါ့ညီမေးသလို ရွေးကောက်ပွဲ မတိုင်မီက ဦးကိုနီ ဘာတွေပြောခဲ့သလဲ။ အဲဒီပြောတဲ့အတိုင်းကို ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာ NLD ဟာ အာဏာရသွားတယ်။ အဲဒီချိန်မှာ ဦးကိုနီဟာ သူလုပ်ရမယ့် အတိုင်းအတာ လုပ်နိုင်သလောက် မလုပ်နိုင်တဲ့အတွက် သူ့ရဲ့နောက်ကွယ် အသိုင်းအ၀ိုင်းတွေက လုပ်ကြံတာလား ဆိုတာကိုလည်း ကျွန်တော်တို့ စဉ်းစားရပါတယ်။ အမျိုးမျိုး ငါ့ညီမေးသလို ချိန်ဆရပါတယ်။ သို့သော်လည်းပဲ တကယ်တမ်း စိစစ်တဲ့အခါမှာတော့ ဒီဟာက ဘယ်လိုခေါ်မလဲ အမျိုးချစ်တဲ့စိတ် အစွန်းရောက်သွားတာပေါ့။ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ဓာတ်တွေ ကိန်းအောင်းသွားတဲ့ အချိန်မှာ လုပ်ကြံလိုက်တယ်လို့ ကျွန်တော်တို့ ဖော်ထုတ်နေတာပါ။

■ မေး - ခုနကပြောတဲ့ အထဲမှာလည်း အောင်ဝင်းခိုင် ထွက်ပြေး လွတ်မြောက်တာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ အာဆီယံ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်ဆိုတာ သိရပါတယ်။ ဘယ်အဆင့်အထိ ထဲထဲဝင်ဝင် ဆောင်ရွက်ထားပြီးပြီ ဆိုတာကိုလည်း သိပါရစေ။

ရဲချုပ် - အောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြည်တွင်းမှာဆိုရင် ခုနက ကျွန်တော်တို့ပြောသွားတဲ့အထဲ ပါသွားသလိုပဲ၊ ပြည်တွင်းမှာလည်း ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဓာတ်ပုံတွေ ဖြန့်ဝေပြီး ဖြစ်ပါတယ်။ ပြည်ပနဲ့ပတ်သက်ရင် ကျွန်တော်တို့ ဒီအာဆီယံအတွင်းမှာ ရဲတပ်ဖွဲ့ချင်း ပူးပေါင်း ဆောင်ရွက်နေတဲ့အဖွဲ့ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံ အတွင်းမှာလည်း ဖမ်းဆီးရမိဖို့ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အဲဒါအပြင် ကျွန်တော်တို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ဖြစ်တဲ့ အင်တာပိုကလည်း ရှိပါတယ်။ အင်တာပိုကိုလည်း ကျွန်တော်တို့က ဒါသည်ကျွန်တော်တို့နိုင်ငံရဲ့ လူသတ်မှုနဲ့ အလိုရှိနေတဲ့ တရားခံတစ်ဦး ဖြစ်ပါတယ်ဆိုပြီး အင်တာပိုကိုလည်း ဓာတ်ပုံတွေ ဖြန့်ကြက်ပြီး ဖမ်းဆီးရမိဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုပါတယ်။

■ မေး - အခုရှင်းလင်းသွားတဲ့ အနေအထားက စစ်ကြောချက်တွေကို ပြန်လည်ရှင်းလင်းတယ်လို့ နားလည်မိပါတယ်။ အဲဒီတော့ ဒီရှင်းလင်းချက်ထဲမှာပေါ့ ဦးကိုနီကို လုပ်ကြံဖို့အတွက် ပုဂ္ဂိုလ်ရေးအရလို့တော့ ပြောတယ်ဗျ။ ရှင်းသွားတဲ့ အထဲမှာလည်း ပါတယ်လေ။ ပုဂ္ဂိုလ်ရေးအရဆိုတဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီးတော့ ရဲချုပ်တို့အနေနဲ့ အဲဒီအပေါ်မှာ ဘယ်လောက်အထိ မှတ်ချက်ပေးနိုင်ပါမလဲခင်ဗျ။ ရဲချုပ်အနေနဲ့ သူ့ရဲ့ထွက်ဆိုချက်မှန်ခြင်း၊ မှားခြင်းဆိုတာ ဘယ်လိုများ ဝေခွဲသုံးသပ်သလဲ သိချင်တာပါ။

ရဲချုပ် - ကျွန်တော်တို့ကတော့ ပြစ်မှုတစ်ခု ကျူးလွန်လာပြီဆိုရင် ပြစ်မှုကျူးလွန်ရတဲ့ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီးမှပေါ့။ ဘယ်လိုစိတ်စဉ်းစား ခံစားချက်နဲ့ လုပ်လာကြတာလဲ။ ဘယ်လိုနည်းလမ်းကိုသုံးပြီး ကျူးလွန်တတ်သလဲ။ ဒါတွေကို ကျွန်တော်တို့ ဆောင်ရွက်တဲ့ အခါကျတော့ လက်ရှိသူတို့သုံးဦး တွေ့ဆုံပြီး ဆွေးနွေးချက်ကလေးတွေ ဒီအပေါ်မူ တည်ပြီးတော့မှာ ကျွန်တော်တို့က သူ့ရဲ့လှုပ်ရှားမှုတွေ၊ လုပ်ဆောင်မှုတွေအပေါ် မူတည်ပြီးတော့မှ သူတို့ရဲ့ ဆွေးနွေးချက်တွေကတော့ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်တွေ စပြီးထွက်ဆိုတာ တွေ့လာရပါတယ်။ သို့သော်လည်းပဲ အမှုမှာ အဓိကနေရာမှာပါနေတဲ့ အောင်ဝင်းခိုင်က ကျွန်တော်တို့က မရသေးဘူး။ မရသေးတော့ လတ်တလော တွေ့ရှိချက်အရ ပေါ်ပေါက်နေတာကတော့ သူ့ရဲ့ပြုမှု ဆောင်ရွက်ချက် အသွားအလာ အနေအထိုင် အပြောအဆိုတွေအပေါ် မူတည်ပြီး လူငယ်ပီပီ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်ကလေးတွေနဲ့ ဖြစ်တယ်ဆိုတဲ့ Evidence အစလေးတွေရနေတဲ့ အတွက်ကြောင့်မို့ တွေ့တဲ့ Evidence အစလေးကိုပဲ ကျွန်တော်တို့က ထုတ်နုတ်တင်ပြခြင်း ဖြစ်ပါတယ်။ တကယ့်ကျယ်ကျယ်ပြန့်ပြန့်ကတော့ အောင်ဝင်းခိုင်ကို ရလိုက်အခါမှာ ကျွန်တော်တို့ ဒီထက်ပိုပြီး ရုပ်လုံးပေါ်တဲ့ အခြေအနေကို ပြောပြနိုင်မယ်လို့ ကျွန်တော် ဖြေကြားလို့ပါတယ်။

■ မေး - ဦးကိုနီ လေဆိပ်မှာ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့ သတင်းအချို့ကို ထုတ်ပြန်တယ်ပေါ့။ ပြည်ထဲရေးဝန်ကြီးဌာနက အဲဒီအချိန်မှာ ဘာကြောင့် သတင်းမထုတ်ပြန်သလဲ။ အခုမှ ဘာကြောင့် သတင်းထုတ်ပြန်ရသလဲ ဆိုတာကို သိချင်ပါတယ်။

ပြည်ထဲရေးဒုဝန်ကြီး - ပြည်ထဲရေးဝန်ကြီးဌာနဆိုတာ ပြည်ထောင်စုအစိုးရရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်သလို နိုင်ငံတော်သမ္မတရဲ့ ကွပ်ကဲမှုအောက်မှာ ရှိပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်စဉ်စဖြစ်တဲ့ အချိန်ကနေ စပြီးတော့ လက်ရှိအခြေအနေအထိကို ကျွန်တော်တို့က အချိန်နဲ့ တစ်ပြေးညီ စစ်ဆေး ဖော်ထုတ်ချက်၊ လုပ်ဆောင်ချက်တွေ အားလုံးကို နိုင်ငံတော်သမ္မတရုံးကို အချိန်နဲ့တစ်ပြေးညီ သတင်းပို့ တင်ပြရပါတယ်။ ကျွန်တော်တို့ရဲ့ တင်ပြချက်တွေ အပေါ်မှာ နိုင်ငံတော်သမ္မတရုံး အနေနဲ့ ပြည်သူလူထုကို အသိပေးနိုင်တဲ့ အချက်အလက်တွေ အားလုံးကို သတင်းထုတ်ပြန်ပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သတင်းထုတ်ပြန်ချက်ကို ကျွန်တော်တို့ သုံးကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မှုခင်းနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြစ်မှုအရ ရုပ်လုံးပေါ်တဲ့ အခြေအနေတစ်ခုအထိ စုံစမ်းဆောင်ရွက်ပါတယ်။ အခုအခြေအနေမှာတော့ ပြစ်မှုရဲ့ အတိုင်းအတာ တစ်ခုအထိ ရုပ်လုံးပေါ်လာပြီး ဖော်ထုတ်လို့ရတဲ့ အနေအထားတွေကိုလည်း သတင်းမီဒီယာကနေတစ်ဆင့် ပြည်သူလူထုကိုလည်း သတင်းပေးချက်ပြဖို့ လိုအပ်တဲ့အချိန်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အခုအချိန်ကျမှ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

■ မေး - ဦးကိုနီဖြစ်စဉ်က ရန်ကုန်လေဆိပ်မှာဆိုတော့ အများပြည်သူရဲ့ တရားဥပဒေ စိုးမိုးရေးမှာပေါ့နော် အများကြီး ထိတ်လန့်ဖွယ်ရာဖြစ်စေတဲ့ အနေအထားမျိုးဖြစ်တဲ့ အပေါ်မှာ ဘာကြောင့် ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူပြီးတော့ ၂၀၁၄ ခုနှစ် ဇွန်လမှာ ပြဋ္ဌာန်းထားတဲ့ အကြမ်းဖက်ဥပဒေနဲ့ ဘာကြောင့် အရေးမယူတာလဲဆိုတာ ရှင်းပြပေးပါခင်ဗျ။

ရဲချုပ် - ကျွန်တော်တို့က လတ်တလော ပေါ်ပေါက်ချက်တွေအရပေါ့နော်။ ခုနက ကျွန်တော်ရှင်းလင်း တင်ပြခဲ့တဲ့အပေါ်မှာ ပုဂ္ဂိုလ်ရေးရာ မကျေနပ်ချက်အပေါ်မှာ အခြေခံထားတာလေးတွေပဲ။ ကျွန်တော်တို့က လောလောဆယ် တွေ့နေရတာ ဖြစ်ပါတယ်။ သူသည် ခုနက အယူအဆတွေ မတူတာတွေ ခုနတုန်းက မတူကွဲပြားတဲ့ အခြေအနေတွေကြောင့် ဖြစ်လာတဲ့ အစွန်းရောက်အရ လုပ်တဲ့ဟာလို့ ကျွန်တော်တို့ မတွေ့ဘူး။ အဲဒါကြောင့် သူ့ကို ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူထားတာ ဖြစ်ပါတယ်။ ခုနက ကျွန်တော်တို့ တင်ပြသလို အောင်ဝင်းခိုင်တို့ ဘာတို့ကို တွေ့လာပြီးတော့ ပြည့်ပြည့်စုံစုံ ရုပ်လုံးပေါ်လာတဲ့ အခါကျမှ သူသည် အစွန်းရောက်ဖြစ်တဲ့ လုပ်ဆောင်ချက်မျိုး လုပ်တယ်ဆိုရင် ခုနက အစွန်းရောက်ဖြစ်တဲ့ အကြမ်းဖက်မှုနဲ့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီး - အဲဒါနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပါမယ်။ အကြမ်းဖက်ဆိုတာ ဥပမာ ငါ့ညီရာ မောင်တောမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရာရှိတွေ၊ ရဲတပ်သားတွေ တစ်ဖက်အဖွဲ့အစည်းရဲ့လူတွေက သတ်သွားတယ်။ ဒါတောင် ကျွန်တော်တို့က အကြမ်းဖက်ဆိုတာမျိုး သုံးလိုက်ရင် ခက်သွားမှာ တစ်ခုခုဖြစ်မှာကြားလို့ ဥပမာ မောင်တောမှာဖြစ်တဲ့ဖြစ်စဉ်တွေ ဒါတွေကိုတောင်မှ လွှတ်တော်ထဲမှာ အကြမ်းဖက်ဆိုတာမျိုး မသုံးပါဘူးဆိုပြီးတော့ အဆိုပဲ တင်သွင်းထားခဲ့တယ်။ အကြမ်းဖက်ဆိုတာ မသုံးခဲ့ရဘူး။ အဲဒါကြောင့် ဒီဟာကို ကျွန်တော်တို့က လူတစ်ယောက်တည်းနဲ့ ပတ်သက်တာကို သုံးမလား။ ကျွန်တော်တို့ ရဲတွေ အများကြီး သေခဲ့တာ ရင်ထဲမှာ ခံစားရတာ ခံစားကြည့်ပါ။ ကျွန်တော်တို့ တပည့်တွေ သေတာလေ။ ဘယ်လောက်ခံစားရမလဲ စဉ်းစားကြည့်။ ကိုယ့်သားသမီးတွေပဲ။ သို့သော်လည်း ဒီဟာကို အကြမ်းဖက်ဆိုတဲ့ အသုံးအနှုန်းမျိုး ဖြစ်လို့ရှိရင် နိုင်ငံတကာမှာ ဘယ်လိုများ ဖြစ်သွားမလဲဆိုတဲ့ လူကြီးတွေရဲ့ တွေးခေါ် မြော်မြင်မှုကြောင့် ကျွန်တော်တို့ မသုံးခဲ့ပါဘူး။ အဲဒါကြောင့်မို ဒီကိစ္စလေးကို ဒါကြောင့်မသုံးတာ ဖြစ်ပါတယ်။

■ မေး - အမှုက ဇေယျာဖြိုးမှာ ဂိတ်ဆုံးသွားပြီပေါ့နော်။ အဲဒီလိုဆိုတော့ စုံစမ်းစစ်ဆေးမှုက ဒီမှာတင် ပြီးသွားပြီလားပေါ့။ အောင်ဝင်းခိုင်ကို ဖမ်းတာကတော့ ဆက်ဖမ်းတာပေါ့လေ။ ဒီဟာမှာ နောက်ထပ်ပါဝင်တဲ့သူ မရှိတော့ဘူး။ ပြီးသွားပြီလို့ အဲဒီလို ပြောလို့ရလား။

ပြည်ထဲရေးဝန်ကြီး - ဘယ်ရနိုင်မလဲ။ အောင်ဝင်းခိုင်ကို မမိမချင်း အောင်ဝင်းခိုင်ကိုမိရင် ဘာဆက်လုပ်ရမလဲ။ သူ့နောက်မှာ ဘာတွေဆက်ရှိနိုင်မလဲ ဆိုတာတော့ စဉ်ဆက်မပြတ် လုပ်နေရမှာပဲ။ အဲဒါကြောင့် တချို့ဟာလေးတွေ မပြောနိုင်သေးဘူးဆိုတဲ့ ကိစ္စလေးတွေကို ပြောနေခြင်းပဲ ဖြစ်ပါတယ်။ ဇေယျာဖြိုးနဲ့ ပြီးတယ် မပြီးဘူးဆိုတာ အောင်ဝင်းခိုင်ကို ထပ်မိတဲ့အချိန်မှာ ထပ်ပေါ်လာလိမ့်မယ်။ အခုအခြေအနေအရတော့ ရသလောက်ပဲ ထုတ်ပြန်တာလေး ဖြစ်တယ်။ နောက်ထပ် ဘာတွေဆက်ရှိနိုင်တယ် ဆိုတာတော့ ကျွန်တော်တို့က ဆက်စုံစမ်းနေရမှာပါပဲ။ ဒီဟာက ရပ်ထားလို့မရဘူး။ ရပ်ထားလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ခုနက ကျွန်တော်တို့ စဉ်းစားခဲ့သလိုပေါ့ စဉ်းစားရမယ့် အချက်တွေ အများကြီးပဲ။ ဦးကိုနီရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေသလဲ။ ဦးကိုနီကို သူတို့အဖွဲ့တွေက မကျေနပ်လို့ လုပ်သလား။ တပ်မတော်နဲ့ အစိုးရကြားမှာ ပြဿနာဖြစ်အောင် လုပ်ချင်လို့လား။ တပ်မတော်နဲ့ ပြည်သူကြားမှာ ပြဿနာဖြစ်အောင် လုပ်ချင်လို့လား။ ဒီအချက်အလက်တွေ ကျွန်တော်တို့မှာ စဉ်းစားစရာ အများကြီးဘဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒါရပ်ထားလို့ မရပါဘူး။ စဉ်ဆက်မပြတ် ကျွန်တော်တို့မှာ စုံစမ်းသွားရမှာပါ။ ဆက်လက် ဖော်ထုတ်သွားရမှာ။ အဲဒါကြောင့် အောင်ဝင်းခိုင်ကိုရဖို့ အရေးကြီးပါတယ်။ ဒါအတွက်လည်း ကျွန်တော်တို့ တပ်မတော်နဲ့ ပူးပေါင်းပြီးတော့ စုံစမ်းတာလည်း ရှိတယ်။ ငါ့ညီတို့ဘက်ကလဲ ပူးပေါင်း ဆောင်ရွက်ပေးပါ။ ကျန်တဲ့ကိစ္စတွေ သိတယ်ဆိုရင်လဲ ကျွန်တော်တို့ကို အချိန်မရွေး အကြောင်းကြားပေးစေချင်တယ်။ ဥပမာ ဟိုတစ်လောက ကိုဆွေဝင်းတို့၊ ကိုဝင်းနိုင် ရန်ကုန်တိုင်းရဲ့ CP ကို ဆက်သွယ်ပြီးတော့ ပြောပြတာလေးတွေပေါ့။ ဒီလိုဆိုရင် ကျွန်တော်တို့ဘက်က လုပ်နိုင်တာဆက်လုပ်ဖို့ ရှိတာပေါ့။ အဲဒီလိုဆိုရင် ငါ့ညီတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါတယ်။

■ မေး - အမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲချုပ်တို့က သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်လိုက်ပြီပေါ့နော်။ ဒါပေမဲ့ ပြည်သူတွေက ဒီအမှုဖြစ်စဉ်မှာဆိုလို့ရှိရင် နောက်ကွယ်မှာ အများကြီး ရှိနေမလားဆိုတဲ့ သံသယက အများကြီးရှိနေတယ်။ မဆလ လက်ထက်တုန်းက ဦးဌေးမြင့် ကိစ္စမျိုးဆိုလို့ရှိရင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အဖမ်းခံရတဲ့ ဦးဌေးမြင့်တို့ဆိုလို့ရှိရင် မီဒီယာနဲ့ တိုက်ရိုက်စကားပြောခွင့် ရခဲ့တယ်ပေါ့နော်။ အဲဒီမှာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုကို ပြည်သူတွေက ပိုပြီးယုံကြည်မှု ရတယ်ဆိုတဲ့ အမြင်မျိုးလဲ ရှိတာပေါ့နော်။ အချို့ပြည်သူတွေ အမြင်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဒီဖြစ်စဉ်က ဖမ်းထားတဲ့လူတွေကို ဘယ်နေ့များ ရုံးထုတ်မလဲ။ ရုံးထုတ်လို့ရှိရင်ရော လွတ်လွတ်လပ်လပ် သူတို့ကို တွေ့ဆုံမေးမြန်းခွင့် ပေးနိုင်မလား။ အဲဒီလိုဆိုလို့ရှိရင် ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အချက်လေးတွေနဲ့ ကျွန်တော်တို့ ဖမ်းဆီးရမိသူတွေနဲ့ မီဒီယာနဲ့ တွေ့ဆုံမေးမြန်းလိုက်လို့ ကိုက်ညီတယ်ဆိုရင် ပြည်သူတွေက ပိုပြီးယုံကြည်မှု ရနိုင်မယ်လို့ ယူဆရတာပေါ့နော်။ အဲဒီအခွင့်အရေးမျိုး ကျွန်တော်တို့ကို ပေးနိုင်မလားလို့ ကျွန်တော်မေးချင်ပါတယ်။

ရဲချုပ် - ကျွန်တော်တို့ အများပြည်သူ စိတ်ဝင်စားတဲ့အမှုတွေရဲ့ သဘောသဘာဝကိုလည်း အများကြီး နားလည်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အချိန်တစ်ခုမှာတော့ ဒီအခွင့်အရေးတွေ ဖြစ်လာအောင် တင်ပြ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

■ မေး - ဘယ်နေ့လောက်ရုံးထုတ်မလဲ။

ရဲချုပ် - အခုမှ ဥပဒေအကြံဥာဏ်တောင်းပြီး ဆောင်ရွက်ထားတဲ့အဆင့်ပဲ ရှိသေးတယ်။

■ မေး - ဒီအမှုမှာ အောင်ဝင်းခိုင်ဟာ အဓိက အရေးပါတယ်တဲ့ နေရာမှာ ဖြစ်လာပါတယ်။ အောင်ဝင်းခိုင်နဲ့ ပတ်သက်လို့ ဘာကြောင့် နှစ်ပတ်ကျော်ကြာမှ သတင်းထုတ်ပြန်တာလဲ။ သတင်းထုတ်ပြန်မှု ဘာကြောင့် နှောင့်နှေးခဲ့တာလဲ ခင်ဗျ။

ရဲချုပ် - အောင်ဝင်းခိုင် ပါဝင်ပတ်သက်တယ်ဆိုတာ ကျွန်တော်တို့က ချက်ချင်း မပေါ်ပေါက်သေးဘူး။ ပထမ အောင်ဝင်းဇော်တွေ့ ကတည်းက နောက်တစ်ခါက ဇေယျာဖြိုးတို့ ရလာတဲ့အချိန်မှာ သူတို့ရဲ့ ပြောတာကိုလည်း စောင့်ရသေးတယ်။ ပြောလာတဲ့အချိန်မှာလည်း စစ်ဆေးမှုလည်း စောင့်ရသေးတယ်။ ဒီလိုကျွန်တော်တို့ကဘက်က ချိန်ဆရတယ်။ အမှုရဲ့သဘောသဘာဝအရ ဒါလေးတွေ ချိန်ဆလို့ ကြန့်ကြာသွားတာပါ။ ကျွန်တော်တို့က မြန်မြန်ဆန်ဆန် ပွင့်ပွင်းလင်းလင်း ထုတ်လည်းထုတ်ချင်တယ်။ ရလည်းရချင်တဲ့ဆန္ဒ ကျွန်တော်တို့ အပြည့်ရှိပါတယ်။

■ မေး - အောင်ဝင်းခိုင်ရပ်ကွက်က သိတဲ့အတိုင်းအတာအရ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြောစကားအရ အောင်ဝင်းဇော်ဖမ်းပြီး မကြာခင်မှာ အောင်ဝင်းခိုင်အိမ်ကိုသွားပြီး ရှာဖွေတာတွေ လုပ်တယ်လို့ပြောတယ်။ အဲဒီအချိန်ကတည်းက သတင်းထုတ်ပြန်ခဲ့ရင် အောင်ဝင်းခိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်ကို လူထုကို အသိပေးခဲ့ရင် ပိုပြီးအချိန်တိုအတွင်းမှာ ဖမ်းနိုင်မယ်ဆိုတာမျိုးကို လူထုက ယုံကြည်မှုလည်းရှိတယ်။ ဒါပေမဲ့ နှစ်ပတ်ကျော်ကြာမှ သတင်းထုတ်ပြန်တဲ့ အပိုင်းကို ရှင်းရှင်းလင်းလင်းလေး သိချင်ပါတယ်။

ရဲချုပ် - သတင်းထုတ်ပြန်တာကတော့ နိုင်ငံတော်ရဲ့ အပိုင်းပေါ့။ ကျွန်တော်တို့ ရဲတပ်ဖွဲ့က သတင်းမထုတ်ပြန်ခင်ရတဲ့ evidence (သက်သေခံ) ပေါ်မူတည်ပြီး အိမ်ရှာတာတို့၊ ပိတ်တာတို့ လုပ်လို့မရသေးလို့ ကျွန်တော်တို့က နောက်မကျအောင် အပြည့်လုပ်ပြီး ပူးပေါင်းဆောင်ရွက်သင့်တဲ့ ကျွန်တော်တို့ဘက်မှာရှိတဲ့ ရပ်ကွက်တွေဆိုင်ရာ အုပ်ချုပ်ရေး ဒါတွေကတော့ ကျွန်တော်တို့ နောက်ကို နောက်မကျခဲ့ပါဘူး။ ဒါကို အသိပေးချင်ပါတယ်။

■ မေး - ခုနက ရဲချုပ်ကြီးရှင်းလင်း ပြောကြားတဲ့အထဲမှာ ပထမဆုံး တာမွေမြို့နယ် မော်ဒန်လက်ဖက်ရည်ဆိုင်မှာ တွေ့ဆုံတဲ့အခါ ကိုအောင်ဝင်းဇော်၊ ကိုအောင်ဝင်းခိုင်၊ ကိုလင်းဇော်ထွန်း အခုကြံ့ခိုင်ဖွံ့ဖြိုးရေး မိုင်းဖြတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမတ်တွေပါတယ်ဆိုတော့ ဒီနေရာမှာ ကျွန်တော်သိချင်တာက ကိုလင်းဇော်ထွန်းက ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်မှု ရှိလား၊ မရှိလား။ နောက်တစ်ခုကျတော့ ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးက လွှတ်တော်ကိုယ်စားလှယ်အချို့၊ အဖွဲ့ဝင်အချို့ကလည်း ဦးကိုနီနဲ့ ပတ်သက်ပြီး မကျေနပ်တာလေးတွေ လူမှုကွန်ရက်တွေမှာ ပြောဆိုခဲ့ဖူးတာတွေ ရှိခဲ့ဖူးတာတွေ ရှိတယ်ဆိုတော့ ပြည်သူလူထုကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်မယ်ဆိုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ ခေါင်းဆောင်တွေရဲ့ လက်ချက်လား။ ဘာကြောင့်လဲဆိုတော့ ဦးကိုနီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အင်မတန်ဆိုးရွားတယ်။ ပြုပြင်သင့်တယ်။ စစ်တပ်က အရပ်ဘက်ကို ကုတ်သွေးစုပ်ထားတဲ့ ချုပ်ကိုင်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ။ ဒါကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှသာလျှင် တိုင်းပြည်မှာ ပြောင်းလဲနိုင်မယ်ဆိုပြီး ပြောခဲ့တယ်။ အဲဒီနှစ်ခုအပေါ် အခြေခံပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ လက်ချက်လားဆိုပြီး သံသယတွေ ရှိပါတယ်။ ဒါဟာ ကျွန်တော်လုပ်ကြံပြောတာ မဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်တွေပေါ်မှာ တွေ့တဲ့အချက်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ လင်းဇော်ထွန်းလည်း ပါတယ်ဆိုတော့ အမှုကို ရှင်းပြတဲ့အခါမှာ ဘာမှဆက်ပြီး မတွေ့ရတော့ဘူးဆိုတာကို တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။

ဝန်ကြီး - ငါ့ညီမေးတဲ့မေးခွန်းက အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းဖြစ်ပါတယ်။ အစ်ကိုတို့ကလည်း ဒီလိုဟာလေး ဖြေရတာ။ ပိုတန်ဖိုးရှိပါတယ်။ အစ်ကိုတို့ စစ်သားတွေရဲ့ သဘောသဘာဝက တူတူတပ်က ထွက်ပြီးရင် စီးပွားရေးလုပ်ကြမယ်။ လူစုစားကြမယ်။ ငါ့ညီတို့လည်း သတင်းစာထဲမှာတွေ့ရင် တွေ့ကြလိမ့်မယ်။ ဂေါက်ရိုက်မယ်။ ဆရာကန်တော့ပွဲလုပ်မယ်။ ဒါတွေက အပတ်စဉ်တိုင်းလုပ်တဲ့သဘော ရှိပါတယ်။ အခုလည်း သူတို့ဟာ စီးပွားရေး အတူလုပ်တဲ့သူတွေ ဖြစ်တယ်။ လင်းဇော်ထွန်းနဲ့ အောင်ဝင်းခိုင်ကလည်း တပ်ရင်းတစ်ရင်းတည်းမှာ အတူနေခဲ့တယ်။ တပ်ကလည်း အတူထွက်ပြီးသွားပြီဆိုတဲ့ အခါကျတော့ အားတဲ့အချိန်မှာ အတူသွားစုကြတာပေါ့။ တွေ့တဲ့အချိန်မှာ ထမင်းစားကြတယ်။ သောက်ကြတယ်။ လူငယ်သဘာဝ လင်းဇော်ထွန်းကလည်း လွှတ်တော်ထဲမှာ ဦးကိုနီရဲ့ ဆရာလုပ်နေတဲ့ အခြေအနေတွေ၊ ခုနငါ့ညီပြောတဲ့ အခြေအနေတွေ အားလုံး။ မင်းတို့လည်း ကြားကောင်းကြားပါလိမ့်မယ်။ မွတ်စလင်ဟာ မြန်မာနိုင်ငံမှာ 10 Persent ဖြစ်နေပြီ။ လွှတ်တော်ထဲမှာ ၆၆ ယောက် မွတ်စလင် ရောက်ရမယ်ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးခဲ့တယ်။ ဒါမျိုးတွေ သူပြောတာအချို့လည်း ခံနိုင်ရင် ခံနိုင်လိမ့်မယ်။ အချို့လည်း ခံနိုင်ချင်မှ ခံနိုင်လိမ့်မယ်။ ဒီပေါ်မှာမူတည်ပြီး ပုဂ္ဂိုလ်ရေး မုန်းတီးမှုက ဖြစ်ခဲ့တယ်လို့ ပြောရလိမ့်မယ်။ ပြည်ခိုင်ဖြိုးပါတီတွေ ဘာတွေငါဘာမှပြောစရာ အကြောင်းမရှိဘူး။ သို့သော်လည်း လင်းဇော်ထွန်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ဒီလောက် မိုက်မဲတဲ့လူ မဟုတ်ဘူးဆိုတာ ငါ့ညီတို့ ယုံထားဖို့လိုတယ်။ လွှတ်တော်ကိုယ်စားလှယ်က လူတစ်ယောက် သတ်ဖို့တော့ မပြောဘူး။ သို့သော်လည်း ခုနငါ့ညီပြောတဲ့ မေးခွန်းတွေတော့ သူပြောလိမ့်မယ်။ လွှတ်တော်ထဲမှာ တွေ့ခဲ့တာလည်း ပြောမှာပဲ။ မကျေနပ်ချက်လည်း ပြောမှာပဲ။ အစ်ကိုက အကြီး ဒီကောင်က အငယ်၊ ငါ့ကို မကျေနပ်ချက်လည်း ပြောမှာပဲ။ တပ်ချုပ်မကျေနပ်ချက်လည်း ပြောရင်ပြောမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် မကျေနပ်ချက်လည်း ပြောရင် ပြောမှာပဲ။ လူငယ် သဘောသဘာဝ စုစည်းပြီး ပြောတယ်ဆိုတာကို ငါ့ညီလက်ခံလား။ မင်းတို့ရော လက်ဖက်ရည်ဆိုင်ရောက်ရင် အချင်းချင်း ငါ့ညီနဲ့ တည့်တဲ့လူကျရင် အကောင်းပြောမယ်။ ငါ့ညီမ ကျေနပ်တဲ့လူကျရင် မကောင်းကြောင်းပြောမယ်။ ဒီခေတ် သဘောသဘာဝက ရှိတယ်လေ။ လူငယ်သဘောသဘာဝ ဒီလိုပြောတဲ့ အပေါ်မှာ မူတည်ပြီးတော့မှ ဟိုနှစ်ယောက်က မုန်းတီးမှုပိုများပြီး လုပ်ကြံသွားတယ် ဆိုတာကို အစ်ကိုတို့က ထွက်ဆိုချက်တွေအရ ပြောနေရတာ။ ဒီအနေအထားလေးပါပဲ။

■ မေး - ကိုလင်းဇော်ထွန်းနဲ့ ပတ်သက်ပြီး ခေါ်ယူမေးမြန်းတာ ရှိ မရှိ သိလိုပါတယ်။

ရဲချုပ် - ခုနက ကျွန်တော်ရှင်းလင်းချက်ထဲမှာလည်း အပြည့်အစုံ ပါပြီးပါပြီ။ ဦးလင်းဇော်ထွန်းအပြင် ကျွန်တော်တို့က ဟောင်ကောင်မှာရှိတဲ့ သံရုံးဝန်ထမ်းတွေကအစ ပေါ်ပေါက်ချက်ပေါ်မူတည်ပြီး ကျွန်တော်တို့ အားလုံးကို ခေါ်ယူမေးမြန်းခဲ့ပြီး ဖြစ်ပါတယ်။ မထိမ်ချန်ပါဘူး။ ဦးလင်းဇော်ထွန်းကိုလည်း ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်။

■ မေး - ကိုဇေယျာဖြိုး သူနဲ့ရင်းနှီးတဲ့လူတွေ အပတ်စဉ် တစ်ခုတည်းဆင်းတဲ့သူအချို့နဲ့ မေးမြန်းစုံစမ်းကြည့်တဲ့ အခါမှာ ကိုဇေယျာဖြိုးဟာ ဘာသာရေးလိုက်စားတဲ့သူ ဖြစ်တယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆရာတော်တွေနဲ့ ပတ်သက်ပြီး ထိစပ်ပြီး သွားလာဝင်ထွက်တယ်ဆိုတာ ရင်းနှီးတဲ့လူတွေဆီက ကြားသိရတယ်။ နောက်ပြီး ဓာတ်ပုံအထောက်အထားတွေ ဒီဓာတ်ပုံတွေကလည်း လူမှုကွန်ရက်မှာ တွေ့ရတဲ့အခါကျတော့ မှန် မမှန် စိစစ်တဲ့အခါမှာ မှန်ကန်တယ်ဆိုတာကို စိစစ်တွေ့ရှိခဲ့ရတယ်။ နောက်ပြီး ဒီဓာတ်ပုံတွေဟာဆိုလည်း အများပြည်သူမြင်ကွင်းမှာ ရိုက်တဲ့ဓာတ်ပုံတွေ မဟုတ်ဘဲနဲ့ ပုဂ္ဂလိကသဘောမျိုး တွေ့ဆုံကြတယ်ဆိုတော့ ကိုဇေယျာဖြိုးဟာ မ.ဘ.သ ဆရာတော်တွေနဲ့ ချိတ်ဆက်ပြီး တိုင်ပင်ခဲ့တာ ရှိ မရှိ သိလိုပါတယ်။ ကိုဇေယျာဖြိုးဟာ ထောက်လှမ်းရေးက ဆင်းခဲ့တဲ့သူဆိုတော့ ဒီကိစ္စကိုလုပ်တဲ့အခါမှာ ထောက်လှမ်းရေး အရာရှိကြီးတွေ၊ အရာရှိငယ်တွေ ဆက်စပ်ခဲ့တာ၊ ဆွေးနွေးခဲ့တာ၊ တိုင်ပင်ခဲ့တာ၊ ညှိနှိုင်းခဲ့တာ ရှိ မရှိ သိလိုပါတယ်။

ပြည်ထဲရေးဝန်ကြီး - သူ့ကုမ္ပဏီထဲမှာ ထောက်လှမ်းရေးက ထွက်သွားတဲ့လူတွေ ပါတယ်ဆိုတာ အစ်ကိုတို့ သိရတယ်။ အစ်ကိုတို့ မေးကြည့်တယ်။ စစ်ဆေးတယ်။ ဖော်ထုတ်တယ်။ သို့သော်လည်း တပ်မတော် ထောက်လှမ်းရေး လုပ်တဲ့လူတွေက တိုင်းပြည်သစ္စာဖောက်တဲ့ လူတွေမှ မဟုတ်တာကွ။ အဲဒီအတွက် ဒီလူတွေ သတ်စရာ ဘာအကြောင်းမှမရှိဘူး။ ဒီအပေါ်မှာလည်း ဘာမှလုပ်စရာမရှိဘူး။ မ.ဘ.သ ကိစ္စမှာ ယုံကြည်မှု၊ ကိုးကွယ်မှုဆိုတာ ရှိကောင်းရှိနေနိုင်ပါတယ်။ ထွက်ဆိုချက်တွေအရ သူ့ရဲ့မိဘတွေဟာ ဆရာအရင်း ဒကာအရင်းတွေ ဖြစ်နေတာ။ ဒါတွေလည်း ငါ့ညီတို့ သိကောင်းသိကြပါလိမ့်မယ်။ အခု ဖမ်းတော့လည်း သူဟာ တစ်နှစ်တစ်ခါ ဘုန်းကြီးဝတ်တယ်။ ကိုရင်ဝတ်တယ်။ အဲဒီလိုဝတ်တဲ့ အချိန်မှာ သွားဖမ်းရတာ။ သူကိုယ်တိုင်က ဘာသာရေး ယုံကြည်တယ်။ သို့သော်လည်း ဘုန်းကြီးတွေက သတ်မယ်လို့ ဘယ်သူက ပြောမလဲ။ တို့ဗုဒ္ဓဘာသာက သတ်ဖို့လည်း မပါဘူး။ ဒါဟာ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားတော့ ငါ့ညီတို့ စဉ်းစားစေချင်တယ်။ တို့က ဗုဒ္ဓဘာသာလူမျိုးက လုပ်တဲ့အတွက် အင်မတန်ရှက်တယ်။ ပြောရမှာလည်း ရှက်တယ်။ တပ်မတော်အရာရှိဖြစ်တဲ့ အတွက်လည်း ရှက်တယ်။ အရင်တုန်းက ဖြစ်စဉ်တွေလည်း ကြားဖူးပါလိမ့်မယ်။ ဦးနေ၀င်း လက်ထက်တုန်းက ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဗိုလ်ကြီးဝင်းသိန်းတို့ အန်ကယ်ဦးဝင်းထိန်တို့ မအောင်မြင်တဲ့ အာဏာသိမ်းမှုတွေ မကျေနပ်ချက်ပေါ် မူတည်ပြီးတော့ ရူးရူးမိုက်မိုက် လုပ်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတာလည်း စဉ်းစားစရာတွေက အများကြီး ဖြစ်ပါတယ်။ ငါ့ညီတို့မေးတဲ့ မေးခွန်းတွေက အားလုံးကောင်းပါတယ်။ ငါတို့ဘက်ကတော့ တရားဥပဒေစိုးမိုးရေး အစ်ကိုတို့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိတယ်။ အဲဒါကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ကိစ္စ မှန်သမျှကို အစ်ကိုတို့ ၀န်ကြီးဌာနက အစွမ်းကုန်လုပ်ပေးမယ်။ ဒီအတွက်လည်း ငါ့ညီတို့က ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးပါ။ အစ်ကိုတို့ဘက်က လိုအပ်ချက်ရှိလည်း ငါ့ညီတို့ဘက်က ပြောပေးပါ။ အစ်ကိုတို့ဘက်က လိုအပ်ချက်ရှိလို့ ညီလေးဆီကို အကူအညီတောင်းတဲ့ အခါလည်း ပေးစေချင်တယ်။ အားလုံး အစ်ကိုတို့နဲ့အတူ ၀ိုင်းဝန်းပြီး ဒီထက်ကောင်းတဲ့ အဖြေရအောင် တစ်ယောက်နဲ့တစ်ယောက် အမုန်းစကားမပွားဘဲနဲ့ ကြိုးစားပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။



Eleven Media Group

No comments:

Post a Comment