Latest News

Monday, January 16, 2017

YBSဖြင့် ဘုရင့်နောင်လမ်းမှ သခင်မြပန်းခြံ စီးကြည့်သောအခါ

YBSဖြင့် ဘုရင့်နောင်လမ်းမှ သခင်မြပန်းခြံ စီးကြည့်သောအခါ


တင်ဝင်းလေး(ကြည့်မြင်တိုင်)

ဇန်နဝါရီ ၁၆ ရက်မှစတင်၍ ရန်ကုန်မြို့၏ သယ်ယူပို့ဆောင် ရေးကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့မှ စတင်တာဝန်ယူလိုက်ပြီဖြစ်သည်။

နံနက်ဝေလီဝေလင်းကတည်းကပင် အဖြူရောင်တီရှပ် ကိုယ်စီဖြင့် လုပ်အားပေးလမ်းညွှန်မှုပြုလုပ်မည့် လူငယ်များက မှတ်တိုင်ကိုယ်စီ၌ ရောက်နေကြပြီဖြစ်သည်။

နံနက် ၈ နာရီကျော် ၉ နာရီခန့်တွင် ခရီးသွားပြည်သူများ ၏ ညည်းညူသံတို့က တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ စတင် ကြားလာရပြီဖြစ်သည်။ အချို့ကလည်း ''အစမို့ပါ၊ နောက် တစ်ပတ်နှစ်ပတ်လောက်ဆို အသားကျပြီး အဆင်ပြေသွား မှာပါ'' ဟု ဆိုကြသည်။

YBS ဖြင့် ရွှေပေါက်ကံ(ဆင်ပုံ)၊ လှိုင်သာယာ (တူး ချောင်း)၊ ရွှေပြည်သာ(လိန်ကုန်း)၊ သခင်ပြပန်းခြံခရီးကို လိုက်စီးကြည့်ခဲ့သည်။ နံနက် ၅ နာရီတွင် ဂိတ်များအဆင်သင့် မဖြစ်သေး၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များ (ဈေးသည်များ) အခက်အခဲနှင့် စတင်ကြုံတွေ့ခဲ့ရသည်ဟု ဆိုကြသည်။
လှိုင်သာယာ(တူးချောင်း) ၂၃ အပြာလိုင်းကားစီးမည့် ခရီးသည်တစ်ဦးက ''မနက်က တူးချောင်းမှာ ကားတွေအဆင် မပြေလို့ ဆူးလေကို တက္ကစီစုပြီးငှားစီးရပါတယ်။ ငွေကျပ် ၆၅ဝဝ ပေးလိုက်ရတယ်။

အခုဈေးကအပြန် (နံနက် ၁ဝ နာရီခွဲ ခန့်) ကျတော့ အဆင်ပြေပြေနဲ့ နေရာပါရလို့တော်သေးတယ်'' ဟု ဆိုသွားသည်။
ဘုရင့်နောင်လမ်းမကြီး တစ်ကြောတစ်လျှောက်တွင် ထပ်မံတွေ့ရသော လိုင်းကားမှာ နံပါတ် ၄ဝ(အပြာ) ဖြစ်သည်။ ယင်းနံပါတ် ၄ဝ မှာလည်း လိုင်းနံပါတ် ၁၉/၂၃ ကဲ့သို့ပင် အစဉ်မပြတ် တွေ့မြင်နေရသည်။ ဂိတ်များက နှစ်မိနစ်၊ တစ် မိနစ်နှုန်း၊ ငါးမိနစ်တစ်စီးနှုန်းဖြင့် လွှတ်နေသည်ဟု သိရသည်။

သို့သော် မြို့တွင်းအဝင်အစ သခင်မြပန်းခြံဂိတ်အဆုံး လိုင်းကားပေါ်၌ ဆင်းလိုက်စဉ်တွင် မြို့တွင်းသို့ သယ်ယူပို့ဆောင် ပေးမည့် ယာဉ်လိုင်းကို စောင့်မျှော်နေသည့် လူအုပ်ကြီးက ကြောက် စရာကောင်းလောက်အောင် များပြားနေသည်ကို တွေ့လိုက် ရသည်။Volunteer အမျိုးသမီးတစ်ဦးက မြို့ထဲ သွားသည့် လိုင်းကားအားလမ်းညွှန်လိုက်သည်နှင့် လူအုပ်ကြီး က အပြေးအလွှား အလုအယက် သူ့ထက်ငါဦးအောင် ပြေးတက်ကြသည်။ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ ကျန်ရစ်ခဲ့ကြသည်။ ကျန်သည့်လူအုပ်ကြီးက လျော့သွား သည်ဟု မထင်မိအောင် များနေဆဲဖြစ်သည်။

ဤသခင်မြပန်းခြံ (ကမ်းနားလမ်းဂိတ်)တွင် လိုင်းကားစီး မည့် ခရီးသည်များ အလွန်များပြားနေသည့်အတွက် သခင်မြ ပန်းခြံအပေါ် (ဗိုလ်ချုပ်အောင်ဆန်း လမ်းဂိတ်)သို့ အရောက် သွားခဲ့ရာ ထိုနေရာတွင်လည်း လိုင်းကား ကို စောင့်မျှော်နေကြ သူများကို တွေ့ရသည်။

သယ်ယူပို့ဆောင်ရေးစနစ် အပြောင်းအလဲတွင် အဝေး ပြေးယာဉ်လိုင်းများ အပြင် အခြားကုမ္ပဏီအဖွဲ့အစည်းယာဉ်များက ဆူးလေအထိ အခမဲ့ပြေးဆွဲပေးကြသည်။ ယာဉ်တိုင်း ခရီးသည်အပြည့် ခြေနင်းခုံအထိပင် မတ်တတ်ရပ်လိုက်ပါသွား ကြသည်ကို တွေ့နေရသည်။

Sources; တင်ဝင်းလေး(ကြည့်မြင်တိုင်)ပြန်/ဆက်

No comments:

Post a Comment