Latest News

Monday, January 16, 2017

ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုများ အနည်းငယ်လျော့နည်းလာ

ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုများ အနည်းငယ်လျော့နည်းလာ

ရန်ကုန် ဇန်နဝါရီ ၁၆

Yangon Bus Service-YBS ယာဉ်လမ်းကြောင်းများဖြစ်သော ရန်ကုန်မြို့ ဘတ်စ်ကားပြေးဆွဲမှု စနစ်သစ်ကို ယနေ့နံနက်ပိုင်းက စတင်လိုက်ပြီဖြစ်၍ ခရီးသည်တင်ယာဉ်များ နည်းပါးနေသေးသော်လည်း ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုများ အနည်းငယ် လျော့နည်းသွားကြောင်း ခရီးသွား ပြည်သူများက ပြောသည်။

ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းတွင် နေထိုင်သော လမ်း ၅ဝ မှတ်တိုင် တွင်လုပ်အားပေးနေသည့် ကိုသီဟ မျိုးအောင်က ''ကျွန်တော်တို့ လုပ်အားပေးတွေအနေနဲ့ ခရီးစဉ် လမ်းကြောင်းမသိသေးတဲ့ ပြည်သူတွေ အတွက် ငါးရက်ကြာ ကူညီပေးသွားမှာပါ၊ ကျွန်တော် ဒီမှတ်တိုင်ကို မနက် ၁၁ နာရီခွဲက ရောက်နေတာပါ။ ခရီးစဉ်အတွက် မေးမြန်းတဲ့ခရီးသည်တွေ ရှိပါတယ်။ အဓိကတော့ ဒီကနေ လှိုင်သာယာ သွားချင်တဲ့သူက များတယ်။ ယာဉ်လိုင်းနံပါတ် ၅၈ ကျတော့ ယာဉ်အစီးရေ နည်းပါးတယ်လို့ ထင်ရတာကလည်း စစချင်းမို့ပါ။ လိုင်သာယာသွားမယ်ဆို ဒီကနေတစ်ဆင့် သခင်မြ ပန်းခြံကို စီးပြီး အဲဒီကနေတစ်ဆင့် ပြန်ပြောင်း စီးရမယ်လို့ ခရီးသည်တွေကို ကူညီပြောပေးပါတယ်။ ခုက မှတ်တိုင်တွေမှာ လူအုံနေတယ်ဆိုပေမယ့် ကျန်တာတွေကတော့ အဆင်ပြေပါတယ်။

ယာဉ်တွေကလည်း ခုမှအသစ်ပြန် ပြေးဆွဲတာဆိုတော့ အစီးရေနည်း ပါး သေးတယ်ဆိုပေမယ့် အခြား အခမဲ့ ယာဉ်တွေကလည်း ကူညီနေကြတာ ဆိုတော့ ခရီးသည်တွေအတွက် အဆင်ပြေပါတယ်။ ခုက ယာဉ်လိုင်း အသစ်နဲ့ ခရီးစဉ်အသစ်တွေ ပြောင်းလဲသွားတယ်ဆိုတော့ ခရီးသည် တွေအတွက် အခက်အခဲဖြစ်တယ် ဆိုပေမယ့် စနစ်တစ်ခုကနေ တစ်ခု ပြောင်းလဲတာဆိုတော့ ခဏတော့ အချိန်ပေးပြီး စောင့်ကြည့် သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရန်ကုန်မြို့ ဘတ်စ်ကားပြေးဆွဲမှုစနစ်သစ် ကို ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆို ပါတယ်''ဟု ဆိုသည်။

သန်လျင်မြို့နယ် အုတ်ဖိုစုရပ်ကွက်၌ နေထိုင်သော ကိုနန္ဒာလင်းမြင့်က ''ကျွန်တော်က ဟာမစ်တစ်မှတ်တိုင် အနီးမှာ အလုပ်လုပ်ကိုင်တာပါ။ အရင်တုန်းကဆို သန်လျင်ကနေ ဆူးလေမှတ်တိုင်ကိုတစ်ဆင့် ဘတ်စ်ကားစီးပြီး ဆူးလေကနေမှတစ်ဆင့် ဟာမစ်တစ်မှတ်တိုင်ကို တိုက်ရိုက်ကား စီးလို့ရပါတယ်။ ဒီနေ့ကစပြီး ယာဉ် လိုင်းအသစ်နဲ့ ခရီးစဉ်လမ်းကြောင်း တွေပြောင်းလဲသွားတော့ သန်လျင်ကနေ ဗိုလ်တထောင်ဘုရားမှတ်တိုင်ကို ဘတ်စ်စီးရပါတယ်။ အဲဒီကနေ တစ်ဆင့် ဆူးလေမှတ်တိုင်ကိုစီးပြီး ဆူးလေကနေတစ်ဆင့် ကားပြန် ပြောင်းစီးရတော့ ဒီနေ့အလုပ် နောက်ကျပြီး တအားဒုက္ခရောက်ခဲ့ပါတယ်။ ကားသုံးဆင့်စီးရတော့ ယာဉ်စီးခ ငွေကျပ် ၆ဝဝ ကုန်ကျပြီး အချိန်အကြာကြီးစောင့် လိုက်ရပါတယ်။ အရင်ကဆို ကားစီးရတာ အဆင်ပြေပါတယ်။ ခုကကားက အရမ်းကျပ်တော့ ကျွန်တော်တို့ ခရီးသည်တွေက ကားပေါ်မှာ ခြေချ စရာနေရာတောင်မရှိဘူး ဖြစ်နေပါ တယ်။ တော်တော်အခက်အခဲ ဖြစ်ရပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ ဘတ်စ်ကား ပြေးဆွဲမှုစနစ်သစ်ကို ကြိုဆိုပေမယ့် ခုလို ခရီးစဉ်တွေ ပြောင်းလဲပြီး ခရီးသည်တွေ အခက်အခဲဖြစ်ရတာကြောင့် အရင်လို ခရီးစဉ်တွေကိုပဲ တာဝန်ရှိသူတွေက ပြန်လည်သုံးသပ်ပြီး အဆင်ပြေအောင် ပြုလုပ်စေချင်ပါတယ်''ဟု ဆိုသည်။

Sources; သတင်းနှင့်ဓာတ်ပုံ (စိုးဝင်း-MLA)

No comments:

Post a Comment